စစ်မှုမထမ်းချင်လို့ နိုင်ငံထဲကထွက်လာသူတွေ

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ထိုင်းဘက်အခြမ်း စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလနောက်ဆုံးပတ်က တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Tak Immigration

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ထိုင်းဘက်အခြမ်း စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလနောက်ဆုံးပတ်က တွေ့ရစဉ်

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီးတဲ့နောက် စစ်မှုမထမ်းချင်လို့ ပြည်ပကိုထွက်ခွာတဲ့ လူငယ်တချို့ရှိလာပြီး အဲဒီထဲကတချို့နဲ့ ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

တရားဝင်လမ်းကြောင်းကထွက်လာကြသူတွေရှိသလို တရားမဝင်လမ်းကြောင်းက ထွက်လာကြသူတွေလည်း ဒုနဲ့ဒေးပါ။

“အမေတို့က သားရေ အမေတို့ကျန်တာကြည့်ရှင်းမယ်။ သားအန္တရာယ်ကင်းအောင်သွားတော့ဆိုပြီး လွှတ်ပေးလိုက်တာ။ သူတို့လည်းဘယ်ခွဲချင်မလဲ” လို့ အသက် ၂၁ နှစ်အရွယ် ကိုကျော်ကျော် က ပြန်ပြောပြပါတယ်။

စစ်တပ်ထဲဝင်ပြီး သူတို့သားဘဝဆုံးသွားမှာကို မိဘနှစ်ပါးက မလိုလားဘူးလို့ ကိုကျော်ကျော်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့အခါ ရန်ကုန်မြို့က ကိုကျော်ကျော်အပါအဝင် လူငယ် ၁၃ သန်းနဲ့ သူတို့ မိသားစုတွေ အပေါ် သက်ရောက်မှုတွေ ရှိလာပါတော့တယ်။

အထူးသဖြင့် လက်ရှိကာလမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကလူငယ်တွေပါ။

ဒီအချိန်မှာ တချို့က တော်လှန်‌ရေးတပ်ဖွဲ့ဝင်တွေဆီ လိုက်သွားကြဖို့ ဆုံးဖြတ်သူတွေရှိသလို တချို့ကတော့ နိုင်ငံထဲဆက်မနေတော့မယ့်လမ်းကို ‌ရွေးချယ်လာကြပါ တယ်။

ကိုကျော်ကျော်ကတော့ နိုင်ငံထဲကထွက်ခဲ့တဲ့လူငယ်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။

“အခုက စစ်တပ်ထဲဝင်ပြီး တကယ် တိုက်ကြရရင် ကိုယ့်အချင်းချင်း PDF တွေနဲ့တိုက်ရမှာ။ အဲဒါမျိုးတော့ လုံးဝမလုပ်နိုင်ဘူး” လို့ သူက ပြောပါတယ်။

ကိုကျော်ကျော် တက္ကသိုလ်ပထမနှစ်ဝက်လောက်မှာပဲ စစ်အာဏာသိမ်းသွားတာကြောင့် ကျောင်းလည်း ဆက်မတက်ဖြစ် အလုပ်လည်းမရှိဖြစ်နေခဲ့ပါတယ်။

ကွန်ပြူတာသင်ပြီး ရုံးအလုပ်တစ်ခုရဖို့ကြိုးစားနေချိန်မှာပဲ စစ်တပ်ထဲမဝင်ချင်လို့ နိုင်ငံထဲကထွက်ပြေးရမယ့် အခြေနေထပ်ကြုံရတော့တာပါ။

မဲဆောက်ကို တံတားပေါ်ကနေကူးလာတာပေါ့။ တစ်ပတ်ဗီဇာရတာဆိုတော့ ခုသုံးပတ်လောက်ရှိပြီဆို‌ တော့ တရားမဝင်တော့ဖြစ်နေပြီပေါ့ဗျာ။” လို့ ကိုကျော်ကျော်က ပြောပါတယ်။

ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ထိန်းချုပ်နယ်မြေ အထူးဒေသ ၆မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် ကြား အမျိုးသား အမျိုးသမီး လူငယ် ၅၀၀ကျော်ကို စစ်သင်တန်းပေး

ဓာတ်ပုံ ရင်းမြစ်, PA O Region 6

ဓာတ်ပုံ ပုံစာ, ၂၀၂၂ခုနှစ်အတွင်း ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ထိန်းချုပ်နယ်မြေ အထူးဒေသ ၆မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် ကြား အမျိုးသား အမျိုးသမီး လူငယ် ၅၀၀ကျော်ကို စစ်သင်တန်းပေး(ပုံဟောင်း)

စစ်မှုထမ်းဥပဒေနဲ့ တိုင်းရင်းသားဒေသကလူငယ်တွေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ် တောင်ပိုင်းက စစ်မှုထမ်းရမယ့် အသက်ထဲပါနေတဲ့ အသက်၂၀ ကျော် အရွယ် မောင်ကောင်း လည်း ကိုကျော်ကျော်နဲ့ အချိန်အတူတူလောက်မှာ ထိုင်းနိုင်ငံထဲရောက်လာတာပါ။

စစ်တပ်ရဲ့စစ်မှုမထမ်းမနေရ ကြေညာချက် ထွက်အပြီးမှာ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကလည်း တပ်သားသစ်စုဆောင်းတာ တွေရှိလာခဲ့ပါတယ်။ ဒီဖိအားတွေက ရှမ်းပြည်နယ်ကလူငယ်တချို့ အတွက် နေရပ်ကနေထွက်ခွာသွားဖို့ တွန်းအားပေးသလိုဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ မောင်ကောင်းတစ်ယောက် လေကြောင်းလမ်းကနေ ဘန်ကောက်ကိုထွက်လာဖို့ဖြစ်လာခဲ့တာပါ။

“ကျွန်တော်နေတဲ့နေရာက PNO ပြည်သူ့စစ်လည်းရှိနေတာ။ မထွက်လာခင်ထိ ကရင်နီဘက်က စစ်ရှောင် လာတဲ့သူငယ်ချင်းတွေ နဲ့ အလုပ်အတူတူလုပ်နေခဲ့တာပေါ့။ အခုသူတို့ကတော့ မထွက်လာနိုင်ကြဘူး။ အတင်းအကြပ် ခေါ်တယ်ဘာညာဖြစ်လာရင် သူတို့ကတော့ သူတို့ပြည်နယ်ထဲက တော်လှန်ရေးအဖွဲ့တွေဆီပဲ ပြန်ကြမယ်ပြောတယ်။”လို့ မောင်ကောင်းက ပြောပါတယ်။

မောင်ကောင်းက အာဏာမသိမ်းခင် ကိုဗစ်ကာလမှာ အသက် ၁၉ နှစ် သာရှိသေးတဲ့ ဆုရဓာတ်ပုံပညာရှင်တစ် ယောက်ဖြစ်ပြီး ရိုက်ကူးရေးလုပ်ငန်းတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် သူ့တက်လမ်းတွေ ပိတ်သွားခဲ့ရပါတယ်။

စစ်မှုထမ်းဖို့အသက်အကျုံးဝင်နေတဲ့အတွက် သူလုပ်လက်စအလုပ်တွေကို ပိတ်သိမ်းခဲ့ရတာမို့ အတူအလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ အလုပ်လက်မဲ့နဲ့ ကျန်ခဲ့ကြရပါတယ်။

“ဟိုမှာနေလည်းဘာအခွင့်အရေးမှမရှိဘူး။ အာဏာသိမ်းကတည်း ဆုံးရှုံးပြီးသားပါ။ ရှိတဲ့အင်အားနဲ့ တောင့်ခံနေတဲ့ကြားက အခု ကျွန်တော့် Team က တကွဲတပြား ဖြစ်သွားပြီ” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာနေရင်း ဓာတ်ပုံပညာနဲ့ ဆက်ရပ်တည်သွားဖို့ စဥ်းစားထားပေမယ့် ဘဝကို တစ်ကနေပြန်စဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကြေညာပြီး ၆ရက်မြောက်နေ့မှာ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ဗီဇာလျှောက်ဖို့ တန်းစီနေသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းဥပဒေကြေညာပြီး ၆ရက်မြောက်နေ့မှာ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ဗီဇာလျှောက်ဖို့ တန်းစီနေသူတွေ

စစ်မှုထမ်းဥပဒေနဲ့နိုင်ငံခြားမထွက်ဖူးသူရဲ့အခက်ခဲတွေ

မကွေးတိုင်းက အသက် ၂၂ နှစ် အရွယ် ကိုဝေယံ က လည်း စစ်မှုမထမ်းချင်လို့ နိုင်ငံကိုစွန့်ခွာလာခဲ့သူတွေထဲက နောက်တစ်ယောက် ဖြစ်ပြီး စစ်မှုမထမ်းဘဲ နိုင်ငံကထွက်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။

သူမကွေးကနေ ရန်ကုန်လေဆိပ်ကိုလာဖို့ သူ့အိမ်ကဘယ်သူလိုက်ပို့ပေးမလဲဆိုတာကိုတောင် အကြိတ် အနယ် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ သူ့အဖေက သူ့ကိုလိုက်ပို့ပါတယ်။

လမ်းမှာ စစ်ဆေးရေးဂိတ်တွေ ဖြတ်တိုင်းသူတို့သားအဖ စိတ်လှုပ်ရှားခဲ့ရပါတယ်။

ကိုဝေယံဗီဇာလျှောက်တဲ့အပတ်မှာပဲ ထိုင်းသံရုံးမှာ ဗီဇာလျှောက်တဲ့သူ ၇,၀၀၀ရှိခဲ့ပါတယ်။

လျှောက်ထားသူများလွန်းတာကြောင့် ထိုင်းသံရုံးမှာ တိုကင်ထုတ်ပေးတဲ့စနစ်ကို ပြောင်းလဲတာတွေလုပ်ခဲ့ရပါတယ်။

သူက နိုင်ငံခြားတစ်ခါမှမရောက်ဖူးသလို လေယာဉ်လည်းမစီဖူးဘူးပါဘူး။

ရန်ကုန်လေဆိပ်ထဲရောက်တာတောင် လေယာဉ်ဆီ ဘယ်လိုသွားရမလဲ‌တောင် သူမသိခဲ့ပေမယ့် စစ်မှုမထမ်းချင်လို့ ဘန်ကောက်အထိ ရောက်အောင်လာခဲ့သူဖြစ်ပါတယ်။

“အစားအသောက်ဝယ်ဖို့တောင် ထိုင်းစကားက မတတ်တော့ ပြောတတ်တဲ့အသိ အလုပ်ဆင်းချိန်အထိ စောင့်ပြီးမှ ဝယ်စားရတယ်။ ဘယ်မှလည်း မသွားတတ်သေးဘူး။”လို့ ကိုဝေယံက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းရောက်လို့ သုံးပတ်အတွင်း အလုပ် ၁၂ ခု လောက် လျှောက်ထားပေမယ့် တစ်ခုမှ မရသေး ပါဘူး။

သူ့အခန်းဖော် သူငယ်ချင်း တချို့အလုပ်ရသွားတာ တွေ့ပြီး စိတ်ဓာတ်ကျရသလိုဖြစ်ပေမယ့် သူက တော့ လက်မလျှော့သေးပါဘူး။

လူတစ်ယောက်ကို တစ်လကို အနည်းဆုံး ဘတ်ငွေ ၁၀,၀၀၀ (ငွေကျပ် ၁၀ သိန်းဝန်းကျင်)နဲ့ အထက်ရှိမှ နေထိုင်လို့ရနိုင်တဲ့ လူနေမှုစရိတ် မြင့်မားတဲ့ ဘန်ကောက်မှာ ကိုဝေယံတစ်ယောက် သူ့မိသားစုကပေးလိုက်တဲ့ပိုက်ဆံက နောက်တစ်လစာ လောက်ပဲရှိတော့တာ ဖြစ်ပါတယ်။

“စားပွဲထိုးလုပ်ဖို့ ရှာနေတာမရသေးဘူးဆိုတော့ ရှိတာနဲ့တော့ချွေတာနေနေရတာပေါ့။’’ လို့ သူကပြောပါတယ်။

အိမ်က ထည့်ပေးလိုက်တဲ့ ပဲကြော်ထုပ်ကို ထမင်းနဲ့ ဆီဆမ်းစားပြီး ကိုဝေယံက ဖြေရှင်းပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

စစ်အာဏာသိမ်းကတည်းက နိုင်ငံထဲကထွက်ခွာသွားသူ သောင်းနဲ့ချီ ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး UNOCHA က ခန့်မှန်းထားပါတယ်။

ထိုင်းကိုဝင်လာတဲ့ မြန်မာဒုက္ခသည်က ၄၈,၀၀၀ ကျော်ရှိပြီး ၂၀၂၄ ခုနှစ်တစ်နှစ်အတွင်းမှာ ၄၀,၀၀၀ လောက် ထပ်ဝင်လာနိုင်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေက ခန့်မှန်းထားကြပါတယ်။

ဒါက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဒုက္ခသည်အဖြစ်ဝင်ရောက်လာတဲ့သူတွေကိုကောက်ယူထားနိုင်တဲ့အရေအတွက်သာ ဖြစ်ပြီး တခြားတရားဝင်ရော တရားမဝင်ပါ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့အရေအတွက်က ဒီထက်များနိုင်တာပါ။

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၉ သန်း ကျော်ထဲမှာလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားက အများဆုံးဖြစ်ပြီးတော့ တရားမဝင်နေထိုင်သူ သိန်းချီရှိနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအ‌ရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။

စစ်မှုထမ်းဥပဒေထွက်ပြီးတဲ့နောက် တရားမဝင်လမ်းကနေ ဝင်လာတဲ့ မြန်မာတွေလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးတာခံနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေသူတွေက ပြောပါတယ်။

ပွဲစားတွေက တရားမဝင်လမ်းကနေ ထိုင်းနိုင်ငံထဲခေါ်လာပြီး အဆက်သွယ်ဖြတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံသားရာဂဏန်း မဟာချိုင်မှာ အခက်တွေ့နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

ဒီလိုလိမ်လည်ခံရလို့ လာအကူညီတောင်းသူအရေအတွက်ဟာ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် တစ်ခုတည်းမှာကို အ‌ယောက် ၂၀၀ ကျော်ရှိတယ်လို့ မဟာချိုင်မှာရှိတဲ့ ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးထွန်းဝင်းနိုင်က ပြောပါတယ်။

“ဒီနှစ်ရာကျော်လုံးကတော့ ဒီစစ်မှုထမ်းဥပဒေပြပြီးမှ ဝင်လာတဲ့သူတွေ။ ဒီဘက်ရောက်ရင် ဘတ်ရိုက်ပေးမယ် အလုပ်ဝင်ရမယ်ဆိုပြီး အောက်လမ်းကလွှတ်လိုက်တာ။ သူဌေးပြောင်းစာရွက်လည်းမပါ ဘာမပါဆိုတော့ ကျွန်တော်တို့ဘက်က ကူညီဖို့လည်းခက်တယ်”လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံထဲ ခိုးဝင်လာသူတွေကို စစ်ဆေးနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံထဲ ခိုးဝင်လာသူတွေကို စစ်ဆေးနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး

စစ်မှုထမ်းဥပဒေနဲ့ တရားမဝင်လမ်းကိုရွေးခဲ့တဲ့လူငယ်

စစ်မှုထမ်းတာကိုရှောင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က မွန်ပြည်နယ်ကနေ လူပွဲစားနဲ့ထိုင်းကို ဝင်လာတဲ့ ကိုအာကာလည်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားစာရင်းဝင်သွားပါပြီ။

အသက်၂၀ အရွယ် ကိုအာကာက အိမ်ထောင်ရှိပြီး အလုပ်အကိုင်ရှားပါးတဲ့ နိုင်ငံထဲ ကြိုးစားရုန်းကန်နေခဲ့တာပါ။

အောက်လမ်းလို့ခေါ်တဲ့ တရားမဝင်လမ်းကထွက်လာရတဲ့ စရိတ်က ကြီးမြင့်တာမို့ သူ့အမျိုးသမီးကိုတောင် မခေါ်လာနိုင်ခဲ့ပါဘူး။

ဘယ်တော့မှပြန်ခေါ်နိုင်မယ်ဆိုတာလည်း သူကိုယ်တိုင်မသိပါဘူး။

သူအခု ထိုင်း-မလေးရှားနယ်စပ်က သစ်စက်တစ်ခုမှာ အလုပ်ဝင်နေတာဆိုပေမယ့် သူက တရားမဝင်ဖြစ်နေလို့ အလုပ်သမားစာရင်းထဲမပါပါဘူး။

“ အလုပ်မှာက ကိုယ်က တရားမဝင်ဆိုတော့ အလုပ်သင်ဆိုပြီး မနက် ၆ ကနေ ည ၆ ကို အလကားလုပ်ပေးရတာပေါ့။ ညနေ ၄ ကနေ မနက် ၄ နာရီအထိ သူများမလုပ်ချင်တဲ့အချိန်ဝင်လုပ်ရင်တော့ ပိုက်ဆံရတယ်။ ဒါပေမယ့် လာတဲ့ လမ်းစရိတ်က ၂၇ သိန်းတောင်ဆိုတော့ ကျေဖို့မလွယ်ဘူး” လို့ သူက ပြောပါတယ်။

စစ်သားစုဆောင်းတပ်တစ်ခုရဲ့ ပြင်ဆင်ထားမှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, MMR

ဓာတ်ပုံ ပုံစာ, စစ်သားစုဆောင်းတပ်တစ်ခုရဲ့ ပြင်ဆင်ထားမှုတစ်ခု

စစ်ကောင်စီဘက်ကတော့ စစ်သင်တန်းကျောင်းတွေအဆင်သင့်ဖြစ်နေပြီလို့ မတ်လ အစောပိုင်းမှာ သူတို့ ထိန်းချုပ်ထားတဲ့မီဒီယာကနေ ကြေညာခဲ့ပါတယ်။

မတ်လလယ်ပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကနေတဆင့် စစ်မှုထမ်းဖို့အကျုံးဝင်သူတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်နေပြီ ဖြစ်ပါတယ်။

စစ်မှုထမ်းဖို့အသက်အရွယ်အရ အကျုံးဝင်သူတွေကို ရပ်ကွက်အဆင့်ကနေ ဗဟိုအထိ အဆင့်ဆင့်တင်ပြသွားမှာဖြစ်ပြီး ဗဟိုအဆင့်က ရွေးချယ်လိုက်တဲ့သူတွေကို ဆေးစစ်မယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဗဟိုအဆင့်ရွေးချယ်ရာမှာ မကြန့်ကြာ‌ဖို့ ဗဟိုကခေါ် ယူလိုတဲ့ အရေအတွက်နဲ့ကိုက်ညီအောင် ရပ်ကွက်နဲ့ကျေးရွာတွေမှာတခါတည်း သတ်မှတ်နေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဗဟိုအဆင့်ကို အကျုံးဝင်အင်အားစာရင်းတင်ပြပြီးရင် စစ်မှုထမ်းဖို့ ရွေးချယ်ခံရနိုင်ချေများတာကြောင့်ဆေးစစ်ဖို့အတွက် နှောင့်နှေးတာတွေမဖြစ်အောင် စစ်မှုထမ်းဖို့မဲပေါက်ထားတဲ့သူတွေခရီးသွားရင် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေး ကိုအကြောင်းကြားဖို့ အသိပေးထားတယ်လို့လည်း ဆိုထားပါတယ်။

နိုင်ငံထဲကမထွက်နိုင်တဲ့လူငယ်တွေထဲ တော်လှန်ရေးတပ်ဖွဲ့တွေဆီဝင်ဖို့ ချိတ်ဆက်သူတွေလည်း ရှိနေသလို နိုင်ငံထဲကနေထွက်ဖို့ စဉ်းစားနေကြသူတွေလည်းရှိတဲ့အကြောင်း ဘီဘီစီကသိရှိရပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ကတည်းက ပြည်ပကို ထွက်လာသူတချို့ကတော့ အိမ်ကိုလွမ်းနေကြပြီဖြစ်ပြီး လတ်တလောရုန်းကန်နေရပေမဲ့ စစ်မှုမထမ်းဖို့ဆုံးဖြတ်ထားတဲ့အတွက် ရင်ဆိုင်မယ် လို့ ဘီဘီစီကိုပြောပါတယ်။

အိမ်နဲ့ဖုန်းပြောရင် ငိုချင်ပေမယ့် မငိုဖို့ထိန်းထားရတဲ့အကြောင်း ကိုကျော်ကျော်ကဘီဘီစီ ကို ပြောပါတယ်။

“အမေကသားကြီးကိုလွမ်းတယ်ပြောရင်မငိုမိအောင်နေနေရတယ်ဗျာ။ အဖေ့ကိုစနောက်ရင် ကျွန်တော့်ကို အဖေပြန် ဆဲဆိုတာကိုလည်း လွမ်းတယ်” လို့ သူက ငိုသံစွက်ပြီး ပြောပါတယ်။