ဦးသိန်းညွန့် - ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နေပြည်တော်အိပ်မက်ကို အသက်သွင်းသူ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဦးသိန်းညွန့်
ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးကြီးဟောင်း ဦးသိန်းညွန့်ဟာ ဦးသန်းရွှေရဲ့ လက်ရင်းလူယုံတစ်ယောက်လည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ နေပြည်တော်မြို့သစ်အကြောင်းပြောရင် ဦးသိန်းညွန့်ကို ချန်ထားလို့မရပါဘူး။

နေပြည်တော်ကို လျှို့ဝှက်တည်ဆောက်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက ဗိုလ်မှူးကြီးသိန်းညွန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စိတ်ကူးထဲက အစီအစဉ်တွေကို အကောင်အထည်ဖော်ပေးရတဲ့ အရေးပါသူတစ်ဦး ဖြစ်ပါတယ်။

နေပြည်တော်မြို့တော်ဝန်၊ သမ္မတရုံးဝန်ကြီးနဲ့ နယ်စပ်စည်ပင်ဝန်ကြီး တာဝန်တွေယူခဲ့တဲ့ ဦးသိန်းညွန့်ဟာ သူတည်ဆောက်ခဲ့တဲ့ နေပြည်တော်မှာပဲ မတ်လ ၁၇ ရက်က အသက် ၇၇ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။

ခါးဝေဒနာခံစားရပြီးတဲ့နောက် လေဖြတ်ပြီး အိပ်ယာထဲလဲနေတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ဦးသိန်းညွန့်ဟာ နေပြည်တော်နဲ့ ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကို သူနဲ့အတူယူဆောင်သွားပါတော့တယ်။

နေပြည်တော် ဦးသိန်းညွန့်

ဦးသိန်းညွန့်

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ဦးသိန်းညွန့်

နေပြည်တော်တည်ဆောက်ရေးမှာ အဓိကအရေးပါတဲ့ လူသုံးဦးက အဲဒီတုန်းက စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့် နဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်တို့ဖြစ်ပါတယ်။

ဦးသိန်းညွန့်က မြို့တော်တည်ဆောက်ရေးကိုအဓိက တာဝန်ယူရပြီး တပ်ပိုင်းဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းတွေကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနဲ့ ဗိုလ်ချုပ်ဝေလွင်တို့က တာဝန်ယူရပါတယ်။

ကာကွယ်ရေးဝန်ကြီးအထိ တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က သူအနားယူပြီးတဲ့နောက် ရေးတဲ့စာအုပ်မှာ နေပြည်တော်အကြောင်း ထည့်ရေးထားပါတယ်။

သူတိုင်းမှူးတာဝန်ယူတဲ့ လေးနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းခွင်တွေကို ပုံမှန်လှည့်လည် စစ်ဆေးတယ်လို့ ရေးသားထားပါတယ်။

နေပြည်တော်လေဆိပ်ကို စစ်ဆေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေပြည်တော်လေဆိပ်ကို စစ်ဆေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

အဲဒီလေးနှစ်လုံး သူနဲ့ ဦးသိန်းညွန့်ကို နေပြည်တော်နဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ တည်ဆောက်ရေးကိစ္စတွေကို ပုံမှန်ပြောပြ ညွှန်ကြားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဦးသိန်းညွန့်နဲ့ပေါင်းပြီး နေပြည်တော်ကိုတည်ဆောက်တဲ့ အဓိကလုပ်ငန်းရှင်က ဦးတင့်ဆန်း (ACE ကုမ္ပဏီ) ဖြစ်ပြီး ဦးတင့်ဆန်းက ဦးသိန်းစိန်အစိုးရလက်ထက်မှာ အားကစားဝန်ကြီးဖြစ်လာခဲ့ပါတယ်။

ရှေးမြန်မာဘုရင်တွေကိုအားကျတဲ့ စစ်ဗိုလ်ချုပ်တွေဟာ နေပြည်တော်ရဲ့ လမ်းတွေ၊ အဆောက်အဦနဲ့ အိမ်ရာတွေကို နန်းဆန်တဲ့အမည်တွေပေးပြီး ဗေဒင်၊ ယတြာကိန်းခန်းတွေကလည်း မပါမဖြစ် ဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်ပုံတူ ဥပ္ပါတသန္တိစေတီ၊ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ ဝန်ကြီးဌာနအဆောက်အအုံတွေနဲ့အိမ်ရာတွေ၊ လမ်း ၂၀ သွား ကားလမ်းမကျယ်ကြီးတွေလို အခြေခံအဆောက်အအုံတွေအတွက် နေပြည်တော်စီမံကိန်းက ဒေါ်လာ ဘီလျံပေါင်းမြောက်များစွာကုန်ကျမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က နေပြည်တော်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က နေပြည်တော်မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆင်းရဲတဲ့နိုင်ငံက ခမ်းနားလွန်းပြီး ငွေကုန်ကြေးကျများတဲ့ နေပြည်တော်က အခြေခံအဆောက်အဦတွေဟာ အံ့သြစရာကောင်းသလို အငြင်းပွားဖွယ်ရာနဲ့ မေးခွန်းထုတ်စရာတွေလည်း ရှိနေခဲ့ပါတယ်။

နေပြည်တော်တည်တဲ့ကုန်ကျစရိတ်ဟာ လျှို့ဝှက်ချက်တစ်ခုလို အမြဲဖြစ်နေခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သူ့ရဲ့ မြို့တော်ဝန်ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူးလို့ နေပြည်တော်ကောင်စီအသိုင်းအဝိုင်းမှာ ဆိုစမှတ်ရှိကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့လက်အောက်က စစ်ဗိုလ်ချုပ်တွေအများကြီးထဲကမှ ဗိုလ်မှူးကြီးအဆင့်ပဲရှိတဲ့ ဦးသိန်းညွန့်ကို ရွေးရတဲ့အကြောင်းက စည်ပင်ဝန်ကြီးဖြစ်တာတစ်ခုထဲကြောင့်မဟုတ်ဘူး လို့ ဦးသိန်းညွန့်ရဲ့ မိတ်ဆွေတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

‘‘သူက ဘတ်ဂျတ်ကို အတော်စိစစ်တယ်။ အရပ်စကားနဲ့ပြောရင် ကပ်စေးနည်းတယ်ပေါ့ဗျာ’’ လို့ ဦးသိန်းညွန့်ရဲ့ မိတ်ဆွေက ပြောပါတယ်။

တစ်ဖက်မှာလည်း နေပြည်တော်တည်ဖို့ မြေသိမ်း၊ လယ်သိမ်းကိစ္စတွေအတွက် တာဝန်ရှိသူဖြစ်ပြီး နေပြည်တော်က လယ်သမားတွေထဲမှာ ဦးသိန်းညွန့်ကို မကျေနပ်သူတွေလည်း ရှိခဲ့ကြပါတယ်။

သူ့ရဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာ ဘဏ်ကစပြီး လမ်း၊ တံတား၊စျေးနဲ့ဆေးရုံအထိ ဌာနပေါင်း ၂၀ ကျော် ရှိပါတယ်။

ဦးမောင်အေး ရဲ့ လူ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး

ဦးသိန်းညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နေပြည်တော်နဲ့ တွဲသိကြပေမယ့် သူက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့လူအဖြစ် ဗိုလ်ချုပ်အသိုင်းအဝိုင်းက သိကြပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၁၂) ဆင်းဖြစ်တဲ့ ဦးသိန်းညွန့်ဟာ ဒုတိယသမ္မတဟောင်း ဦးသီဟသူရ တင်အောင်မြင့်ဦး၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းတို့နဲ့ တစ်ပတ်စဉ်ထဲဖြစ်ပါတယ်။

ဦးသိန်းညွန့်ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမှာ ဗျူဟာမှူး ရာထူး နဲ့ တန့်နေရာကနေ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ထောက်ခံမှု နဲ့ မကွေးတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

‘‘ဦးအေးက ကျောင်းဆင်းပွဲလာရင်း အေးသာယာမှာ ဂေါက်ရိုက်တယ်။ ဦးသိန်းညွန့်က လုံခြုံရေး ယူပေးနေကျ၊ နီးစပ်မှုရှိကြတယ်’’ လို့ ဦးသိန်းညွန့် နဲ့ တစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းဥက္ကဋ္ဌ ဘဝမှာ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေ လုပ်ခဲ့တာက နေပြည်တော်မြို့တော်ဝန်ဖြစ်ဖို့ လမ်းစလို့ သူကပြန်ပြောပြပါတယ်။

‘‘သူ့ရဲ့ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေကို ဗိုလ်ချုပ်မှူးကြီး က သတိထားမိခဲ့တယ်’’ လို့ သူက ဆက်ပြောပါတယ်။

ဦးသိန်းညွန့်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နေပြည်တော်မြို့တော်ဝန် ရာထူးအပြင် သမ္မတရုံးဝန်ကြီး (၁) ရာထူးကိုပါ ထမ်းဆောင်ခဲ့ပြီး နေပြည်တော်မှာသြဇာညောင်းသူ တစ်ဦးဖြစ်လာပါတယ်။

သူက သမ္မတရုံး ဝန်ကြီးတွေထဲမှာလည်း နာမည်သိပ်မထွက်လှပါဘူး။ သူနဲ့ အမည်တူတဲ့ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်ကိုပဲ နိုင်ငံရေးလောကမှာ လူသိများပါတယ်။

နိုင်ငံရေးတွက်ကိန်း မှန်သလား မှားသလား

လွှတ်တော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေပြည်တော်က လွှတ်တော်အဆောက်အဦ

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးသိန်းညွန့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သူ့မွေးရပ် ဧရာဝတီတိုင်း မအူပင်မြို့နယ်ကနေ အနိုင်ရပါတယ်။ သူ့မိဘတွေက ပြည်ကြီးတရုတ်တွေဖြစ်ပြီး အဲဒီအကြောင်းပြချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကန့်ကွက်ခံရပါသေးတယ်။

ဒီကန့်ကွက်မှုကို ရွေးကောက်ပွဲကော်မရှင်ကပယ်ချခဲ့ပေမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဦးသိန်းညွန့်က သူ့မဲဆန္ဒနယ်မအူပင်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ခဲ့ပေမယ့် NLD ကို သူ့မိတ်ဆွေဗိုလ်ချုပ်ဟောင်းတွေ နည်းတူရှုံးနိမ့်ခဲ့တာက အံ့သြစရာမကောင်းပါဘူး။

အံ့သြစရာကောင်းတာက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းညွန့်က နေပြည်တော်က မဲဆန္ဒနယ်တွေမှာ နေပြည်တော်ကောင်စီဝင်တွေကို တစ်သီးပုဂ္ဂလ ဝင်ပြိုင်ခိုင်းတဲ့ လုပ်ရပ်ပါ။

‘‘သူက ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ဘူးထင်လို့ သူ့လူတွေကို တစ်သီးပုဂ္ဂလဝင်ပြိုင်ခိုင်းတာပေါ့’’ လို့ နေပြည်တော်က ကြံ့ခိုင်ရေးအမတ်ဟောင်းတစ်ဦးက သူ့အမြင်ကို ဘီဘီစီကို ပြောပါတယ်။

အဲဒီလုပ်ရပ်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက နေပြည်တော်မှာ မဲကွဲကုန်တယ်လို့ သူကပြောပါတယ်။

‘‘အဲဒါတေ့ာ သူအကြီးကြီးမှားတယ်’’ လို့ နေပြည်တော်က ကြံ့ခိုင်ရေး အမာခံပါတီဝင်က ပြောပါတယ်။

ကိုယ်တည်တဲ့သုဿန် သို့ ကိုယ်ပြန်သွားခြင်း

နေပြည်တော် စစ်ဆေးရုံမှာ ကွယ်လွန်သွားတဲ့ ဦးသိန်းညွန့်ကို ဆေးရုံတက်ဖို့ စီစဉ်ပေးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း မိသားစုက သတင်းစာမှာကြေညာပါတယ်။

မိတ်ဆွေတွေက သတင်းစာတွေလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဝမ်းနည်းကြောင်း ရေးသားကြပါတယ်။

သူ့မိတ်ဆွေ ဝန်ကြီးဟောင်းတချို့ကတော့ မတ်လ ၁၉ ရက်က နေပြည်တော် စစ်သင်္ချိုင်းအထိ လိုက်ပါပို့ဆောင်ပါတယ်။

သမ္မတရုံးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ အပါအဝင် နေပြည်တော်တိုင်းမှူးလည်း အသုဘလိုက်ပို့တယ်လို့ နာရေးလိုက်ပါပို့ဆောင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

‘‘သူ ဒီသုဿန်တည်တုန်းက သူသေရင် ဒီမှာပဲမြှုပ်ရမယ်လို့ စဉ်းစားမိခဲ့ရဲ့လားတော့မသိဘူး။ အခုတော့ သူတည်တဲ့သုဿန်မှာ သူ့ကိုပြန်မြှုပ်လိုက်တာပဲ၊ တရားသဘောပေါ့’’ လို့ နာရေးလိုက်ပါပို့ဆောင်သူ အမတ်ဟောင်းက ပြောပါတယ်။

မြေအောက်ဥမင်တွေ ရှိခဲ့သလား

နေပြည်တော်ကို တည်ဆောက်တဲ့ အချိန်က မြေအောက်ဥမင်လိုဏ်ခေါင်းတွေပါ တပါတည်း ဆောက်လုပ်ခဲ့တယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။ မြောက်ကိုရီးယား ကျွမ်းကျင်သူတွေ အကူအညီနဲ့ တည်ဆောက်ခဲ့တာလို့လည်း ၂၀၀၉ ခုနှစ်က မီဒီယာသတင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဥမင်လိုဏ်ခေါင်းတွေအကြောင်း နောက်ပိုင်းမှာ ဘာမှမကြားရတော့သလို အဲန်အယ်ဒီအစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၆-၂၀၂၀ ကာလအတွင်းမှာလည်း ဒီအကြောင်းထုတ်ဖော်တာ မတွေ့ခဲ့ရပါဘူး။

တကယ်တမ်း တည်ဆောက်မှုတွေ လုပ်ခဲ့တယ်ဆိုရင် အတွင်းကျကျ သိရှိနိုင်သူတစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်ကတော့ အဲဒီသိရှိထားချက်တွေနဲ့အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။