ဝရမ်းထုတ်ခံထားရတဲ့ ‘ဝ’ ခေါင်း‌ဆောင် ဝေရှောက်ခန် ရဲ့ငွေတွေကို ဆွစ်ဇာလန်က ထိုင်းကို လွှဲပေးမယ်

ထိုင်း - မြန်မာနယ်စပ်၊ ရှမ်းတောင်တန်းပေါ်မှာ ၁၉၉၉ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ ဝေရှောက်ခန်ရဲ့အိမ်နဲ့ ထိုင်းဘက်က ထုတ်ပြန်တဲ့ ဝရမ်းဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်း - မြန်မာနယ်စပ်၊ ရှမ်းတောင်တန်းပေါ်မှာ ၁၉၉၉ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ ဝေရှောက်ခန်ရဲ့အိမ်နဲ့ ထိုင်းဘက်က ထုတ်ပြန်တဲ့ ဝရမ်းဓာတ်ပုံ
  • ရေးသားသူ, ဇေယျာထွန်း
  • ရာထူးတာဝန်, ဘီဘီစီ(မြန်မာ)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက ဝရမ်းပြေးအဖြစ် အမေရိကန်က ဒေါ်လာသန်းချီ ဆုကြေးထုတ်ခဲ့တဲ့ "ဝ" ခေါင်းဆောင် ဝေရှောက်ခန်ရဲ့ သတင်းက ထိုင်းနဲ့ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ပြန်လည်ပျံ့နှံ့လာပါတယ်။

ဒေါ်လာ ၂ သန်းဆုကြေးထုတ်ခံထားရတဲ့ "ဝ" ခေါင်းဆောင် ဝေရှောက်ခန် ရဲ့ ဆွစ်ဇာလန်ဘဏ် မှာ အပ်ထားတဲ့ ငွေတွေကို ဆွစ်ဇာလန်က ထိုင်းအစိုးရဆီ လွှဲပြောင်းပေးဖို့ ပြီးခဲ့တဲ့ရက်အတွင်းက သဘောတူလိုက်တာကြောင့်ပါ။

ဝေရှောက်ခန် ကို အမေရိကန်လိုပဲ ထိုင်းအစိုးရကလည်း ဝရမ်းပြေးအဖြစ် အလိုရှိနေခဲ့ပါတယ်။

ထိုင်းငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) က ဝေရှောက်ခန်နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးရာကနေ ငွေကြေးလွှဲပြောင်းမှု အစီအစဥ် စတင်ခဲ့တာဖြစ်ပါတယ်။

ဝေရှောက်ခန်ဟာ ဆွစ်ဇာလန်က ဘဏ်တစ်ခုမှာ ငွေတွေအပ်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သိခဲ့ရပါတယ်။

အဲဒီနောက်မှာ ထိုင်းက ဆွစ်ဇာလန်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဝေရှောက်ခန်ရဲ့ထိုင်းဘတ်ငွေ ၇၆ သန်းနီးပါး ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရေး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

‘‘ဝ’’ တပ်ဖွဲ့ဟာ မြန်မာ စစ်တပ်ပြီးရင် အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အင်အားကြီးလာတဲ့အဖွဲ့အဖြစ် အနောက်နိုင်ငံတွေကြားမှာ နာမည်ကြီးပါတယ်။

၁၉၉၀ ပြည့်နှစ်တွေအတွင်း မြန်မာကနေ ထိုင်း၊ အဲဒီနောက် ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ အမေရိကန်အထိ ပျံ့နှံ့ခဲ့တဲ့မူးယစ်ဆေးဝါးတွေရဲ့နောက်ကွယ်မှာ ဝေရှောက်ခန် ရှိနေတယ်လို့ ထိုင်းနဲ့ အမေရိကန်အစိုးရအေဂျင်စီတွေက အဲဒီအချိန်တုန်းက ထုတ်ပြန်ပြောဆိုခဲ့ကြပါတယ်။

ဝေရှောက်ခန်ဟာ ကူမင်တန်၊ ဘိန်းဘုရင်လို့ အသိများတဲ့ ခွန်ဆာရဲ့ ‌မုံတိုင်းတပ်ဖွဲ့ (MTA) တို့မှာ ပါဝင်ခဲ့ပြီးနောက်မှာ‘‘ဝ’’ တပ်ဆီကို ရောက်ခဲ့တာဖြစ်ပါတယ်။

‘‘ဝ’’တပ်ရဲ့ စီးပွားရေး အင်အားတောင့်တင်းလာမှုနဲ့ သူ့ရဲ့ အခန်းကဏ္ဍဟာ ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲမရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။

သူဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုကနေရတဲ့ ငွေကြေးတွေနဲ့ ‘‘ဝ’’ တပ်ဖွဲ့ အင်အားတောင့်တင်းအောင် လုပ်ပေးခဲ့သူလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။

ဝေရှောက်ခန် ပိုင်ဆိုင်မှုတွေကို ထိုင်းက ဘာကြောင့်သိမ်း

ဝေရှောက်ခန်ကို အလိုရှိကြောင်း ကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ဝေရှောက်ခန်ကို မူးယစ်ရာဇာအဖြစ် ထိုင်းမှာအလိုရှိတဲ့အကြောင်း လူစည်ကားတဲ့နေရာတွေမှာ လက်ကမ်းစာစောင်တွေ၊ တံဆိပ်တွေ၊ ခေါင်းစည်းစာတန်းတွေ ဖြန့်ဝေတဲ့ ပူးတွဲလှုပ်ရှားမှုကို ၂၀၁၀ ပြည့်နှစ်မှာ ထိုင်းအာဏာပိုင်တွေနဲ့ အမေရိကန် DEA က ပြုလုပ်ခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နွယ်ဖွား ဝေရှောက်ခန်ဟာ ထိုင်းနိုင်ငံသားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူ့ကို ထိုင်းမှာ ပရာဆစ် ဆိုတဲ့နာမည်နဲ့ရော၊ ချန်ချိုင်း ချီဝီနတီပန်ယာ နာမည်နဲ့ပါ သိကြပါတယ်။ မြန်မာမှာတော့ ဦးစိန်ဝင်းဆိုတဲ့ နာမည်နဲ့ ရပ်တည်နေထိုင်ခဲ့ပါတယ်။

ဝေရှောက်ခန်ကို တောင်ပိုင်း "ဝ" တပ်အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်နဲ့ကပ်ရပ်က ချင်းမိုင်မှာ အာဏာပိုင်တွေက ၁၉၈၆ ခုနှစ်မှာ ဖမ်းမိခဲ့ပါတယ်။

အဲဒီနောက် သူ့ကို ဘိန်းနဲ့ မက်သာဖက်တမင်း မူးယစ်ဆေးထုတ်လုပ်မှု၊ ထိုင်းနိုင်ငံထဲကနေ မူးယစ်ဆေးသွင်းမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ၁၉၉၄ ခုနှစ်မှာ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပါတယ်။

သူဟာ အယူခံဝင်ဖို့ အာမခံနဲ့ နေထိုင်နေတုန်းမှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်နေတုန်းမှာပဲ ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ခဲ့ပြီး ၁၀ နှစ်နီးပါးအကြာ ၂၀၀၁ ခုနှစ်မှာ ထိုင်းဘတ်ငွေ သန်း ၁၀၀ နီးပါးတန် ဝေ ရဲ့ ပိုင်ဆိုင်မှုတွေကို ဖမ်းဆီး သိမ်းဆည်းခဲ့ပါတယ်။

အဲဒီထဲမှာ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့က ဝေ ပိုင်ဆိုင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေ၊ ကားတွေ၊ မြေတွေ၊ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ဘဏ်စာရင်း ၁၀၀ နီးပါးလည်း ပါဝင်တယ်လို့ ထိုင်းအာဏာပိုင်တွေက အဲဒီတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ ထိုင်းအာဏာပိုင်တွေဟာ သူ့ကို ထိုင်းနိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။

ဝေရှောက်ခန်ကို ထိုင်းနိုင်ငံသားအဖြစ်က ရုပ်သိမ်းစာ
ဓာတ်ပုံ ပုံစာ, ဝေရှောက်ခန်ကို ထိုင်းနိုင်ငံသားအဖြစ်က ရုပ်သိမ်းစာ

၁၉၉၃ ခုနှစ်မှာ ဝေရှောက်ခန်ကို မူးယစ်မှောင်ခိုကူးမှုနဲ့ အမေရိကန်ပြည်ထောင်စုက ပထမဆုံး စွဲချက်တင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ‘’ဝ’’စစ်တပ်ကိုလည်း အကြီးစား ပြည်ပမူးယစ်မှောင်ခိုကူးအဖွဲ့လို့ သတ်မှတ်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာတော့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ဝေ ကို ဒုတိယအကြိမ်စွဲချက်တင်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယအကြိမ်စွဲချက်တင်မှုမှာတော့ ဝေရှောက်ခန်နဲ့ သူ့ ညီအစ်ကို ၂ ဦးအပြင် လက်ရှိ "ဝ" ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ပေါက်ညီအကိုတွေကိုပါ မူးယစ်ရာဇာတွေအဖြစ် စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနှစ်ထဲမှာပဲ ဝေရှောက်ခန်ကို ဖမ်းပေးနိုင်သူ၊ သူ့သတင်းကို ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၂ သန်းဆုကြေးပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ခဲ့ပါတယ်။

တောင်ပိုင်း 'ဝ' တပ်ရဲ့ တပ်မှူး ဝေရှောက်ခန်ရဲ့ သတင်းပေးသူကို ဆုကြေး ၂ သန်း ထုတ်တဲ့ အမေရိကန်ရဲ့ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, တောင်ပိုင်း "ဝ" တပ်ရဲ့ တပ်မှူးလို့ဆိုတဲ့ ဝေရှောက်ခန်အကြောင်း သတင်းပေးသူကို ဆုကြေး ၂ သန်း ထုတ်တဲ့ အမေရိကန်ရဲ့ထုတ်ပြန်ချက်

''ဝ'' ခေါင်းဆောင်တွေကို မူးယစ်ရာဇာတွေအဖြစ် ဖမ်းဝရမ်းထုတ်ထားတာဟာ ဖန်တီးစွပ်စွဲမှု သက်သက်ဖြစ်ပြီး ''ဝ'' နယ်မှာ မူးယစ်ဆေးဝါးကင်းစင်နယ်မြေလို့ ကြေညာဖို့ ၂ လအလိုမှာ အဲဒီစာရင်းကို ထုတ်ခဲ့တာဆိုပြီး ''ဝ'' တပ်မတော်ရဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဦးအောင်မြင့်က ၂၀၁၄ ခုနှစ်မှာ သူ့ကို ပြောခဲ့ဖူးတယ်လို့ ဘီဘီစီအယ်ဒီတာတစ်ဦးက ပြောပါတယ်။

‘‘ဝေ’’ ညီအကိုတွေ UWSA နဲ့ ဘယ်လိုချိတ်ဆက်မိခဲ့ကြလဲ

ဝေရှောက်ခန်၊ ဝေရှောက်လုံ၊ ဝေရှောက်ရင် (ဝဲ-ယာ)

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ဝေ ညီအကိုတွေကို အမေရိကန်က စွဲချက်တင်ခဲ့ချိန်က

ဝေရှောက်ခန်မှာ အစ်ကို အကြီးဆုံး ဝေရှောက်လုံနဲ့ ညီဖြစ်သူ ဝေရှောက်ရင်လို့ခေါ်တဲ့ ညီအစ်ကိုတွေရှိပါတယ်။

ဝေ ညီအစ်ကိုတွေ ‘‘ဝ’’ တပ်နဲ့ချိတ်ဆက်မှုကတော့ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကနေ ‘‘ဝ’’အဖွဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ ဖြစ်ပါတယ်။

‘‘ဝ’’အဖွဲ့ဟာ ဗကပတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပေမဲ့ ၁၉၈၉ ခုနှစ်၊ ဧပြီလမှာ ဗကပ ဆီကနေ အာဏာသိမ်းပြီး ‘’ဝ’’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကို ဖွဲ့စည်းခဲ့ပါတယ်။ ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကတော့ UWSA ဖြစ်ပါတယ်။

‘‘ဗကပ ဆီကနေ အာဏာသိမ်းတော့ လက်နက်တွေပဲ ရလိုက်တာလေ။ ငွေရေးကြေးရေး ဘာမှ မရလိုက်ဘူး။ အဲဒီတော့ ငွေကြေးလိုအပ်ချက်ရှိတယ်။ အဲဒီမှာ ‌ဝေရှောက်လုံက ရောက်လာပြီး ''ဝ'' အချင်းချင်း ပူးပေါင်းဖို့နဲ့ ရွှေလိုလား၊ ဒေါ်လာဆိုလားဆိုပြီး ပန်ဆန်းကို လာဆွေးနွေးခဲ့တာ’’ လို့ "ဝ" တပ်ဖွဲ့မှာ နိုင်ငံရေးမှူးတာဝန်ယူခဲ့ဖူးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီနောက်မှာတော့ ဝေရှောက်လုံဟာ ‘‘ဝ’’ နိုင်ငံရေးအဖွဲ့မှာ ပေါ်လစ်ဗျူရိုလို့ခေါ်တဲ့ ထိပ်ပိုင်း‌ ခေါင်းဆောင်အနည်းစုထဲ ပါဝင်လာပါတယ်။

‘‘ဝေရှောက်လုံက ဒုဘဏ္ဍာရေးကြီးမှူး ရာထူး တာဝန်ယူခဲ့တယ်။ တပ်ပေါင်းစုတာဝန်ယူကြတဲ့အခါ အမြဲတမ်းကော်မတီဝင် ၆ ဦးထဲမှာ သူပါတယ်။ ဒါပေမဲ့ အစည်းအဝေးပွဲတိုင်းမှာ သူ တက်လေ့မရှိဘူး။ စီးပွားရေးနဲ့ ဘဏ္ဍာရေးကိစ္စရှိမှပဲ သူ့ကို တွေ့ရတယ်’’ လို့ သူက ဆက်ပြောပြပါတယ်။

‘‘ဝ’’ တပ်ဖွဲ့ (UWSA) ရဲ့ ဌာနချုပ်ဟာ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်က ပန်ဆန်း (ပန်ခမ်း) မှာ ရှိပါတယ်။ ဒါပေမဲ့ မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းတုံမြို့နယ်မှာလည်း စစ်ဒေသ အမှတ် ၁၇၁ နာမည်နဲ့ တောင်ပိုင်း ‘‘ဝ’’ တပ်ဆိုပြီး ရှိနေပါတယ်။

‘‘ဝ’’ အာဏာပိုင်တွေကတော့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပေါင်းပြီး ‘‘ဝ’’နယ်လို့ ရည်ညွှန်းသုံးနှုန်းကြ ပါတယ်။

ဝေ ညီအစ်ကိုတွေဟာ ထိုင်းနယ်စပ်၊ ချင်းမိုင်နဲ့ ဆက်နေတဲ့ ရှမ်းတောင်ဘက်မှာ လှုပ်ရှားပြီး မူးယစ်မှုနဲ့ ဖမ်းဆီးခံရကာ ထိုင်းနိုင်ငံထဲမှာ သေဆုံးခဲ့တဲ့ စော်ဘွားနွယ် မဟာဆန်ရဲ့ ‘‘ဝ’’အမျိုးသားတပ် (WNA) က ဖြစ်ပါတယ်။

ဂါရဝလာပြုနေသူတစ်ဦးကို မုန့်ဖိုးပေးနေတဲ့ ဘိန်းဘုရင် ခွန်ဆာ(ထိုင်ခုံပေါ် က အမျိုးသား)ကို ၁၉၉၄ ခုနှစ်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝေရှောက်ခန်ဟာ ဘိန်းဘုရင်လို့ သိကြတဲ့ ခွန်ဆာ (ထိုင်ခုံပေါ်က အမျိုးသား) ရဲ့ အားထားရသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်

နောက်ပိုင်းမှာ ဝေရှောက်ခန်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့ မုံတိုင်းတပ်ဖွဲ့ (MTA) ထဲကို ရောက်ပါတယ်။ ခွန်ဆာရဲ့ ဘဏ္ဍာရေးမှူးဖြစ်ခဲ့ပေမဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ သူဟာ UWSA နဲ့ လက်တွဲခဲ့ပါတယ်။

‘‘ဝေရှောက်လုံက 'ဝ' တပ်ဖွဲ့ စီးပွားရေးတွေကနေ နားသွားတာကြာပြီ’’လို့ "ဝ" နိုင်ငံရေးကို မျက်ခြေမပြတ်တဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။

ဘီဘီစီက သိရှိရသလောက်အရ ဆိုရင်လည်း ဝေရှောက်လုံဟာ ၂၀၂၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့စျာပနကို ပန်ဆန်းမှာပဲ ပြုလုပ်ခဲ့ပါတယ်။

ဝေ ညီအစ်ကိုတွေထဲက အငယ်ဆုံးဖြစ်သူ ဝေရှောက်ရင်ဟာလည်း တောင်ပိုင်း "ဝ" တပ်ဖွဲ့ မူးယစ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူလို့ အမေရိကန် ထောက်လှမ်းရေးနဲ့ မူးယစ်နှိမ်နင်းရေး (DEA) တို့က ထုတ်ပြန်ပြောဆိုထားပါတယ်။

‘‘တောင်ပိုင်း 'ဝ' တပ်ဖွဲ့က မူးယစ်ဆေးနဲ့ မက်သာဖက်တမင်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝေရှောက်ရင်လည်း ပါဝင်တယ်’’ လို့ "ဝ" အရေးစောင့်ကြည့်တဲ့ အမည်မဖော်လိုတဲ့ နိုင်ငံတကာသတင်းဆုရ ပြည်ပ သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"ဝ" မှာ ဝေရှောက်ခန် အရေးပါဆဲလား

၂၀၂၃ ခုနှစ်တုန်းက ကျင်းပပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီခေါင်းဆောင်တွေ တက်ရောက်တဲ့ တည်ထောင်မှု ၃၅ နှစ်ပြည့်အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, WSTV

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်တုန်းက ကျင်းပပြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီခေါင်းဆောင်တွေ တက်ရောက်တဲ့ UWSP တည်ထောင်မှု ၃၅ နှစ်ပြည့်အခမ်းအနား

အမေရိကန်ရော၊ ထိုင်းအစိုးရကပါ မူးယစ်ရာဇာအနေနဲ့ အလိုရှိနေတဲ့ ဝေရှောက်ခန် တစ်ယောက် ''ဝ'' တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးကို တာဝန်ယူတဲ့ကာလဟာ ''ဝ ' မှာ ဘိန်းစိုက်ပျိုးတာကို စတင်တားမြစ်တယ်ဆိုပြီး အသံထုတ်တဲ့ ၂၀၀၅ ခုနှစ်မှာဖြစ်ပါတယ်။

ဝေရှောက်ခန်တစ်ယောက် ''ဝ''တပ်မှာ ဘဏ္ဍာရေးပိုင်း အကြီးအကဲတာဝန်ယူခဲ့တာဟာ ၂၀၀၄ - ၂၀၀၇ ခုနှစ်အတွင်းဖြစ်တယ်လို့ ရှမ်းနဲ့ ''ဝ ''အရေးကို ကျွမ်းကျင်သူ ဝါရင့် ဆွီဒင် သတင်းထောက် ဘာတေး လစ်တနာ က ပြောပါတယ်။

‘‘နောက်ပိုင်းမှာတော့ သူက အဲဒီရာထူးကို လက်ရှိ UWSP/UWSA ရဲ့အကြီးအကဲ ပေါက်ယူချမ်းရဲ့ ညီ ပေါက်ယူလင်းကို လွှဲပြောင်းခဲ့တယ်’’ လို့ ဘာတေး လစ်တနာက ပြောပါတယ်။

''သူ့ကို အမေရိကန်နဲ့ ထိုင်းက ဝရမ်းထုတ်ပေမဲ့ တရုတ်နဲ့ မြန်မာမှာ သူက ဦးစိန်ဝင်းနာမည်နဲ့သွားလာလို့ ရတယ်'' လို့ သူက ဆက်ပြောပါတယ်။

''ဝ'' ငြိမ်းချမ်းရေးယူတဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ကိုတက်ရောက်ဖို့ အဲဒီကာလက ဖိတ်ကြားခဲ့သူဟာ ဝေရှောက်ခန်ဖြစ်ပါတယ်။

အဲဒီကာလတွေက ဝ တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ဝ ဒေသကို ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ဘီဘီစီအပါအဝင် ပြည်တွင်းကမီဒီယာအချို့ကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ "ဝ" ခေါင်းဆောင်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲကို ဝေ တက်ရောက်ချိန်မှာ သူက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

မူးယစ်ဘုရင်အဖြစ် နိုင်ငံတကာက အလိုရှိနေတဲ့သူ့ပုံကို "ဝ" ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားအမှတ်တရ ဓာတ်ပုံစာအုပ်မှာလည်း မတွေ့ရပါဘူး။

ဝေ‌ရှောက်ခန်ဟာ ''ဝ'' အဖွဲ့အတွက် နောက်ပိုင်းမှာ သော်တာဝန်း လုပ်ငန်းစုလို့ နာမည်ပြောင်းခဲ့တဲ့ ဟုန်ပန်း လုပ်ငန်းစုကို တည်ထောင်ပြီး ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာ့စစ်ဗိုလ်ချုပ်တွေနဲ့အတူ ကျောက်စိမ်းလုပ်ငန်းကို လွှမ်းမိုးခဲ့သူလို့ သြဇာကြီးတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

"ဝ" အဖွဲ့မှာ ထိပ်ပိုင်းခေါင်းဆောင်နေရာကို ဝေရှောက်ခန် မယူရတဲ့အကြောင်းရင်း က အချက် ၂ ချက်ကြောင့် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

‘‘ဝေရှောက်ခန်တို့ ညီအကိုတွေက သွေး တစ်ဝက်၊ တရုတ်တစ်ဝက်ဖြစ်ပါတယ်။ 'ဝ' လူမျိုး စစ်စစ်ဖြစ်မှ 'ဝ' တပ်ဖွဲ့မှာ နိုင်ငံရေးရာထူး ယူလို့ရတာကလည်း သူ ရာထူးမယူရတဲ့အကြောင်းရင်းဖြစ်မယ်။ နောက်တစ်ခုကတော့ သူက နောက်ကွယ်ကနေပဲ နေချင်တာပေါ့။ လူသိ မခံချင်ဘူး။ ဒါကြောင့် သူ့ဓာတ်ပုံတွေကိုလည်း မမြင်ရဘူး’’ လို့ 'ဝ' အရေးကျွမ်းကျင်တဲ့ပြည်ပသတင်းထောက်က ပြောပါတယ်။

ဝေရှောက်ခန်ရဲ့ လက်ရှိအခြေအနေနဲ့ '' ဝ'' တပ်ဖွဲ့ မှာ ဘဏ္ဍာရေးပိုင်း အကြီးအကဲအဖြစ် အဖြစ်တာဝန်ယူထားမှုတွေရှိသေးလားဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီက '' ဝ'' တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့'' မသိရှိကြောင်း'' သာ ခပ်တိုတို့တုံ့ပြန်ပါတယ်။

ဒီလို လူလုံးထွက်မပြပေမဲ့ ဝေရှောက်ခန်ဟာ 'ဝ' စီးပွားရေးလုပ်ငန်းတွေမှာ အခရာကျသူအဖြစ် ဆက်ရှိနေဆဲလို့ အကဲခတ်တွေကတော့ သုံးသပ်ထားကြပါတယ်။

‘‘အခုဆို သူ့အသက် ၈၂ နှစ်ထဲရောက်နေပြီ။ လုံးလုံးလျားလျား နားသွားပြီဆိုတာမျိုး မဟုတ်သေးဘူး။ သူ အလုပ်တွေ လုပ်နေသေးတယ်’’ လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း 'ဝ' ခေါင်းဆောင်တွေနဲ့ တွေ့ဆုံထားဖူးတဲ့အဲဒီသတင်းထောက်က ပြောပါတယ်။