ကရင်နီဒေသမှာ စစ်ရှောင် သိန်းချီရှိပြီလို့ဆို

ဒီးမော့ဆိုပြည်နယ်က စစ်ဘေးရှောင် ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီးမော့ဆိုပြည်နယ်က စစ်ဘေးရှောင် ကလေးငယ်တွေ

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီ ဒေသမှာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရသူ တစ်သိန်း နှစ်သောင်းထက် မနည်း ရှိနေပြီလို့ ကရင်နီ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကပြောပါတယ်။

သူတို့ ရရှိထားတဲ့ စာရင်းဇယားတွေအရ အတိအကျ အတည်ပြုနိုင်တဲ့ စစ်ဘေးရှောင် အရေအတွက် ၉ သောင်း ခွဲရှိပြီး ကျန်တဲ့ ၂ သောင်းခွဲက ခန့်မှန်းခြေ အရေအတွက်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ၁၈ နှစ်အောက် ကလေးနဲ့ အမျိုးသမီး အရေအတွက်က ၇၀ ရာခိုင်နှုန်း အထိ ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ၁၀ လတာ ကာလအတွင်း ကရင်နီ(ကယား)ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံ အမျိုးမျိုးနဲ့ အချက်အလက် တွေကို ကရင်နီ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က စာရင်းပြုစု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အကူအညီလိုအပ်

ကယား

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ဘေးရှောင် စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းက ယာယီစခန်းတွေမှာ နေထိုင်ကြရပြီး အများစုက ထောက်ပံ့ လှူဒါန်းမှုနဲ့ ရပ်တည်နေကြရတာဖြစ်လို့ စားနပ်ရိက္ခာ ပြတ်လပ်တဲ့ ပြဿနာ ကြုံနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆေးဝါး မလုံလောက်မှု၊ ကျန်းမာရေး ဝန်ဆောင်မှု ကန့်သတ်ချက်နဲ့ လမ်းပန်း ဆက်သွယ်ရေး လုံခြုံစိတ်ချရမှု မရှိတာတွေကြောင့် ကျန်းမာရေး ဆိုင်ရာ စိန်ခေါ်မှု တွေလည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

လူအခွင့်အရေး အဆိုးဆုံး ချိုးဖောက် ခံရတဲ့ ဒီးမော့ဆို

ကယားပြည်နယ် အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့ မြို့နယ်တွေအပြင် ရှမ်းတောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံတို့ပါ ပါဝင်တဲ့ ကရင်နီဒေသ အတွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးကြရသူ အများစုက ဒီးမော့ဆိုမြို့နယ်က ဖြစ်တယ်လို့ အချက်အလက်တွေ ကိုယ်တိုင် ပြုစုထားတဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် ရသူ အများဆုံး၊ အသေအပျောက် အများဆုံး၊ အိမ်ရာ အဆောက်အဦး ပျက်စီး ဆုံးရှုံးမှု အများဆုံး မြို့နယ် ဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အတွင်းမှာ ဒီဇင်ဘာ ၃၁ ရက်က စပြီး နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေတုန်း ဖြစ်ပါတယ်။

လတ်တလောမှာ ငွေတောင်ဆည် နားနဲ့ လွိုင်ကော် အရှေ့ဘက်ခြမ်းက လူဦးရေ ၂၀၀၀ နီးပါး ထပ်မံ စစ်ဘေးရှောင်ကြရပြန်ပါတယ်။

လူအစုလိုက် သတ်ဖြတ်ခံရတဲ့ ခရစ်စမတ်မတိုင်ခင်ရက်က ဖရူဆို တိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, လူအစုလိုက် သတ်ဖြတ်ခံရတဲ့ ခရစ်စမတ်မတိုင်ခင်ရက်က ဖရူဆို တိုက်ခိုက်မှု

သေဆုံးမှုများ

စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် သပိတ် တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး ကရင်နီပြည်နယ် အတွင်းမှာ မေလ ၂၁ ရက်နေ့ကစတင်လို့ စစ်ရေးတင်းမာမှု၊ နေ့စဉ်ရက်ဆက် ထိတွေ့ တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံတွေ့ခဲ့ကြရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှု၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သေဆုံးခဲ့ကြရသူ ၁၄၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ကယားပြည်နယ်မှာ အရပ်သား ပြည်သူ ၁၅၀ နီးပါး သတ်ဖြတ်ခံခဲ့ရ

အဆောက်အဦး ပျက်စီးဆုံးရှုံးမှု

စစ်ရေး တင်းမာမှုတွေနဲ့ တိုက်ပွဲတွေကြောင့် ကျေးလက် ဆေးခန်း ၁ ခုနဲ့ ဘာသာရေး အဆောက်အဦး ၆ ခု အပါအဝင် လူနေအိမ်နဲ့ အဆောက်အဦး ၆၅၄ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက် တုံပြန်မှုတွေမှာတော့ ဒီပြည်နယ်တွင်း အစောပိုင်းကာလ တိုက်ပွဲတွေကြား အဆောက်အဦးပျက်စီးမှုတွေဟာ ဒေသခံတပ်တွေက လူနေအိမ်တွေကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေကြားက ဖြစ်စဥ်တွေဖြစ်တယ်လို့ တုံ့ပြန်သလို ဒီဇင်ဘာလ ဖရူဆို တိုက်ပွဲကြားက လူအစုလိုက် သတ်ဖြတ်မီးရှို့ခံရမှုကိုလည်း ပီဒီအက်ဖ်နဲ့ ဒေသခံတပ်ဘက်က စပစ်ခဲ့တဲ့ ဖြစ်စဥ်က စဖြစ်ခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။

ကယား

ဓာတ်ပုံ ရင်းမြစ်, CJ

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ဘက်ကတော့ အဲဒီ အဆောက်အဦးတွေဟာ စစ်ကောင်စီ တပ်ဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးလို့ ပျက်စီးရတာတွေ များတယ်လို့ ဆိုပါတယ်။

အစုလိုက်သတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်ပြီးလည်း နိုင်ငံတကာမှာ တရားစီရင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောထားပါတယ်။

အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ လောလောဆယ်မှာ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရပေမဲ့ ကိုယ့်အိမ် ကိုယ့်ရာကို အမြန်ဆုံး ပြန်ချင်တဲ့ ဆန္ဒတွေက ပြင်းပြနေကြပါတယ်။

လတ်တလော အခြေအနေက အိမ်ပြန်နိုင်တဲ့ အနေအထား မရှိသေးသလို ပြန်နိုင်ခွင့် ရှိပြီဆိုရင်တောင် ကိုယ့်နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရသူတွေ အဖို့ နေစရာ အိမ် မရှိတဲ့ ဘဝမျိုး ဖြစ်နေကြပါတယ်။