အာဏာသိမ်း ၃ နှစ်အတွင်း တစ်ကျပ်သား ၄၁ သိန်းကျော်နဲ့ စံချိန်တင်ရွှေစျေး

ရွှေ တစ်ကျပ်သားကို ကျပ် ၄၁ သိန်း ၇ သောင်းကျော်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရွှေ တစ်ကျပ်သားကို ကျပ် ၄၁ သိန်း ၇ သောင်းကျော်ဖြဖြစ်

နိုင်ငံရေးစီးပွားရေးကျဆင်းပြီး ကုန်စျေးနှုန်းတွေတက် ကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်မှာပဲ ရွှေစျေးကလည်း ပြင်ပပေါက်စျေး အခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၄၁ သိန်း ၇ သောင်းကျော်အထိ စျေးပေါက်လာပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အမြင့်ဆုံးစံချိန်တင်ရွှေစျေးနှုန်းဖြစ်လာပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်းစျေးနှုန်းနဲ့ နှိုင်းယှဥ်ရင်တောင် တစ်ကျပ်သားကို ကျပ် ၁ သိန်း ၃ သောင်းကျော်မြင့်တက်သွားတာပါ။

ဒါပေမဲ့ ရွှေစျေးကွက်ရဲ့ သဘောသဘာဝအတိုင်း ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း ရဲ့ ရည်ညွှန်းဈေးက တစ်ကျပ်သားကို ၃၇ သိန်း ၉ သောင်း ကျော်ဖြစ်တာကြောင့် ပြင်ပပေါက်စျေးနဲ့ ၄ သိန်းနီးပါးကွာဟာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ အခေါက်ရွှေစျေးနှုန်းက တစ်ကျပ်သားကို ကျပ် ၁၃ သိန်း ပေါက်စျေးရှိခဲ့ပြီ ၂၀၂၄ ခုနှစ်မတ်လ ပထမအပတ်အတွင်းမှာဘဲ ကျပ် ၄၀ သိန်းအထိ စျေးမြင့်တက်ခဲ့တဲ့အတွက် အခုနှစ်က ရွှေစျေး စံချိန်တင်မြင့်တက်တဲ့နှစ်လို့ Data for Myanmar ရဲ့ စာရင်းကလည်း ဖော်ပြထားပါတယ်။

ရွှေဈေးတွေ တရိပ်ရိပ် မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းက ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEAမှာ ရွှေဈေးနှုန်းတည်ငြိမ်စေရေး အထူးအစည်းအဝေး ကျင်းပခဲ့ပါတယ်။

ပြင်ပရွှေအရောင်းအဝယ်လုပ်သူတွေနဲ့ ရွှေဆိုင်တွေဟာ ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်တဲ့ စျေးနှူန်းအတိုင်းရောင်းဝယ်ကြရမှာဖြစ်ပြီး ၊အရောင်းအဝယ်မလုပ်နိုင်ဘူးဆိုရင် ဆိုင်ပိတ်ပြီး အရောင်းရပ်ထားဖို့ ရွှေအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

“ဆိုင်တွေမှာ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းတယ်၊ ဘယ်ဆိုင်မဆို သွားဝယ်လို့ရတယ်၊ တိုင်တာတောတာရှိရင် စစ်ဆေးအရေးယူမယ်”လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဦးမျိုးမြင့် ကပြောပါတယ်။

သတ်မှတ်ဈေးအတိုင်း မရောင်းနိုင်တဲ့ ရွှေဆိုင်တွေကို အရောင်းရပ်ခိုင်းတာ အဖြေလား

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, YGEA

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့ကြောင့် ဘီဘီစီအနေနဲ့ ရွှေဆိုင်တချို့ကို စုံစမ်းကြည့်တဲ့အခါ လတ်တလောမှာ ရွှေဈေးအတက်အကျ မငြိမ်သက်တာကြောင့် ဈေးနှုန်းမဖော်ပြနိုင်သေးသလို အခေါက်ရွှေတုံးတွေကို အရောင်းရပ်ဆိုင်းထားတယ်လို့ ပြောဆိုဖြေကြားပါတယ်။

“ရွှေဈေးက အရမ်းလည်းဟနေတယ်။ သူတို့ပြောတဲ့ ဈေးကတမျိုး၊ ဆိုင်တွေမှာ ရောင်းနေတာကလည်း တစ်ဆိုင်နဲ့တစ်ဆိုင်က ဈေးမတူဘူး။ ဒီတော့ ပြဿနာဖြစ်မှာစိုးတော့ အရောင်းရော အဝယ်ရော ရပ်ထားလိုက်တယ်”လို့ ရန်ကုန်မြို့က ရွှေရောင်းဝယ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့ပေမဲ့ တချို့ ရွှေဆိုင်တွေမှာတော့ ရောင်းဈေးက တမျိုးနဲ့ ငွေလက်ခံ‌ဘောက်ချာမှာ ဈေးတမျိုး ရောင်းချနေတာတွေလည်း ရှိနေပါတယ်။

“သူတို့ဈေးတွက်လိုက်ရင် ၄၁ သိန်း အထက်မှာပဲ။ ဈေးနှုန်းကျတော့ တမျိုးပြတာပေါ့ဗျာ။ အလျော့တွက်လက်ခတွေ ပိုယူထားလိုက်တာတွေပါ့။ ဒါပါပဲ။ ရသေ့စိတ်ဖြေတွေ လုပ်နေတာ”လို့ ရွှေလုပ်ငန်းရှင်တစ်ယောက်က ထောက်ပြပါတယ်။

ဒါပေမဲ့ ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ ဌာနဆိုင်ရာတွေက အသွင်ယူပြီး စုံစမ်းနေတာလုပ်တယ်လို့ တုံ့ပြန်ပါတယ်။

“ အသွင်ယူပြီး သွားဝယ်တာတွေ ရှိပါတယ်။ အဲဒါမျိုးတွေရှိရင် အရေးယူပါတယ်။ ပြစ်ဒဏ်‌ထောင်ဒဏ်ပေးတာတွေ၊ လိုင်စင်ပြန်သိမ်းတာတွေရှိပါတယ်”လို့ ဦးမျိုးမြင့်ကပြောပါတယ်။

သတ်မှတ်ဈေးအတိုင်း ရောင်းခိုင်းတာ၊ မရောင်းနိုင်ရင် အရောင်းရပ်ခိုင်းတာတွေဟာ ရွှေဈေးမြင့်တက်နေတာကို ဖြေရှင်းတဲ့ နည်းလမ်းအမှန် မဟုတ်သေးဘူးလို့လည်း ရွှေလုပ်ငန်းရှင်တစ်ယောက်က ထောက်ပြပါတယ်။

“စက်သုံးဆီဈေးတွေတက်တော့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းပေးတယ်။ စားအုန်းဆီ ဈေးတက်တော့လည်း ဒေါ်လာရောင်းပေးတယ်၊ ကျွန်တော်တို့ကိုတော့ ရောင်းပေးတာမရှိဘူး။ ကျွန်တော် တို့ကိုလည်း ဒေါ်လာရောင်းပေး ဒါမှမဟုတ် ရွှေရောင်းပေးမလား။ အခုတော့ ဘာမှထောက်ပံ့မှုမပေးဘဲနဲ့ ဈေးပဲ လိုက်ဖြုတ်နေတော့ မရောင်းရုံဘဲ ရှိတာပေါ့၊ ပြီးတော့ တောင်စစ်မြောက်စစ်နဲ့”လို့ ပြောပါတယ်။

တဖက်မှာလည်း ‌ဝန်ထမ်းတွေကို ပုံမှန်ထက်ပိုခန့်ထားပြီး ရွှေဆိုင်တွေ အချင်းချင်းကြား တစ်ဆိုင်နဲ့တစ်ဆိုင် ပရိုမိုးရှင်းလုပ်တာတွေ၊ ကံစမ်းမဲဖောက်ပြီး ငွေသုံးထိုးဖောက်တာတွေနဲ့ အနုပညာရှင်တွေကိုသုံးပြီး Live လွှင့်ရောင်းချတာမျိုးလို အထွေထွေကုန်ကျစရိတ်တွေတက်လာတာကို ကာမိအောင် ရွှေဆိုင်တွေက ရွှေစျေးနှုန်းတွေတင်ပြီးရောင်းချနေတာကနေ စျေးကွက်ထဲမှာ အမြင့်စျေးဖြစ်ပြီး ရွှေစျေးမကျတာတွေလည်းရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိပါတယ်။

ရွှေဈေးတက်လာရတဲ့အကြောင်းအရင်း

ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီကာလအတွင်းမှာ ရွှေဈေး တရိပ်ရိပ် မြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာကြောင့်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောကြားသလို ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ယောက်တော့ ဈေးကစားသူတွေကြောင့်လို့ မှတ်ချက်ပေးပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ပုံစံမျိုးစုံနဲ့ ငွေကြေးတန်ဖိုး လျော့ကျနေတဲ့အတွက် မြန်မာငွေကို လက်ကိုင်မထားရဲသူတွေက ဒေါ်လာ၊ ရွှေတို့ အပါအဝင် ငွေကြေးခိုင်မာတာကို လက်ဝယ်ထားပြီး ငွေကြေးတန်ဖိုးလျော့ကျမှုကို ခုသာခံသာရှိအောင် ဖန်တီးထာကြတယ်လို့ဆိုပါတယ်။

ရွှေစျေးနှုန်းကို စစ်တမ်းကောက်ယူ သုတေသနလုပ်ခဲ့တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ် ၂၀၂၄ ခုနှစ် မတ် ၁၅ ရက်မှာ အခေါက်ရွှေတစ်ကျပ်သား ပေါက်ဈေးက ၄၁ သိန်း ၅ သောင်းအထိ အမြင့်ဆုံးစံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းမှာ စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေး လုပ်ငန်းကော်မတီနဲ့ ရွှေလုပ်ငန်းရှင်များ အသင်းတွေကနေ ရွှေဈေးကွက်ကို ထိန်းကျောင်းနေရင်းနဲ့ပဲ သိန်း ၄၀ ကျော်လာတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒီ စစ်တမ်းကောက်ယူတဲ့ Data for Myanmar ရဲ့ ရွှေဈေးမြင့်မားရတဲ့ အကြောင်းအရင်း ဖော်ပြချက်တွေမှာတော့ ပြည်တွင်းမှာ ရွှေဝယ်ချင်သူတွေက ရွှေရောင်းနိုင်တဲ့ ပမာဏထက်များနေတာကြောင့်လို့ သိရပါတယ်။

မြန်မာနိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ငွေစက္ကူရိုက်နှိပ်တာတွေနဲ့ပတ်သက်တဲ့ ကောလာဟလတွေ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ပို့ကုန်မူဝါဒ မတည်ငြိမ်တာတွေက မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာတဲ့အပြင် ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲဖြစ်နေတာ၊ ရွှေသယ်ယူဖို့ ပို့ဆောင်ဖို့ ခက်ခဲတာတွေ ကလည်း အကန့်အသတ်တွေဖြစ်လာတယ်လို့ ဆိုပါတယ်။

ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် ကတော့ “ဈေးကစားနေတဲ့သူတွေများနေလို့ ဖြစ်တာပါ။ တွင်းတွေကလည်း ရွှေတွေထွက်တာများပါတယ်။ အထည်တွေကနေလည်း ငွေဖော်တာတွေရှိတော့ ကျွန်တော်တို့ မှာ ရွှေတွေရှိပါတယ်”လို့ ပြောပါတယ်။

ဒီလိုစျေးကွက်ကို ထိန်းမရတဲ့အခြေအနေကြောင့် စစ်ကောင်စီလက်အောက်ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့ပေါင်းပြီး ရွှေကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ဖို့ဆိုပြီး စိုင်းပြင်းနေပါတယ်။

အ‌ရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုအဖြစ်သတ်မှတ်မယ်ဆိုရင် အဲဒီကုန်စည်နဲ့ သက်ဆိုင်တဲ့ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုသက်ဆိုင်ရာဌာနတစ်ခုတည်းကဆုံးဖြတ်လုပ်ဆောင်မှာဖြစ်ပါတယ်။

ရွှေနဲ့ အပြိုင်တက်နေတဲ့ ငွေလဲနှုန်း

ရွှေစျေးနဲ့အပြိုင် လက်ရှိမှာလည်း နိုင်ငံခြားငွေလဲနှုန်းကလည်း မြင့်တက်နေပါတယ်။

မတ်လ ၁၈ ရက်နေ့ ပြင်ပစျေးကွက်က သတ်မှတ်နှုန်းက နိုင်ငံခြားငွေစျေးနှုန်းက အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၆၉၀ ပေါက်စျေးရှိပြီး ထိုင်းဘတ်ငွေ တစ်ရာကို မြန်မာကျပ်ငွေကျပ် ၁ သောင်းဝန်းကျင် အထိ ပေါက်စျေးရှိပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ ပုံသေငွေလဲနှုန်းက တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြစ်နေတာကြောင့် ပြင်ပပေါက်ဈေးနဲ့ဆိုရင် ၁၅၄၀ ကျပ်အထိ ကွာဟနေတာဖြစ်ပါတယ်။

စီးပွားရေးသုတေသီ ဦးသက်ဇော် ကတော့ ရွှေစျေးနဲ့ နိုင်ငံခြားငွေစျေးတွေ မြင့်တက်ရတာက နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီပွားရေးဆို့မှုတွေနဲ့ သက်ဆိုင်သလို သွင်းကုန်ထုတ်ကုန် မညီမျှမှုတွေကြောင့်လည်းပါတယ်လို့ ထောက်ပြထားပါတယ်။

'' အဓိကစီးပွားရေးသမားတွေကပဲ ကစားနေတာပါ။ ကမ္ဘ့ာ ရွှေစျေးရော၊ ဒေါ်လာနှုန်းက ရော ပုံမှန်ပဲ။ မြန်မာမှာပဲ မဖြစ်နိုင်တဲ့ စျေးတွေမကစားစေချင်ဘူ။ စျေးကွက်ထဲကလူတွေက စျေးကွက်တန်ဖိုးကိုနားလည်ရမယ်။ နားမလည်ဘဲ ဖြစ်ချင်ရာဖြစ် ငါမြတ်ရင်ပြီးရောဆိုရင်တော့ အန္တရာယ်ကြီးတယ်'' လို့ ဦးသက်ဇော် က သုံးသပ်ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်စေဖို့ လူမှုကွန်ယက်စာမျက်နှာ၊ App နဲ့ Website တွေကတစ်ဆင့် မဟုတ်မမှန် လုပ်ကြံသတင်းတွေ ထုတ်ပြန်ပြီး လှုံဆော်သူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ တရားစွဲ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မြန်မာ ကျပ်တန်ဖိုးကျဆင်းပြီး ခိုင်မာမှုအားနည်းတာကြောင့် ဒေါ်လာဝယ်ယူစုဆောင်းကြတာအပြင် အခုလပိုင်းမှာ ဒေါ်လာပိုပြီး ဝယ်လာတဲ့ အကြောင်းအရင်းတစ်ခုက ပြည်ပနိုင်ငံတွေကိုသွားဖို့အတွက် ဒေါ်လာအဝယ်များလာတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကို စုဆောင်းနေတာကြောင့် ပြည်ပထွက်ခွာဖို့အတွက် နိုင်ငံတကာ ငွေကြေးဖြစ်တဲ့ ဒေါ်လာကို ဝယ်ယူတာများပြီး ဈေးနှုန်းတွေလည်း မြင့်တက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒေါ်လာဈေးတက်လာတဲ့အခါ တနွယ်ငင် တစင်ပါ ဆိုသလို ရွှေဈေးကလည်း နောက်ကနေ လိုက်တက်လာတာလည်း အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ထောက်ပြကြပါတယ်။