အနောက်မျှော် ပြုပြင်ရေးနဲ့ နှစ် ၁၅ဝ ပြည့် လန်ဒန်မှတ်တမ်း

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, duncan1890

ဓာတ်ပုံ ပုံစာ, ဝိတိုရိယဘုရင်မရှေ့မှောက် ကင်းဝန်မင်းကြီးတို့သံအဖွဲ့

ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဆိုပြီး မြန်မာသမိုင်းမှာ နာမည်ပျက်ခဲ့တဲ့ လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးဟာ ဗြိတိသျှမသိမ်းခင် အထက်မြန်မာပြည်ရဲ့ အာဏာအရှိဆုံး ဝန်ကြီးတပါး ဖြစ်ခဲ့တဲ့အပြင် ခရီးသွားစာပေ၊ ကဗျာလင်္ကာနဲ့ ဓမ္မသတ်တွေ ပြုစုတည်းဖြတ်ခဲ့တဲ့ စာပေ ပညာရှင် ကြီးလည်း ဖြစ်ပါတယ်။

မင်းကြီး ဦးကောင်းကို ၁၈၂၂ က မုံရွာအနောက်ကမ်း အခု ပုလဲနယ်ထဲက မုန်တိုင်ပင်ရွာ မွေးပြီး ၁၉ဝ၈ မှာ မန္တလေးမှာ အနိစ္စရောက်ပါတယ်။ သူ့တသက်မှာ မင်းတုန်းနဲ့ သီပေါ ဘုရင်တွေရဲ့ အမှုတော်ထမ်းရွက်ခဲ့ပြီး ကနောင်မင်းသားရဲ့ ပြုပြင်ရေးဂိုဏ်းခေါင်းဆောင်တယောက်အနေနဲ့ တန်ခိုး အကြီးဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဦးကောင်းဟာ ကနောင်မင်းသား၊ ယောအတွင်းဝန်ဦးဘိုးလှိုင် တို့နဲ့ တိုင်ပင်ပြီး နိုင်ငံခေတ်မီတိုးတက်ရေးအတွက် ပညာတော်သင်တွေ စေလွှတ်တာ၊ စက်ရုံအလုပ်ရုံနဲ့ သင်္ဘောကျင်း တည်ဆောက်တာတွေ လုပ်ခဲ့ပါတယ်။ ကနောင်မင်းသား လုပ်ကြံခံရပြီးနောက် ပြုပြင်ရေးဂိုဏ်းမှာ သူသြဇာအရှိဆုံး ဖြစ်လာပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ အားသွန်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံအောက်ပိုင်းနဲ့ ပင်လယ်ထွက်ပေါက်ကို သိမ်းထား တဲ့ ဗြိတိသျှအစိုးရနဲ့ ဆက်ဆံရာမှာ အိန္ဒိယဘုရင်ခံချုပ်ကတဆင့် ဆက်သွယ်နေရတာကို မနှစ်မြို့သလို ပြင်သစ်နဲ့ တခြား ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကို တိုးမြှင့်ချင်တဲ့အတွက် သူကိုယ်တိုင် ဥရောပကို သံတော်ကြီး အဖြစ် သွားဖို့ အခွင့်ကြုံလာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Roger Viollet Collection

ဓာတ်ပုံ ပုံစာ, ပဲရစ်ရောက် ဦးခြိမ့်၊ ဦးရွှေအိုး၊ ဦးကောင်းနဲ့ ဦးရွှေဘင်

ပထမ ဥရောပသွား မဟုတ်

တကယ်က ကင်းဝန်မင်းကြီးရဲ့ ဥရောပခရီးဟာ မြန်မာပြည်က ပထမဆုံး စေလွှတ်တဲ့ ဥရောပရောက် သံအဖွဲ့မဟုတ်ပါဘူး။ သူ့ထက် နှစ် ၂၃ဝ စောတဲ့ ရခိုင်မင်းသား ဒွန်မာတင်ခေါ် ငယိဟာ ပေါ်တူဂီနန်းတွင်းကို ဝင်ရောက်ပြီး သူ့ကို ရခိုင်မှာ နန်းတင်ပေးဖို့ ကြိုးစားဖူးသလို ၁၈၅၆ မင်းတုန်းမင်း လက်ထက်မှာပဲ နာခံတော် မင်းထင်ရာဇသီဟသူကို သံကြီးခန့်ပြီး ပြင်သစ်ကို သံအဖွဲ့ စေလွှတ်ဖူးပါတယ်။ နောက်တနှစ်မှာတော့ အမေရိကန်သာသနာပြု ဆရာကင်းကိတ်ကို သံအဖြစ် အမေရိကန် စေလွှတ် ပါတယ်။ ကင်းဝန်မင်းကြီးကို သံတော်ကြီးအဖြစ် လန်ဒန်၊ ပါရီနဲ့ ရောမကို စေလွှတ်တဲ့ ၁၈၇၂ ခရီးစဉ် ကတော့ ဗိုလ်ချုပ်အောင်ဆန်းရှေ့မှာ အထင်ရှားဆုံး မြန်မာသံတမန်ရေး အားထုတ်မှုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

နောက် ခရီးစဉ်ကို နေ့စဉ်မှတ်တမ်းအဖြစ် စကားပြေချောချောနဲ့ ရေးဖွဲ့ခဲ့တဲ့အတွက် ရတနာပုံခေတ် မြန်မာစကားပြေနဲ့ နိုင်ငံရေးသမိုင်း၊ လူမှုစီးပွားသမိုင်း ကို လေ့လာရာမှာ အရေးကြီးတဲ့ မူလမှတ်တမ်းကြီးတစောင်ကို မင်းကြီး ဦးကောင်း ချန်ထားခဲ့ပါတယ်။ ဒီမှတ်တမ်းကို ဖတ်ရှုရခြင်းကြောင့် မင်းတုန်းမင်း နဲ့တကွ ရတနာပုံနန်းတွင်းသားတွေမှာ ဥရောပနဲ့ ကမ္ဘာ့ရေးရာမှာ အမြင်ကျယ် သိမြင်မှုတွေ ပွားများလာပြီး နိုင်ငံအခြေအနေကို ပြန်သုံးသပ်နိုင်ဖို့ ဦးကောင်း ရည်ရွယ်ခဲ့ပုံရပေမယ့် သူ့ရည်မှန်းချက်က ထင်သလောက် အောင်မြင်ခဲ့ပုံ မရပါဘူး။ သီပေါမင်းလက်ထက်မှာ နိုင်ငံပြောင်းလဲရေးအတွက် အနောက်တိုင်းပုံစံ ဝန်ကြီးဌာနတွေ ခွဲခြားအုပ်ချုပ် တာမျိုး ဖြစ်လာခဲ့ပေမယ့် ဒီပြုပြင်ရေးတွေ ရှုံးနိမ့်ခဲ့ရသလို သူမဖြစ်စေချင်တဲ့ ဗြိတိသျှနဲ့ စစ်ပြိုင် တိုက်ခိုက်ပြီး ကျန်တဲ့ နိုင်ငံအထက်ပိုင်းပါ ကိုလိုနီဘဝရောက်တဲ့အဖြစ်ကိုလည်း သူကြုံခဲ့ရပါတယ်။

ဒီလန်ဒန်မှတ်တမ်းကြီးကို လေ့လာတဲ့အခါ ခရီးစဉ်မှတ်တမ်းအပြင် နောက်ခံနိုင်ငံရေးလှုပ်ရှားမှုတွေကိုပါ တွေ့မြင်နိုင်ပါတယ်။ ဦးကောင်းဟာ ဒီခရီးစဉ်အတွင်း ဥရောပနိုင်ငံအစိုးရနဲ့ ကုန်သည်ကြီးတွေနဲ့သာ တွေ့ဆုံတာ မဟုတ်ဘဲ ပန်းသေး၊ တူရကီ စတဲ့ ခေတ်ပြိုင် အာရှသံတမန်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီမှတ်တမ်းဟာ သံတမန်ရေး ကြိုးပမ်းမှုမှာ မြန်မာတွေ့ရဲ့ စွန့်စားအားထုတ်မှုတချို့ကို တွေ့နိုင်သလို မအောင်မြင်မှုတွေ ကလည်း သင်္ခန်းစာ ရနိုင်ပါတယ်။ နောက် ခေတ်ပြိုင် ဥရောပမြင်ကွင်းကို ဦးကောင်းသုံးသပ်မှုတွေကတဆင့် အဲဒီခေတ် မြန်မာတွေရဲ့ ခေတ်မီ ပြောင်းလဲ ရေး အားထုတ်မှုတွေ ကိုလည်း သိနိုင်ကြ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Michael Maslan

ဓာတ်ပုံ ပုံစာ, ရွှေတိဂုံကို မင်းတုန်းမင်း ထီးတော်လှူခဲ့

သံမျက်စိနဲ့ ဆွမ်းတော်တင်

မန္တလေးက ရန်ကုန်အဆင်း လမ်းမှာတင် ဦးကောင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ခေတ်မီတိုးတက်မှုတွေကို သိမြင်ခဲ့ပါတယ်။ အဲဒီခေတ်က နန်းတွင်းသား အများစုဟာ ရန်ကုန်ကို မရောက်ဖူးကြပေမယ့် ရန်ကုန်ကို ဗြိတိသျှတွေ ခမ်းနားစွာ အသစ်တည်ထောင်နေတာကို ကြားသိနေကြပါတယ်။ ရန်ကုန်မြို့သစ် ဟာ မြန်မာပြည်မှာ မရှိဖူးတဲ့ မြို့သစ်ပုံစံမျိုး ဖြစ်ရုံမက အုတ်တိုက်၊စည်ပင်သာယာစနစ်နဲ့ ကျောက်ခင်းလမ်း၊ ခေတ်မီ ဆိပ်ကမ်းနဲ့ ကုန်ရုံများ စတဲ့ ကိုလိုနီ မြို့တွေရဲ့ အင်္ဂါနဲ့ ပြည့်စုံတဲ့ အရင်းရှင်မြို့ကြီး ဖြစ်ပါတယ်။ ဒီမြို့ကို အရင်က ရောက်ခဲ့တဲ့ မန္တလေးသားတွေနဲ့မတူဘဲ ကင်းဝန်မင်းကြီးဟာ သံတမန်မျက်လုံး နဲ့ ကြည့်ပြီး စေ့စေ့စပ်စပ် လေ့လာခဲ့သလို နိုင်ငံရေးမိုးလေဝသကိုလည်း ကလောင်နဲ့ ရေးချယ်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူသွားတဲ့ခရီးအစ ၁၈၇၅ မတ်လ ၂ ရက် မန္တလေး သန်လျက်မော်ဆိပ်ကနေ စကြာယာဉ်မွန် သင်္ဘောတော် ထွက်လာချိန်မှာ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းက ဗုဒ္ဓစွယ်တော် ကို လှူဖို့ အလှူတော်နဲ့ စောင့်ရှောက်ဖို့ သီဟိုဠ် ရဟန်း နှစ်ပါးနဲ့ ကျွန်တော်မျိုးနှစ်ယောက်ကိုပါ ပင့်ဆောင်ခေါ်ယူလာခဲ့ပါတယ်။ နောက် မင်းလှရွာ နိဗ္ဗာန် ဆိပ်ဦးဆရာတော်နဲ့ တပည့်သံဃာလေးပါးလည်း ပါလာပါတယ်။ အောက်မြစ်စဉ် လမ်းတလျှောက် ကျောက်တလုံး၊ မြင်းခြံ၊ ညောင်ဦး၊ မကွေး၊ မင်းလှ၊ မလွန်၊ ပြည် စတဲ့ မြို့ရွာတွေမှာ ရှိတဲ့ ဆရာတော်တွေကို ဖူးမြော်ကန်တော့ပြီး ရွှေစည်းခုံ၊ မလွန် မြသပိတ်၊ ပြည်ဆံတော်ရှင် စေတီပုထိုးတွေကို ရှိခိုးပူဇော် တာတွေ လုပ်ခဲ့ပါတယ်။ လမ်းမှာ ကိုးကွယ်ဖို့ ဓာတ်တော် ဆင်းတုတော်တွေကိုလည်း မြင်းခြံရွာ ကိုးဆောင်တိုက်ကနေ ပင့်ဆောင်လာခဲ့တာပါ။ ရန်ကုန် မှာလည်း တိဂုမ္ဘ ရွှေတိဂုံစေတီကြီးကို ဒင်္ဂါး ၃၅ဝ ဖိုး အကုန်အကျခံပြီး စားပွဲခုံ ၁၂ ခုမှာ ပန်းကန်ပြား ၁၄၄ ချပ်နဲ့ ဆွမ်းတော်ကြီး ကပ်ခဲ့ပါတယ်။

ရေလမ်းခရီးမှာ ရဟန်းတော်တွေသာမက လူခရီးသည်တွေကိုလည်း ကင်းဝန်မင်းကြီးအဖွဲ့က တင်ဆောင်ခဲ့ပါတယ်။ ဗြိတိသျှအမျိုးသား ဟင်္သဒ အရေးပိုင် ကိုသာမက ညောင်တုန်းရွာက ပါလာတဲ့ တရုတ်ခရီးသွားကိုပါ တပါတည်း ခေါ်ဆောင်ခဲ့တာပါ။ ပြည်ကြီးပြန်မယ့် တရုတ်အမျိုးသားက လက်စွဲစာ တောင်းလို့ ယပ်ပေါ်မှာ ဦးကောင်း စာရေးပေးတဲ့အပြင် ခရီးစရိတ်ပါ ပေးလိုက်ပါတယ်။ နောက်ပြီး ပြည်မြို့အောက်ဘက် သမ္ဘရာခုံရွာမှာ ညအိပ်တုန်း ပါလာတဲ့ လှေတော်အမှုထမ်း ငဘိုးလူက တံငါသည်ငရောရဲ့ မယားကို လှည့်ဖျားပြီး ကာမပြုကျင့်လို့ ကြိမ်ဆယ်ချက်ရိုက်ပြီး လျော်ကြေး ဒင်္ဂါး ဆယ်ပြား ပေးခဲ့ရပါတယ်။ ပြည်မှာတော့ မြန်မာဘုရင်အောက်က ရာဇဝတ်သင့်ပြီး ထွက်ပြေးသွားတဲ့ လူတချို့ လာတွေ့ပြီး မန္တလေးပြန်ခွင့်ပေးဖို့ တောင်းပန် ကြပါတယ်။ မြင်းခြံတလုပ်ဘက်က လှေအမှုထမ်းတွေ ပြည်ဘက်မှာ ဆင်းပြီး ရေလုပ်ငန်းလုပ်ကြတာကိုလည်း သူတွေ့ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DEA / ICAS94

ဓာတ်ပုံ ပုံစာ, ကြယ်ဖိုးကြီးနယ်စား ခွန်တီးနဲ့ ကြင်ယာများ

အေးစက်တဲ့ ကြိုဆိုမှုနဲ့ ကရင်နီဆင်

ဗြိတိသျှအောက်မြန်မာပြည်အဝင် သရက်မြို့မှာကတည်းက အရေးပိုင်ပြောင်းခေါ် ဘရောင်းက မြင်းစီးပြီး သင်္ဘောဆိပ်ကို လာနှုတ်ဆက်ပါတယ်။ မှူးကြီးမတ်ကြီး သံကြီးတမန်ကြီးများကို လာရောက်တွေ့ကြုံ နှုတ်ဆက်သည် ထုံးစံနှင့်မညီ၊ ပကတိလူချင်း အမှတ်မဲ့ တွေ့ကြုံနှုတ်ဆက်သကဲ့သို့ ဆိုပြီး ဆက်ဆံပုံကို မင်းကြီးက မှတ်တမ်းတင် ခဲ့ပါတယ်။ ရန်ကုန်ရောက်တဲ့အခါမှာလည်း အလားတူ ကြုံရပြန်ပါတယ်။ တွံတေးဝ၊ တိုးဝကနေ သခွပ်ပင်ဝထိ ရောက်အောင် ချောင်းတွေကြားမှာ ခဲရာခဲဆစ် ခုတ်မောင်းပြီး ဗိုလ်တထောင်ကမ်းနားမှာ ကပ်ထားတဲ့ ကင်းဝန်မင်းကြီးတို့ သင်္ဘောဆီကို ဗြိတိသျှအရာရှိတွေ လာရောက်နှုတ်ဆက်တာ မရှိပါဘူး။ သရက်ကနေ ဟင်္သဒ စတဲ့ လမ်းတလျှောက် သူတို့အဖွဲ့ စုန်ဆင်းလာတာကို သိရက်နဲ့ တမင် လျစ်လျူရှုထားတာ ဖြစ်ပြီး လန်ဒန်ကို သွားမယ့်အကြောင်း မသိရဘူးလို့ ရန်ကုန်အရေးပိုင် (မဟာဝန်ရှင်တော်မင်းကြီး) အီဒင်က စာပြန်ပါတယ်။

အနောက်တိုင်းရဲ့ သံတမန်ထုံးတမ်းတွေ၊ ဗြိတိသျှကြိုးနီစနစ်လုပ်ထုံးတွေနဲ့ မင်းကြီးတို့အဖွဲ့ လန်ဒန်မသွားနိုင်အောင် ရန်ကုန်ကနေ ကပျက်ယပျက် လုပ်ကြပါတယ်။ နောက်ဆုံး ခရီးအတွက် လန်ဒန်ကဝယ်ထားတဲ့ စကြာ ယာဉ်ပျံသင်္ဘောကို ချက်ချင်းသုံးလို့မရအောင် ပညာပြကြသလို လန်ဒန်က ဝယ်လာတဲ့ သေနတ်တွေကို စာရင်းမတင်လို့ ဆိုကာ သိမ်းပြီး ဒဏ်ရိုက်တာ၊ အမြောက်ကို လန်ဒန်ပြန်ပို့ခိုင်းတာတွေ လုပ်ပါတယ်။ အီဒင်ရဲ့အိမ်မှာ မင်းကြီးတို့အဖွဲ့ကို ခေါ်တွေ့တော့လည်း အီဒင်က စားပွဲထိပ်မှာ ထိုင်တာပါ။ နောက်ပြီး မင်းကြီးတို့ဘက်က ပြန်လှန်မေးလို့မရအောင် သူကချည်း မေးခွန်းတွေ အဆက်မပြတ်မေးပါတယ်။

အဆုံးသတ်မှာတော့ အိန္ဒိယဘုရင်ခံ သဘောတူညီမှုမပါဘဲ လန်ဒန်က ဗြိတိသျှအစိုးရနဲ့ တိုင်းပြည်ရေး လက်နက်ဝယ်ရေး ဘာမှ ဆွေးနွေးလို့မရဘူး ဆိုတာကို သိအောင် မြန်မာအဖွဲ့ကို ရန်ကုန်က ဗြိတိသျှအရာရှိတွေက သတိပေးခဲ့ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်ကို ပေးမယ့် ဥဒေါင်းပုံဖော် ကျောက်စီ ဘယက်အကြောင်း ကိုလည်း သူတို့ စိတ်ဝင်တစားမေးတဲ့အတွက် ဒါဟာ မြန်မာမှူးမတ်တွေ ဆင်မြန်းလို့မရဘဲ မင်းသားအဆင့်ကို ပေးတဲ့ စလွယ် ဖြစ်ကြောင်းနဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးကို ပေးခဲ့ဖူးကြောင်း မြန်မာဘက်က ပြန်ကြားပါတယ်။ လမ်းတလျှောက် ဘယ်နိုင်ငံအစိုးရတွေနဲ့ တွေ့ဖို့ ရှိသေးလဲ မေးတဲ့အခါ ပြင်သစ်၊ အမေရိကန်၊ ရွတ် (ရုရှား)၊ ဂျာမန် နိုင်ငံတွေနဲ့ အဆင်သင့်ရင် တွေ့လိုကြောင်း မင်းကြီးတို့ဘက်က ပြန်ကြားခဲ့ပါတယ်။

ရန်ကုန်ရောက်နေခိုက် ဦးကောင်းတို့ကို လာတွေ့သူတွေထဲ မြို့ခံ သူဌေးသူကြွယ်တွေနဲ့ ဘုရားလူကြီးတွေအပြင် အနောက်ကရင်နီ ကြယ်ဘိုးကြီးနယ်က စော်ဘွား ခွန်တီးနဲ့ ခွန်ရှားတို့ရဲ့ အမတ် မောင်ခန်း ဆိုသူ ပါပါတယ်။ အဲဒီအချိန်က ဒီနယ်တွေကို မြန်မာအုပ်ချုပ်မှုအောက်က လွတ်အောင် ဗြိတိသျှနဲ့ ကရင်နီအုပ်ချုပ်သူတချို့ ကြံစည်နေသလို ဒီနယ်တွေကို အခြေပြုပြီးမင်းတုန်းမင်းကို ပုန်ကန်နေတဲ့ မြင်ကွန်းမင်းသားအဖွဲ့ကလည်း အထက် မြန်မာပြည် ကို လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ မင်းကြီးနဲ့ တွေ့စဉ်က မောင်ခန်းက ကရင်နီက ဆင်တွေ မင်းတုန်းမင်းဆီ ဆက်ဖို့အကြောင်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရေလမ်းနဲ့ ကမ္ဘာထွက်

နောက်ဆုံး တနင်္သာရီသင်္ဘောကို ငွေငါးထောင်နှစ်ရာပေးပြီး ပညာသင်တွေနဲ့အတူ လိုက်ကြရာမှာ သင်္ဘောပေါ်ထိ လိုက်ပြီး စောင့်ဆိုင်းဖို့ တားကြပါတယ်။ ဒီလိုနဲ့ သင်္ဘောမှာ ဥဒေါင်းအလံတော်တင်ကာ ရန်ကုန်က ထွက်ပြီး သီဟိုဠ်၊ အေဒင်၊ စွစ် ခေါ် ဆူးအက်မှာ ဆင်းပြီး ကိုင်ရိုလာတဲ့အခါ အကောက်ရုံးက ဗြိတိသျှ ဘုရင်မဆီ ဆက်သမယ့် လက်ဆောင်တော်တွေကို သိမ်းထားလို့ ဖြေရှင်းခဲ့ရပါတယ်။ နောက်ဆုံး ရန်ကုန်က လိုက်လာတဲ့ စကြာ ယာဉ်ပျံ သင်္ဘောတော် မီလာလို့ မြန်မာသံအဖွဲ့ ကိုယ့်သင်္ဘောနဲ့ကိုယ် ခရီးဆက်နိုင်ပါတော့တယ်။ အဲဒီနောက် မြေထဲပင်လယ်ကြောင်းကနေ အီတလီ၊ ပြင်သစ် နိုင်ငံတွေကို ဖြတ်ပြီး ဘိလတ်ခေါ် ဗြိတိန်ကို မြန်မာသံအဖွဲ့ လာခဲ့ကြပါတယ်။ ဒီလမ်းတလျှောက် မြင်ကွင်းတွေကို စာပန်းချီခြယ်ခဲ့ပြီး ၁၉ ရာစု ရေကြောင်းခရီးအတွေ့အကြုံကို မန္တလေးခေတ် စာဖတ်သူတွေကို မျှဝေခဲ့ပါတယ်။

burma
ဓာတ်ပုံ ပုံစာ, အကြိမ်ကြိမ် ပြန်ရိုက်ရတဲ့ လန်ဒန်သွား မှတ်တမ်း

တကယ်တော့ ဒီခရီးသွားမှတ်တမ်းအရင် အောက်မြန်မာပြည်သားတွေထဲက အင်္ဂလိပ်နဲ့ ကရင်ဘာသာတွေနဲ့ ရေးတဲ့ ဘင်္ဂလားနဲ့ အမေရိကန်သွား မှတ်တမ်းတွေ ပေါ်ထွက်ခဲ့ပြီး ဖြစ်ပေမယ့် နိုင်ငံအထက်ပိုင်းသားတွေဆီကို ပြန့်နှံ့ခဲ့ဟန် မတူပါဘူး။ ဒီမှတ်တမ်းတွေထက် ၁၈၃၃ က ရေးတဲ့ မင်းလှစည်သူ ဦးရွှဲရဲ့ ဘင်္ဂလားသွားစာတမ်းကို လူပိုသိကြပါတယ်။ နောက် ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွားမှတ်တမ်းဟာ သူ့နောက်မှ ရေးတဲ့ မြောင်လှ မြို့စားရဲ့ ပူတကေ စပိန် အီတာလျံသွားမှတ်တမ်း ထက် လူသိလည်း ပိုများပြီး ပိုအသေးစိတ် ရေးဖွဲ့ပါတယ်။

မင်းကြီးရဲ့ မှတ်တမ်းမှာ နန်းတော်၊ စက်ရုံ၊ ပြတိုက်၊ ကျောင်း၊ ဆေးရုံ၊ တိရစ္ဆာန်ရုံ၊ ဆိပ်ကမ်း စတဲ့ သူသွားလေရာ နေရာတွေအကြောင်း အတိုအရှင်းနဲ့ ပေါ်လွင်အောင် ရေးသလို တခြားနိုင်ငံတွေမှာ လုပ်ကိုင်ဆောင်ရွက်ပုံ သပ်ရပ် တာ၊ လူနည်းနည်းနဲ့ တွင်အောင် အလုပ်ခွဲခြားလုပ်ကိုင်ကြတာတွေကို လေ့လာခဲ့တယ်လို့ လန်ဒန်တက္ကသိုလ် သမိုင်းပါမောက္ခ မိုက်ကယ်ချာနေရဲ့ အာဏာဖြင့် သင်ကြားခြင်း စာအုပ်မှာ ပါရှိပါတယ်။ အနောက် နိုင်ငံတွေသာမက အနောက်ပုံစံဝင်နေတဲ့ အီဂျစ်နိုင်ငံက စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ မြို့နိုင်ငံအနေအထားတွေကို မန္တလေးက စာဖတ်သူတွေ နှလုံး သွင်းနိုင်ဖို့ ဦးကောင်း မှတ်သားပြုစုခဲ့ပါတယ်။ လန်ဒန်မြို့ မှာတော့ ဂျပန်ပညာသင်တယောက်နဲ့ တွေ့ပြီး ကမ္ဘာအရပ်ရပ်ကို ဂျပန်ပညာသင်တွေ ရာချီ စေလွှတ်ထားတာ၊ ဂျပန်မှာ ရထားလမ်းနဲ့ စက်ရုံတွေ တည်ဆောက် နေတာတွေကို သူ သိရှိအားကျခဲ့ပါတယ်။

အနောက်တိုင်းနည်းပညာ စနစ်ကို အာရှမှာ ကူးယူသုံးစွဲပြီး နိုင်ငံတိုးတက်စေဖို့ ဦးကောင်း တိုက်တွန်းခဲ့ပေမယ့် အထိုင်နှေး အထနှေး ပြောင်းလဲရခက်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကြောင့် သူ့ဆန္ဒ ပြည့်မသွားခဲ့ ပါဘူး။ ဒီမှတ်တမ်းအပိုင်းတွေကို ရတနာပုံနေပြည်တော် သတင်းစာမှာ ထည့်သွင်း ဖော်ပြခဲ့ပြီး ၁၈၇၈ မှာ နန်းတက်လာတဲ့ ဘုရင်သစ် သီပေါမင်းနဲ့ စုဘုရားလတ်ကို လန်ဒန်အလည်သွားဖို့ ကင်းဝန်မင်းကြီး စည်းရုံးခဲ့ ပါသေးတယ်။ ဒါပေမဲ့လည်း ညောင်ရမ်း၊ ညောင်အုပ်နဲ့ မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားတွေ နိုင်ငံပြင်ကနေ ချောင်းမြောင်းပြီး နန်းလုမှာကို စိုးရိမ်ကြတဲ့အတွက် ပြင်ဆင်ပြီးမှ အထမမြောက်ခဲ့ကြောင်း ရွှေဘိုမိမိကြီးက အရှင်နှစ်ပါး ဘိလပ်သွားသင့်မသွားသင့် ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ, အထက်ပိုင်းကွက်ကွက် ကျန်တော့တဲ့ မြန်မာအမျိုးသားနိုင်ငံ