နဘူး၊ ပိုင်ကျုံနဲ့ သာမညတို့ဆီရောက်မယ့် ထိုင်းပေးတဲ့စာနာမှုအကူအညီ

နဘူး၊ ပိုင်ကျုံး နဲ့ သာမည တို့ဆီရောက်မယ့် ထိုင်းပေးတဲ့လူသားချင်းစာနာမှု ရှေ့ပြေးအစီအစဉ်

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, အကူအညီပေးရေးယာဉ်တန်းကို မဲဆောက်မြို့မှာတွေ့ရစဉ်

ကရင်ပြည်နယ်မှာရှိတဲ့ ကော့ကရိတ်ခရိုင်ထဲက နဘူးမြို့၊ ဘားအံခရိုင်ထဲက ပိုင်ကျုံနဲ့ သာမညမြို့တို့ကို ထိုင်းအစိုးရရဲ့ လူသားစာနာအကူအညီတွေ ထောက်ပံ့ဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံအစိုးရက အလုံးစုံ ပံ့ပိုးကူညီတဲ့ မြန်မာအတွက် “လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေးအစီအစဉ်” ဆောင်ရွက်မယ့်အကြောင်း ထုတ်ပြောပြီး နှစ်လဝန်းကျင်မှာပဲ ထောက်ပံ့မှုတွေစတင်လာတာပါ။

စစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဦးစီးဆောင်ရွက်တာကြောင့် ဝေဖန်မှုတွေရင်ဆိုင်နေရပေမဲ့ ဒုက္ခသည်အယောက် နှစ်သောင်းစာအတွက် ကယ်ဆယ်ရေးအိတ်၊ ဆန်၊ အစာခြောက်နဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေကို မတ်လ ၂၅ ရက်နေ့မှာပဲ လွှဲပြောင်းပေးခဲ့ပါပြီ။

ထိုင်းကြက်ခြေနီအသင်းက တာ့ခ်ခရိုင် မဲဆောက်မြို့ကနေ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို လွှဲပြောင်းပေးတာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက လက်ခံရယူခဲ့တာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဓာတ်ပုံနဲ့ တကွထုတ်ပြန်ပါတယ်။

ဒီလိုလွှဲအပ်တာကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အကြီးအကဲတွေက ကြီးကြပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အကူအညီပေးရေးပစ္စည်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘယ်လိုဖြန့်ဝေသွားမလဲဆိုတာ အသေးစိတ်ထုတ်မပြောသလို ဘီဘီစီကဆက်သွယ်မေးမြန်းချိန်မှာလည်း ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။

လက်နက်ကိုင်အဖွဲ့ကွဲများစွာ စိုးမိုးထားတဲ့ မြို့သုံးမြို့

လက်နက်ကိုင်အဖွဲ့ကွဲများစွာ စိုးမိုးထားတဲ့ မြို့သုံးမြို့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကရင်အမျိုးသားအစည်းအရုံး KNU

လူသားချင်းစာနာအကူအညီပေးရေးတွေပေးအပ်မယ့် နဘူး၊ ပိုင်ကျုံနဲ့ သာမည မြို့တွေဟာ ကရင်ပြည်နယ်ထဲက တိုက်ပွဲအပြင်းအထန်ဖြစ်လေ့ရှိတဲ့ဒေသတွေမဟုတ်ပေမဲ့ တိုက်ပွဲဖြစ်တဲ့ဒေသတွေက စစ်ရှောင်တွေလာခိုလှုံနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“စစ်ရှောင် နှစ်သောင်းကျော်ကနေ သုံးသောင်းဝန်းကျင်အထိရှိနိုင်ပါတယ်။ ကော့ကရိတ်တိုက်ပွဲတွေ ဖြစ်တော့ ကော့ကရိတ်ဘက်က အများစုက နဘူး၊ ပိုင်ကျုံဘက်ကို စစ်ရှောင်နေကြတယ်” လို့ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ (CIDKP) ဒုတိယညွှန်ကြားရေးမှူး စောခဲလီ က ဘီဘီစီကို ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ကရင်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေသလို ကော့ကရိတ်ရဲ့ကျေးရွာတွေဘက် မှာလည်း မွန်တပ်အချို့နဲ့ စစ်ကောင်စီကြား မတ်လ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေရှိနေပါတယ်။

တခါ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်မဟာတွေအကြား သိသိသာသာစစ်ရေးငြိမ်သက်နေတဲ့ တပ်မဟာ ၇ ထဲမှာပါ ဒီရက်ပိုင်းတိုက်ပွဲအချို့ ရှိနေတာပါ။

ဘာကြောင့်လည်းဆိုတော့ ရှေ့ပြေးအကူအညီမစမီ နှစ်ရက်အလို မတ်လ ၂၃ ရက်က ကော့ကရိတ် - နဘူးလမ်းမပေါ်မှာရှိတဲ့ မြပတိုင်ကျေးရွာအနီးက ရင်ကွဲတောင်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ခိုက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

“ရင်ကွဲတောင်နားတိုက်ပွဲဖြစ်ပေမဲ့ အခုတော့ ပြန်ငြိမ်နေပြီ” လို့ ဒေသခံတစ်ဦးက မတ်လ ၂၅ ရက် ညနေပိုင်းမှာ ဘီဘီစီကို ဖြေခဲ့ပါတယ်။

အခုလိုအကူအညီပေးမယ့် မြို့တွေမှာ လုံခြုံရေးအတွက် စိုးရိမ်ဖို့ ကောင်းတဲ့အခြေအနေတွေရှိတဲ့ အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းကတည်းကထုတ်ပြောထားခဲ့ပြီး မြေပြင်အခြေအနေအရလည်း စစ်ရှောင်တွေဆီရောက်ဖို့ မတူညီတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်ဒေသတွေကို ဖြတ်သန်းသွားရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ နဘူး၊ ပိုင်ကျုံနဲ့ သာမည ဒေသတွေဆီ အကူအညီ ထိရောက်အောင်ပေးနိုင်ဖို့ရာ ခက်ခဲတဲ့အခြေအနေရှိနေပြီး အမည်မဖော်လိုတဲ့ချိတ်ဆက်မှုတွေရှိနေနိုင် တယ်လို့ စစ်ရှောင်ကူညီအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။

ထိုင်းရဲ့ ရှေ့ပြေးအကူအညီမှာ လက်နက်ကိုင်တပ်တွေ ဘယ်လောက်ထိပါဝင်လဲ

ထိုင်းရဲ့ ရှေ့ပြေးအကူအညီမှာ လက်နက်ကိုင်တပ်တွေ ဘယ်လောက်ထိပါဝင်လဲ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်အယောက် နှစ်သောင်းစာအတွက် ကယ်ဆယ်ရေးအိတ်၊ ဆန်၊ အစာခြောက်နဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေကို မတ်လ ၂၅ ရက်နေ့မှာပဲ လွှဲပြောင်း

“ဒီမြို့၊ ဒီနေရာတွေကိုက လက်နက်ကိုင်အချိတ်အဆက်မရှိရင် သုံးနေရာစလုံးက သွားဖို့မလွယ်ဘူး” လို့ ဒုက္ခသည်ကူညီရေးဆောင်ရွက်တာ ၂၆ နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ CIDKP ဒုတိယညွှန်ကြားရေးမှူး စောခဲလီက ထောက်ပြပါတယ်။

နဘူး၊ ပိုင်ကျုံနဲ့ သာမည တကြောဟာ KNU တပ်မဟာ ၇ ရဲ့ နယ်မြေထဲပါသလို ကရင်နယ်ခြားစောင့်တပ်(BGF)ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army)တပ်ဖွဲ့ တွေ လှုပ်ရှားရာ နယ်မြေလည်းဖြစ်ပါတယ်။

မြေပြင်အနေအထားအရ ဘားအံမြို့ကို ဗဟိုပြုကာ မြောက်ဘက်ကိုသွားရင် ပိုင်ကျုံမြို့ကို သွားလာလို့ရပြီး တောင်ဘက်ကိုသွားရင်တော့ သာမညမြို့ နဲ့ နဘူးမြို့တို့ကို ဆက်တိုက်သွားနိုင်မှာပါ။ တစ်မြို့နဲ့ တစ်မြို့ သွားလာဖို့ တစ်နာရီကျော်သာကြာမြင့်နိုင်ပေမဲ့ လွယ်လွယ်ကူကူဖြတ်သန်းသွားလာလို့ရတဲ့နေရာတွေတော့ မဟုတ်ပါဘူး။

လူသားစာနာထောက်ထားမှုအကူအညီပေးရေး ပစ္စည်းတွေ သယ်ဆောင်လာမယ့်ယာဉ်တန်းကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ နယ်မြေတွေကတဆင့် ဖြတ်သန်းသွားမယ်လို့ ဘီဘီစီကနဦးသိရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေ အခုနှစ် မတ်လပိုင်းမှာမှ ညီလာခံခေါ်ယူ

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO

ဓာတ်ပုံ ပုံစာ, NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေ အခုနှစ် မတ်လပိုင်းမှာမှ ညီလာခံခေါ်ယူ

7 EAOs – Alliance မဟာမိတ်အဖွဲ့မှာပါဝင်တဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေကတော့ အခုထိုင်းရဲ့ ရှေ့ပြေးအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်တာမရှိသေးဘဲ အာဆီယံလူသားချင်းစာနာမှုအကူအညီ ပေးညှိနှိုင်းရေးရုံး (AHA Centre) ကတဆင့် ညှိနှိုင်းတာတွေရှိတယ်လို့သာ တုံ့ပြန်ကြပါတယ်။

“PPST အနေနဲ့က AHA Centre နဲ့ ပူးပေါင်းပြီး ဆန်ထောက်ပံ့တာတွေရှိတယ်၊ ဒါတွေက ဆက်လုပ်နေတုန်းပါ။ ထိုင်းရဲ့ ဦးဆောင်မှုက အခုထပ်ဝင်လာတဲ့အခါကျတော့ ကျွန်တော်တို့ စုဖွဲ့မှုက အသစ်ဖြစ်ပေမဲ့ ဒီအတိုင်းပဲသွားမှာပါ” လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဘီဘီစီကို ပြောပါတယ်။

7 EAOs – Alliance နဲ့ ထိုင်းရဲ့ ပူးပေါင်းကူညီမှုတွေရော ဘယ်အချိန်စတင်လာနိုင်မလဲလို့ ဘီဘီစီက မေးမြန်းရာမှာတော့ “စောင့်ကြည့်ရဦးမယ်” လို့သာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက တုံ့ပြန်ပါတယ်။

7 EAOs - Alliance ဆိုတာဟာ NCA လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေ အခုနှစ် မတ်လပိုင်းမှာမှ ညီလာခံခေါ်ယူပြီး မဟာမိတ်အဖြစ် ကရင်လက်နက်ကိုင်အဖွဲ့တွေလည်းဖြစ်တဲ့ KNU/KNLA (PC) နဲ့ DKBA အပါအဝင် လားဟူတပ် (LDU) ၊ ရခိုင်တပ်(ALP)၊ ရှမ်းတပ် (RCSS) ၊ ပအိုဝ်းတပ် (PNLO) နဲ့ မွန်တပ်(NMSP) တို့နဲ့ ပြင်ဆင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း အထူးသဖြင့် ထိုင်း - မြန်မာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အကူအညီလိုအပ်နေသူတွေအတွက် အကူအညီ‌တွေ ထပ်မံတိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပိုပြီး‌ဆွေးနွေးသွားဖို့ရှိနေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘီဘီစီစုံစမ်းမေးမြန်းကြည့်ချက်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိုင်းအာဏာပိုင်တွေကြား ကြားခံအဖွဲ့အစည်းတွေကတဆင့် ဆွေးနွေးနေတာတွေရှိနေပြီး ရှေ့ပြေးအကူအညီပေးအပ်မယ့် မြို့သုံး မြို့ဟာလည်း KNU တပ်မဟာ ၇ နယ်မြေမှာရှိနေတာကြောင့် ညှိနှိုင်းတာတွေရှိတယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ KNU ကို ဆက်သွယ်မေးမြန်းပေမဲ့ မတ်လ ၂၅ ရက် ညနေ ၇ နာရီအထိ တစုံတရာ တုံ့ပြန်မဖြေသလို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထိုင်းရဲ့ လူသားစာနာ အစီအစဉ်အကြောင်း အသံတိတ်နေပါတယ်။