ထိုင်းမှာ ရိုက်နှက်စွန့်ပစ်ခံရတဲ့မြန်မာ MOU လုပ်သား

ရိုက်နှက်ခံရပြီးနောက် ဆေးရုံမှာ မြင်တွေ့ရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရိုက်နှက်ခံရပြီးနောက် ဆေးရုံမှာ မြင်တွေ့ရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား

ညဘက်ကတည်းက ကားပေါ်ကနေ ပစ်ချခံထားရပြီး သတိမရတချက် ရတချက်ဖြစ်နေတဲ့ ကိုထွန်းထွန်း(အမည်လွှဲ)ဟာ သူတတ်နိုင်သလောက် အင်အားနဲ့ ထနိုင်ဖို့ ကြိုးစားရပါတယ်။

မူးဝေနေပေမဲ့ ကားသံကြားတိုင်း သူဌေးနဲ့ သူ့အစ်ကိုတွေ ထပ်လာရှာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သစ်ပင်၊ ခြုံပုတ်တွေကို ကွယ်ပြီး ပုန်းနေရတာလည်း အကြိမ်ရေ မနည်းတော့ပါဘူး။

ကိုထွန်းထွန်းဟာ ထိုင်းနိုင်ငံ၊ နကော့ပထုမ်မြို့က ဝက်သတ်အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့အလုပ်သမားဖြစ်ပြီး အခုချိန်မှာတော့ တောထဲကနေ ထွက်နိုင်ဖို့ သူနားလိုက် လမ်းလျှောက်လိုက်နဲ့ အကူအညီရဖို့ ကြိုးစားခဲ့ရတယ်လို့ အခြေအနေကို သိရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

MOU လုပ်သားဆိုတာဟာ အစိုးရနှစ်ရပ်ကြား နားလည်မှုစာချွန်လွှာ(MOU) အရ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတဆင့် ပြည်ပကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်တဲ့ လုပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

ဖြစ်စဉ်ကို မေးမြန်းနေတဲ့ ထိုင်းရဲတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဖြစ်စဉ်ကို မေးမြန်းနေတဲ့ ထိုင်းရဲတပ်ဖွဲ့

ကိုထွန်းထွန်းနဲ့ သူ့ဇနီး အပါအဝင် MOU မြန်မာအလုပ်သမား အယောက် ၄၀ ကျော်ဟာ နကော့ပထုမ်မြို့က ဝက်သတ်ရုံတစ်ခုမှာ အလုပ်လုပ်တာ ၆ လ ဝန်းကျင်ရှိနေပါပြီ။

နားလည်မှုစာချွန်လွှာလို့ သိကြတဲ့ MOU လုပ်သားဆိုတာဟာ နှစ်နိုင်ငံအစိုးရသဘောတူညီချက်အရ အလုပ်သမားဝန်ကြီးဌာနအသိအမှတ်ပြု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေ တဆင့် တရားဝင် ပြည်ဝင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။

အလုပ်လုပ်နေတဲ့ ကာလတလျှောက်လုံးမှာလည်း အလုပ်ချိန်ရက်မှန်မှန် မလုပ်ရပါဘူး။ သူတပါးအသက်ကို မသတ်ချင်ကြပေမဲ့ ကိုယ်လုပ်တဲ့နေရာက ဝက်သတ်ရုံဖြစ်တာကြောင့် တစ်ရက်ကို ဝက်အကောင်ရေ ၃၀၀ နဲ့ညီမျှတဲ့အသားထွက်အောင် အလုပ်လုပ်ကြရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ပိုင်းမှာ တစ်ရက်တည်းကို အကောင် ၄၀၀ ကနေ ၆၀၀ နဲ့ညီမျှတဲ့အသားထွက်အောင် အလုပ်လုပ်ပြီးရင် နှစ်ရက်လောက် နားရတာတွေလည်း မကြာခဏ ကြုံနေကြရပါတယ်။

ဒါ့အပြင် အချိန်ပိုလုပ်အားခတွေကိုလည်း မှန်မှန်ကန်ကန် မပေးတာတွေလည်းရှိနေတာပါ။

ဒီလိုကြုံတွေ့ရတာဟာ သူတို့အဖွဲ့တင်မဟုတ်ဘဲ အရင်ရောက်ခဲ့ကြတဲ့ MOU အလုပ်သမားတွေပါ ကြုံတွေ့ခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးတဲ့ အလုပ်သမား ၈ ယောက်ကိုလည်း အလုပ်ထုတ်ခဲ့ပါတယ်။ နောက်ထပ် အလုပ်သမားတွေကလည်း တစ်ယောက်ပြီးတစ်ယောက် အလုပ်ထွက်သွားကြတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

“အလုပ်ကိုနေ့တိုင်းမပေးနိုင်တာ၊ အချိန်ပိုကိုလည်း တစ်နာရီကို ဘတ် ၄၀ ပဲပေးတယ်၊ တချို့အလုပ်သမားတွေက အချိန်ပိုလုပ်ထားတာ ၆၊ ၇ နာရီရှိတာကိုလည်း အပြည့်မပေးတာ၊ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ နားရက်တွေ၊ နာမကျန်းနားရက်တွေ မရဘူး” လို့ သူက ပြောပါတယ်။

အခု ကိုထွန်းထွန်းတို့အဖွဲ့ အလှည့်မှာလည်း ဒီလိုပြဿနာမျိုး ထပ်ရင်ဆိုင်နေကြရတာပါ။ ပိုဆိုးတာက ကိုထွန်းထွန်းက အသက်အန္တရာယ်ဖြစ်နိုင်တဲ့အထိ ကြုံတွေ့ခဲ့ရတာပါပဲ။

ပြီးခဲ့တဲ့ ဧပြီ ၂၅ မှာ ကိုထွန်းထွန်းအပါအဝင် အလုပ်သမား ၈ ယောက်ကို အလုပ်ရှင်က အစည်းအဝေးခေါ်ပြီး ဘာသာပြန်ကနေတဆင့် အလုပ်ကို အဖွဲ့လိုက် တစ်ရက်ဆင်း တစ်ရက်နား လုပ်ရမယ်လို့ ပြောဆိုလာတဲ့အပေါ် မြန်မာအလုပ်သမားတွေက သဘောမတူခဲ့ပါဘူး။

ဒါ့ကြောင့် ကိုထွန်းထွန်းက အစည်းအဝေးမှာတင် MOU စနစ်နဲ့ချိတ်ဆက်လာခဲ့တဲ့ အလုပ်သမားပို့ဆောင်ရေးကုမ္ပဏီကို ဖုန်းလှမ်းဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလုပ်ရှင်ရဲ့ အစ်ကိုဖြစ်သူက ကိုထွန်းထွန်းတစ်ယောက်တည်းကို လှမ်းခေါ်ခဲ့ပါတယ်။ သူ့အနေနဲ့ မသွားဝံ့တာကို ဘာသာပြန်ပေးသူက သွားခိုင်းခဲ့ပါတယ်။

“စကားပြန်က သွားလိုက်၊ မင်းကို စကားပြောချင်လို့နေမယ်လို့ပြောတယ်။ သူက ထိုင်းစကားမှ မတတ်တာ မသွားဘူးဆိုတော့ စကားပြန်က လိုက်သွားပေးမယ်ဆိုပြီးလိုက်သွားတယ်။ ကောင်လေးရဲ့အမျိုးသမီးကပါ လိုက်မယ်ဆိုတာကို အလုပ်ရှင်က လက်နဲ့အမူအရာပြပြီး ခေါ်ထုတ်တယ်။ ပေးမဝင်ဘူး”လို့ အဲဒီအလုပ်သမားတွေကို ကူညီပေးသူတစ်ယောက်က ဖြစ်စဉ်ကို ရှင်းပြပါတယ်။

အဲ့ဒီနောက် ကိုထွန်းထွန်းကို ဝက်သတ်တဲ့နေရာဘေးက ဂိုထောင်ကိုခေါ်သွားပြီး ဂိုထောင်ထဲမှာ အလုပ်ရှင်ရဲ့အစ်ကို၊ ကားသမား၊ လုံခြုံရေး၊ ထိုင်းနိုင်ငံသားအလုပ်သမားခေါင်းဆောင်တို့ကို တွေ့ရပြီးနောက် အလုပ်ရှင်ရဲ့ အစ်ကိုက မျက်နှာကို လက်သီးနဲ့ထိုးခဲ့ပါတယ်။

ကိုထွန်းထွန်းက ထွက်ပြေးပြီး အကူညီတောင်းဖို့ ကြိုးစားချိန်မှာ နောက်ကနေ ခေါင်းကိုတုတ်နဲ့ နှစ်ချက် အရိုက်ခံရပြီး သတိလစ်သွားပါတယ်။

သူကားပေါ်မှာ သတိပြန်ရလာပြီး လမ်းတဝက်အရောက်မှာတော့ သူဌေးစီးလာတဲ့ကားပေါ်ကို ဆွဲတင်ပြီး သိပ်မကြာခင်မှာ ပစ်ချခံလိုက်ရတာကို သူသိနေပါတယ်။

တောထဲမှာ ကားသံကြားလို့ ပုန်းလိုက်၊ နားလိုက်နဲ့ မနက်မိုးလင်းအောင် စောင့်ခဲ့ရပြီး အလုပ်စောစောသွားတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ တွေ့တော့မှ အကူညီတောင်းပြီး ဆေးရုံကို ရောက်ခဲ့ပါတယ်။

စက်ရုံမှာ ကျန်ခဲ့တဲ့အလုပ်သမားတွေ

ကျန်နေတဲ့အလုပ်သမားတွေကို ပြန်ခေါ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ကျန်နေတဲ့အလုပ်သမားတွေကို ပြန်ခေါ်

ကိုထွန်းထွန်းကို ခေါ်သွားတာကြောင့် သူ့အမျိုးသမီးနဲ့ ကျန်တဲ့အလုပ်သမားတွေကလည်း အဆောင်ကို မပြန်ဘဲ ဆက်ပြီးစောင့်နေခဲ့ကြပါတယ်။ ကိုထွန်းထွန်းကို ခေါ်သွားပြီး သိပ်မကြာခင်မှာ စကားပြန်က ကိုထွန်းထွန်းရဲ့ အလုပ်လုပ်ခွင့်စာအုပ်နဲ့ နိုင်ငံကူးလက်မှတ်ကို သူ့အမျိုးသမီးဆီကို တောင်းပေမဲ့ မပေးခဲ့ပါဘူး။

အဲ့နောက် ဝက်သားတွေကိုသယ်တဲ့ အအေးခန်းပါတဲ့ကားတွေဟာ ပုံမှန် စက်ရုံရဲ့အရှေ့ဝင်ပေါက်ကသာ ဝင်ထွက်ကြပေမဲ့ အဲ့နေ့မှာတော့ စက်ရုံရဲ့ အနောက်ဘက်ကနေ ကားတစ်စီးထွက်သွားတာကို တွေ့လိုက်ကြရပါတယ်။

ကိုထွန်းထွန်းရဲ့ အမျိုးသမီးနဲ့ သူငယ်ချင်းတစ်ယောက်က စက်ရုံထဲမှာ ကိုထွန်းထွန်းကို လိုက်ရှာခဲ့ပါတယ်။ ည ၁၁ နာရီဝန်းကျင်လောက်မှာ အလုပ်ရှင်နဲ့ သူ့အစ်ကို ရောက်လာတဲ့အခါ ကိုထွန်းထွန်းအမျိုးသမီးက သူ့ယောက်ျားဘယ်မှာလဲနဲ့ လွှတ်ပေးဖို့ကို လက်အုပ်ချီ တောင်းပန်ခဲ့ပါတယ်။

“အမျိုးသမီးက တောင်းပန်တာကို အဲ့အချိန်မှာ အလုပ်ရှင်က သူ့ ရိုက်ဖို့လုပ်တာ သူငယ်ချင်းက ဝင်ခံလိုက်တယ်။ အလုပ်ရှင်အစ်ကိုက သေနတ်ကိုင်ပြီး အလုပ်ရုံကနေ မောင်းထုတ်တယ်။ သူတို့ကို အဆောင်ပြန်ခိုင်းတယ်”

ကိုထွန်းထွန်းအမျိုးသမီးက သူတို့နေနေကျ အဆောင်အခန်းကို မပြန်ရဲဘဲ လုပ်ဖော်ကိုင်ဘက်တွေရဲ့အခန်းမှာ သွားနေခဲ့ပါတယ်။ သိပ်မကြာခင်အချိန်မှာ ကိုထွန်းထွန်းတို့နေတဲ့ အခန်းကို အလုပ်ရှင်နဲ့သူ့အစ်ကိုက အော်ဟစ်၊ ရှာဖွေတဲ့အသံကို ကြားခဲ့ကြပါတယ်။

ည ၁ နာရီလောက်မှာတော့ ထိုင်းရဲတွေရောက်လာခဲ့ပါတယ်။

“အဲဒါက အလုပ်ရှင်က ဒီမှာအလုပ်သမားတွေဆူပူနေတယ်ပြောလို့ ရောက်လာတာလို့ပြောတယ်”လို့ အလုပ်သမားအရေး ကူညီပေးသူက ပြောပြပါတယ်။

ရဲတွေရောက်လာတော့မှ ကိုထွန်းထွန်းအမျိုးသမီးက ထွက်လာသလို တခြားအလုပ်သမား ၈ ယောက်လည်း ထပ်ထွက်လာခဲ့ပါတယ်။ သူတို့တွေက အဲဒီညကတည်းက စက်ရုံကနေထွက်လာပြီး လုံခြုံလောက်မယ့်နေရာမှာ နေခဲ့ကြပါတယ်။

အလုပ်ရှင်၊ သူ့အစ်ကိုနဲ့အပေါင်းပါတွေကို အမှုဖွင့်ထား

အလုပ်ရှင်အစ်ကိုနဲ့ ‌အပေါင်းအပါတွေကို အမှုဖွင့်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, အလုပ်ရှင်အစ်ကိုနဲ့ ‌အပေါင်းအပါတွေကို အမှုဖွင့်

မြန်မာအလုပ်သမား ကိုထွန်းထွန်းကို ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး တောထဲပစ်ထားတဲ့ အလုပ်ရှင်ရဲ့အစ်ကို၊ ကားသမား၊ လုံခြုံရေး၊ ထိုင်းအလုပ်သမားခေါင်းဆောင်တို့ကို လူသတ်ရန်ကြံစည်မှုနဲ့ အမှုဖွင့် ဖမ်းဝရမ်းကို ဧပြီ ၂၆ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

စက်ရုံမှာရှိတဲ့ လုံခြုံ‌ရေးကင်မရာမှတ်တမ်းတွေကို သိမ်းဆည်းသွားသလို အလုပ်ရှင်ကိုတော့ အမှုတည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဝရမ်းနဲ့အတူ စက်ရုံကို ၂၆ ရက် ညနေ ၅ နာရီလောက်မှာ ဝင်စစ်ဆေးကြပြီး ကျန်တဲ့မြန်မာအလုပ်သမား ၃၄ ယောက်ကို မြန်မာအလုပ်သမားသံအရာရှိ၊ အလုပ်သမား အေဂျင်စီတို့က ခေါ်သွားကြပါတယ်။

“ဒေါသထွက်လို့ ကိုယ်ထိလက်ရောက်ကျူးလွန်မိရင် ဆေးရုံပို့တယ်ဆို တော်သေးတာပေါ့ဗျာ၊ အခုက တောထဲသွားပစ်တယ်ဆိုကတည်းက လူမဆန်တာပေါ့” လို့ အလုပ်သမားအ‌ရေး ကူညီပေးသူက ပြောပါတယ်။

အခက်ခဲပေါင်းစုံရင်ဆိုင်နေရတဲ့ MOU အလုပ်သမားတွေ

လုပ်အားခမရတဲ့ MOU အလုပ်သမားတွေကို ကူညီပေးနေရ

ဓာတ်ပုံ ရင်းမြစ်, WAG မြန်မာအလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, လုပ်အားခမရတဲ့ MOU အလုပ်သမားတွေကို ကူညီပေးနေရ

ထိုင်းနိုင်ငံကို တရားမဝင် လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေသာမက ကိုထွန်းထွန်းတို့လို တရားဝင် ဝင်ရောက်လာတဲ့ MOU အလုပ်သမားတွေပါ အခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတာပါ။

MOU နဲ့ ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်မှာချုပ်ခဲ့တဲ့ စက်ရုံတွေမှာ အလုပ်မလုပ်ရဘဲ တခြားစက်ရုံကို ရောက်သွားတာ၊ အလုပ်မရတာတွေအပါအဝင် အလုပ်သမားအခွင့်အရေး ချိုး‌ဖောက်တာတွေကို ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုရင် စမွတ်ပကန်မြို့၊ ဘွတ်စဖွတ်ဘန်နာ ဆောက်လုပ်ရေးလုပ်ငန်းမှာ MOU အလုပ်သမား အယောက် ၅၀၀ နီးပါးဟာ ဧပြီမှာ လစာတွေကို မရတဲ့အပြင် စာရွက်စာတမ်း အထောက်ထားတွေကို သိမ်းဆည်းခံထားရတာကို ကြုံတွေ့ခဲ့ကြရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။

ဒါ့အပြင် ဘန်ကောက်မြို့ ဖလမ်ဆန်မှာရှိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ အရွယ် မြန်မာအလုပ်သမားတစ်ယောက် လုပ်ငန်းခွင်မှာဓာတ်လိုက်သွားတာကြောင့် ဆေးရုံပို့ခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်။

“သူ့ကို နစ်နာကြေးဆိုပြီး ဘတ်သုံးသောင်းနဲ့ အလောင်းသင်္ဂြိုလ်ပေးမယ်ဆိုပြီး အလုပ်ရှင်က ပြောတာ၊ ဒါကို လုပ်ဖော်ကိုင်ဖက်တွေက မကျေနပ်လို့ ကျွန်တော်တို့ကို အကူညီအတောင်းလို့ ဝင်ရှင်းပေးရတယ်။ ကျန်ရစ်သူ မိသားစုက ဘတ် ၃ သိန်းရလိုက်တယ်” လို့ ကိုမုန်တိုင်းကပြောပါတယ်။

ဒါ့အပြင် ထိုင်းရောက်ပြီးမှ MOU အလုပ်သမားတွေအလုပ်မရတာကြောင့် အလုပ်သမားပို့ဆောင်ရေး အေဂျင်စီကို အလုပ်ရှာပေးဖို့ တောင်းဆိုတဲ့အလုပ်သမားဟာ အသက်အန္တရာယ် ခြိမ်းခြိမ်းခြောက်ခံနေရတယ်လို့လည်း သိရပါတယ်။

တရားဝင် အလုပ်လုပ်သူတွေနည်းတဲ့ တာ့ခ်ခရိုင် မဲဆောက်မှာရှိတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီကို MOU အလုပ်သမားတွေက ဖုန်းဆက်အကူညီတောင်းတာတွေလည်း ရှိတယ်လို့ အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“MOU လုပ်သားတွေက ဖုန်းဆက်ပြီးတော့ အလုပ်အဆင်မပြေတာတွေ၊ အလုပ်ရှင်နဲ့ ပြဿနာတက်တာတွေ၊ အလုပ်ရွှေ့ပြောင်းလို့မရတာတွေ အခက်ခဲတွေအတွက် အကူညီ တောင်းတာပေါ့၊ ဒီတော့လည်း ချိတ်ဆက်ပြီး ကူညီပေးရတာလည်းရှိတယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံထဲက ခရိုင် ၇၇ ခုထဲမှာ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် ပတ်ဝန်းကျင်မြို့တွေနဲ့ ထိုင်းတောင်ပိုင်းဘက်တွေမှာသာ MOU အလုပ်သမားတွေ လုပ်ကိုင်ကြတာများတယ်လို့ သိရပါတယ်။

MOU အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အခက်ခဲတွေ၊ တောထဲမှာ စွန့်ပစ်ခံရတဲ့ ကိုထွန်းထွန်းနဲ့အတူ MOU အလုပ်သမား အ‌ယောက် ၄၀ ကျော်အတွက် ဘယ်လိုကူညီဖြေရှင်းပေးနေလဲဆိုတာ သိရဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိကို ဆက်သွယ်မေးမြန်းတဲ့အခါ “လတ်တလော ဖြေကြားလို့ မရသေးဘူး” လို့ တုံ့ပြန်ပါတယ်။