Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီမယ့် အမျိုးသားရေးဝါဒ


APTOPIX Myanmar Ethnic Wars
APTOPIX Myanmar Ethnic Wars

ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး ရည်မှန်းချက်တွေ လက်တွဲ လုပ်ဆောင်နေကြသလို၊ ကတိစကားတွေ နဲ့အတူ ဆွေးနွေးညှိနှိုင်းမှုတွေလဲ ကြားနေရပါတယ်။ တချိန်တည်းမှာပဲ လူမျိုးတမျိုးချင်းစီကို အခြေပြုတဲ့ Ethnic-nationalism ဟာလဲ အရှိန်အဟုန် မြင့်မားနေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီ "လူမျိုးအခြေပြု အမျိုးသားရေးဝါဒ" သည် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီပါရဲ့လား။ ဖက်ဒရယ်ပြည်ထောင်စုအတွက် တကယ်လိုအပ်တဲ့ အမျိုးသားရေးဝါဒက ဘယ်လို ဖြစ်သင့်ပါသလဲ။ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိပါသလဲ။ နိုင်ငံရေးသုံးသပ်သူ ဆောင်းပါးရှင် စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ အခု မြန်မာနိုင်ငံမှာ အာဏာရထားတဲ့ စစ်ကောင်စီနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဘက်ကရော စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် ကျယ်ကျယ်လောင်လောင်ပဲ ပြောဆိုနေကြပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားအားလုံးလိုလိုကလဲ သူတို့တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသားအမျိုးသားရေးဝါဒ Ethnic Nationalism or Ethnonationalism သူတို့ယဉ်ကျေးမှု၊ သူတို့ဒေသကို အခြေခံတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို အစွမ်းကုန်မြှင့်တင်ပြီးတော့ ကြွေးကြော်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဆိုတော့ တဘက်မှာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်အောင် တပေါင်းတစုတည်း ဖွဲ့စည်းကြမယ်။ အခြားတဘက်မှာတော့ တိုင်းရင်းသားတွေဟာ အကုန်လုံး သူ့အမျိုးသားရေးဝါဒကို သီးခြားစီ ကြွေးကြော်နေကြတယ်ဆိုတော့ ဒီလိုဖြစ်စဉ်နှစ်ခုဟာ တူညီတဲ့လမ်းကို သွားနေကြပါရဲ့လား။ တစည်းတလုံးတည်းသော ပြည်ထောင်စုဖြစ်တည်ရေးကို ဦးတည်နေပါသလား။ သို့တည်းမဟုတ် အဲဒီလမ်းနဲ့များ ဖီလာဆန့်ကျင်ဖြစ်နေသလား။ စိုင်းဝမ်ဆိုင် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကျနော့်အမြင်မှာတော့ ဒီနေ့ခေတ်တိုးတက်နေတဲ့ နိုင်ငံရေးအခြေအနေကို ထောက်ကြည့်လို့ရှိရင်တော့ အကောင်းမြင်ဝါဒဘက်ကနေ ကျနော် ကြည့်လို့ရတယ်။ အခု မြန်မာပြည်ရဲ့ သမိုင်းမှာ တခါမှမဖြစ်ဘူးသေးတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ ပေါင်းစည်းသွားတယ်လို့ ကျနော်က အဲဒီလိုမြင်တယ်။ ဒါက ကောင်းတဲ့ တိုးတက်ဖြစ်ပေါ်မှုလိုပဲ ယူဆတယ်။

မေး ။ ။ ဒါပေမဲ့ ကျနော် အဓိကသိချင်တာက တချိန်တည်းမှာပဲ တိုင်းရင်းသားတွေက သူတို့သီးခြားအမျိုးသားရေးဝါဒကို အများကြီးအစွမ်းကုန်မြှင့်ပြီးတော့ ကြွေးကြော်နေကြပါတယ်။ ဒီလိုတိုင်းရင်းသားတွေရဲ့ သီးခြားအမျိုးသားရေးဝါဒကို ကြွေးကြော်လာခြင်းသည် ဘာနဲ့ဆက်စပ်နေသလဲဆိုတော့ တချိန်တုန်းက ဗမာတို့ရဲ့ Chauvinism လူမျိုးကြီးဝါဒကို သူတို့လက်မခံဘူးဆိုတဲ့ သဘောနဲ့ တလမ်းတည်းသွားနေတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ကျနော်က အဲဒါကို မေးချင်တာ။ အယူဝါဒအားဖြင့် အဲဒီလိုပြောနေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု တခုတည်းဖြစ်မြောက်ရေးအတွက် ဘယ်လိုရိုက်ခတ်နိုင်သလဲ။ ကန်ထွက်ချင်တဲ့ သဘောလား။ စုစည်းချင်တဲ့သဘောလား - သဘောတရားအားဖြင့်။

ဖြေ ။ ။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ကျနော်ကတော့ စုစည်းချင်တဲ့သဘောလို့ ယူဆတယ်။ ဘာကြောင့် အဲဒီလိုယူဆသလဲဆိုတော့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလည်း တထီးတနန်း တည်ထောင်ဖို့ကလည်း မဖြစ်နိုင်ဘူးဆိုတာ သူတို့က သေချာသိနေကြတယ်။ အပြည်ပြည်ဆိုင်ရာ Norm ရဲ့ ဖြစ်ပေါ်မှုအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာ အရင်တုန်းက ကချင်၊ ရှမ်း၊ ကရင်အားလုံးက လွတ်လပ်ရေးပဲ သူတို့က ပြောတာ။ လုံးဝလွတ်လပ်ရေး။ အခုတော့ သူတို့က ဖက်ဒရယ်စနစ် Federalism ပြောလာတယ်။ ဆိုတော့ သူတို့က အတူတူပူးပေါင်းနေထိုင်ရေးကို လိုလားတယ်လို့ ကျနော်က ယူဆတယ်။ အဲဒါကြောင့်မို့ အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုတာ သိပ်ပြီးအခြေအနေ မပေးဘူးလို့ ကျနော်ကတော့ အဲဒီလိုယူဆတယ်။ အဲဒါကြောင့်မို့ ဒီနေ့ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေက စုစည်းမှုကို ပိုပြီးသွားတယ်လို့ တွေ့ရတယ်။

မေး ။ ။ နောက်တခုက တန်းတူဖြစ်မှုကို အခြေခံရမယ်။ သူတို့ အဓိကလိုချင်ကြတာ။ တိုင်းရင်းသားတွေအတွက် ဖန်တီးပေမယ့် ပြည်နယ်တွေ။ တိုင်းရင်းသားတွေဟာ ဖက်ဒရယ်ပြည်ထောင်စုထဲမှာပါတဲ့ အစိတ်အပိုင်းတွေ။ ဖက်ဒရယ်ယူနစ်တွေအဖြစ် သူတို့ဒေသတွေက ပါဝင်လာမယ်။ အဲဒီဒေသတွေက ရရှိလိုတဲ့ အခွင့်အရေးကိုကော ပြည်ထောင်စုဗဟိုအစိုးရအနေနဲ့ ဘယ်လောက်အထိ လိုက်လျောနိုင်မယ့် အတိုင်းအတာ ရှိပါသလဲ။ အဲဒီကိစ္စမှာကော ပြဿနာမပေါ်နိုင်ဘဲနဲ့ အဆင်ချောမွေ့သွားလိမ့်မယ်လို့ ယူဆပါသလား။

ဖြေ ။ ။ အခုလောလောဆယ် ဗဟိုအစိုးရလို့ ကျနော်တို့ ပြောတဲ့အခါမှာ စစ်အုပ်စုက မောင်းမယ်စီးထားတဲ့ အစိုးရရယ်၊ စစ်အုပ်စုကို တော်လှန်နေတဲ့ NUG အစိုးရ နှစ်ဖွဲ့ရှိတယ်။ နှစ်ဖွဲ့စလုံးကပြောတာ သူတို့က ဖက်ဒရယ်စနစ်ကို သွားမယ်။ ဒါပေမဲ့ NUG ကတော့ ပိုပြီးတော့ သမာသမတ်ရှိတဲ့ ဗမာတွေလွှမ်းမိုးထားတဲ့ အဖွဲ့အစည်းလို့ ပြောနိုင်တယ်။ ဆိုတော့ အဲဒီအဖွဲ့အစည်းနဲ့ တွဲပြီးတော့ အတူတူအလုပ်လုပ်မယ်ဆိုရင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုက အကောင်းဘက်ကိုသွားမယ်။ ဒါပေမဲ့ အဲဒီအကောင်းဘက်ကိုသွားဖို့ဆိုတဲ့နေရာမှာ ကျနော်တို့က နိုင်ငံရေးအရ အတွေးအခေါ်အသစ်တွေလိုတယ်။ အဲဒီအသစ်က ဘာလဲဆိုတော့ Civic Nationalism လို့ခေါ်တဲ့ ပြည်သူ့အမျိုးသားရေးဝါဒ ဖြစ်တယ်။ သို့မဟုတ် ပြည်သူအခြေခံ အမျိုးသားရေးဝါဒ။ အဲဒီဝါဒကို ကျနော်တို့က အတွေးအခေါ် သို့မဟုတ် သီအိုရီအရ အမြင်ကျယ်တဲ့အမြင် အသုံးပြုမယ်ဆိုရင် အဲဒီနေရာမှာ အသုံးပြုလို့ရမယ်။ အဲဒီအခြေအနေမျိုုးကနေသွားမယ်ဆိုရင် ကျနော်ထင်တာ နိုင်ငံရေးခြေလှမ်းတွေက ကောင်းလာလိမ့်မယ်။

မေး ။ ။ ကျနော် ဒီနေရာမှာ ဆက်ပြောချင်တာက အခုလို Ethnonationalism, Culture-nationalism ကနေ Civic-nationalism လို့ခေါ်တဲ့ ပြည်သူ့အမျိးသားရေးဝါဒ အကုန်လုံးပြည်သူကို တဘောင်တည်းကိုယ်စားပြုတယ်ပေါ့။ အဲဒီအထဲမှာ မတူကွဲပြားသူတွေလည်းပါမယ်။ ဒီဟာတွေကိုလည်း သူတို့လက်ခံရမယ်ဆိုတော့ အဲဒီလို အတွေးအခေါ်မျိုး။ အဲဒီအမျိုးသားရေးဝါဒမျိုး ဖြစ်ထွန်းလာဖို့အတွက် NUG အစိုးရဘက်ကရော အဆင်သင့်ဖြစ်ပြီလို့ ထင်ပါသလား။ ဘာတွေများ ဆက်လုပ်ဖို့ လိုပါသေးလဲ။ အဲဒီလိုဖြစ်ကြောင်း ပြသဖို့အတွက်။ ပြည်သူတွေ လက်ခံလာအောင်လို့။

ဖြေ ။ ။ NUG အစိုးရက Federal Charter ဆိုတာကို ထုတ်ထားတယ်။ အဲဒီ Federal Charter ကတော့ ကြည့်ရတာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြမ်း အဲဒါကို NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ထုတ်ထားတာ။ အဲဒီအပေါ်မှာ သူတို့က တော်တော်အခြေခံတယ်။ အဲဒါကို အခြေခံတယ်ဆိုရင်တော့ Ethnic Nationalism အပေါင်း Civic Nationalism ကို ညွှန်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေလို့ မြင်လို့ရတဲ့အတွက် အဲဒါကဖြစ်မယ်။

မေး ။ ။ ဒါကတော့ ခေါင်းဆောင်ပိုင်းပေါ့။ တိုင်းရင်းသားတွေနဲ့ ဗမာပြည်သူတွေကြားမှာ ဒီလိုဖြစ်လာနိုင်မယ့် အလားအလာ မြင်ပါသလား။ ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပထမပြောမယ်ဆိုလို့ရှိရင် People’s Defense Force (PDF) ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တကယ်တမ်းက ဖွဲ့စည်းပေးလိုက်တာလဲ NUG က ဖွဲ့စည်းပေးလိုက်တာ။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေက သူတို့က ဗမာတွေအများစုနေတဲ့ နေရာမှာတင် ဖြစ်နေတာမဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်တွေမှာလည်း အကုန်လုံးသွားပြန့်နေတယ်။ တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်က လူတွေကလည်း သူတို့နဲ့ တကျိတ်တည်းတဉာဏ်တည်း အတူတူသွားချင်တဲ့ ပုံစံရှိတယ်။ အဲဒီအခါကြတော့ ကျနော်တို့လုပ်ချင်တာကိုလဲ ဆက်စပ်ပြီး လုပ်လို့ရတယ်။ ကျယ်ပြန့်လာမယ်။

မေး ။ ။ စိုင်းဝမ်ဆိုင်းကတော့ နိုင်ငံရေးအခြေအနေကို အဓိကဦးစားပေးပြီးတော့ ပြောနေတယ်။ အဲဒါက နိုင်ငံရေးအခြေအနေပြောင်းရင် ဘယ်လိုဖြစ်လာမယ် ဘာညာ။ ကျနော်ကတော့ လူထုရဲ့ အတွေးအခေါ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေးတွေ ဘာတွေကော ပြုပြင်ဖို့ မလိုဘူးလား။ ဆိုကြပါစို့ မြန်မာနိုင်ငံမှာ အစဉ်အဆက် သမိုင်းသင်လာကြတာ ဗမာကျောရိုးပြု Burman Centrist History သင်လာခဲ့တာ။ အဲဒီသမိုင်းထဲမှာ တိုင်းရင်းသားတွေရဲ့ အစဉ်အလာ၊ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအဆင့်အတန်း ဘာညာကို သိပ်အသိအမှတ်ပြုထားတဲ့ သမိုင်းမျိုး မဟုတ်ဘူး။ တချို့က အဲဒါပြပြီး ထောက်ပြကြတယ်။ ဒီဟာတွေကစပြီး ပြင်ရမယ် ဘာညာ။ အဲဒါနဲ့ ကိုက်ညီတဲ့ Civic Nationalism ထွန်းကားနေအောင် လူမှုရေး အတွေးအခေါ်ပိုင်းကော ပြုပြင်ဖို့ မလိုဘူးလား။

ဖြေ ။ ။ တကယ်တမ်းကတော့ Awareness Building ခေါ် လူထုကို ပညာပေးတာ - နိုင်ငံရေးအရ မှန်ကန်တဲ့လမ်းစဉ်ရောက်အောင်။ အဲဒီအပိုင်းက ကျနော်တို့မှာ အာဏာမရှိရင် လုပ်ရတာနှေးပြီး၊ အာဏာရှိရင် လုပ်ရတာမြန်မယ်။ ဆိုတော့ကာ အာဏာရှိတယ်ဆိုလို့ရှိရင် တော်လှန်ရေးအဖွဲ့အစည်းတွေ အာဏာရှိတဲ့နေရာမှာ သူတို့လွှမ်းခြုံစိုးမိုးထားတဲ့ နေရာတွေမှာ သူတို့လုပ်လို့ရတယ်။ အဲဒါကိုလဲ တချို့အပိုင်းတွေမှာ လုပ်နေကြတယ်။ အင်တာနက်တွေ ဘာတွေမှာ တွေ့နေရတယ်။ ဦးကျော်ဇံသာပြောသလို ထိထိရောက်ရောက် Program တခုအနေနဲ့ လုပ်မယ်ဆိုရင်လဲ ဒါက ကောင်းတဲ့အလုပ်ပေါ့။ မလုပ်ဘဲနဲ့ သီအိုရီအရ ရှိနေမယ်ဆိုရင်လဲ အလုပ်မဖြစ်ဘူး။ ဆိုတော့ လူထုကို အမြင်ကျယ်တဲ့ implementation ဘောင်တခုကို နားလည်အောင် အသိပညာရှင်၊ အတတ်ပညာရှင်တွေက ရှင်းပြမယ်။ နောက်ပြီးတော့ အဲဒီလမ်းစဉ်ကိုလည်း ဆန့်ကျင်ဘက်ခေါင်းဆောင်တွေက လက်ခံမယ်ဆိုရင်တော့ ကျနော်ထင်တယ် လုပ်လို့ရတယ်။

မေး ။ ။ စိုင်းဝမ်ဆိုင်းကတော့ NUG နဲ့ NUCC တို့က ရေးဆွဲထားတဲ့ ပြည်ထောင်စုပဋိညာဉ်ကို စေ့စေ့လေ့လာထားပြီးပြီလို ထင်ပါတယ်။ အဲဒီအထဲမှာ ကြည့်ရတာ Civic Nationalism ပြည်သူကိုအခြေပြုသော အမျိုးသားရေးဝါဒ၊ တိုင်းရင်းသားတဦးချင်း၊ ယဉ်ကျေးမှုတခုချင်းကို အခြေပြုတဲ့ အမျိုးသားရေးဝါဒ မဟုတ်သော၊ ပြည်သူအားလုံးကို အခြေပြုသော အမျိုးသားရေးဝါဒအတွက် အဲဒီထဲမှာ ဘယ်လောက်အထိများ အဲဒီသဘောတရားကို ဖော်ညွှန်ထားပါသလဲ။

ဖြေ ။ ။ အမှန်တိုင်းပြောရရင် အဲဒါကို ကျနော် ဂဃနဏ မဖတ်ထားဘူး။ ဒါပေမဲ့ သူ့ရဲ့ Basic Points တွေကို ကြည့်ရတာတော့ အဲဒီလမ်းကို သွားနေတယ်လို့ ကျနော်က အဲဒီလိုယူဆတယ်။ အဲဒီလမ်းကို သွားနေတယ်ဆိုရင်တော့ သူတို့က Ethnic Nationalism လို့ခေါ်တဲ့ လူမျိုးအခြေခံ အမျိုးသားရေးဝါဒ မကောင်းတဲံအပိုင်းတွေကို ပယ်ဖျက်ပြီး၊ ကောင်းတဲ့အပိုင်းတွေကိုယူ။ နောက်ပြီး Civic Nationalism လို့ခေါ်တဲ့ ပြည်သူ့အခြေပြု အမျိုးသားရေးဝါဒမှာ ကောင်းတဲ့အပိုင်းတွေကို ပေါင်းပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အဲဒါနဲ့အညီ ရေးဆွဲမယ်ဆိုလို့ရှိရင် ကျန်တဲ့ဟာတွေက ဆက်လုပ်လို့ရတယ်။ ဆိုတော့ ကျနော်ကတော့ NUG ကို လုံးဝအားထားတယ်ဆိုတဲ့ ပုံစံမျိုး ပြောနေတာ မဟုတ်ဘူး။ ကျနော်က Theoretically သူတို့ ဒီလိုလုပ်လို့ရှိရင် ဒီလိုဖြစ်မယ်ဆိုတာမျိုး အမြင်နဲ့ ပြောနေတာ။

ဖက်ဒရယ်စနစ် နှင့် ကိုက်ညီမယ့် အမျိုးသားရေးဝါဒ (ဒုတိယပိုင်းကို နောက်အပတ်မှာ ဆက်လက်နားဆင်ကြပါ။)

===Unicode ===

















XS
SM
MD
LG