အရှေ့တောင်အာရှမှာ လိင်တူချင်း လက်ထပ်မှုကို အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတော့မယ့် ထိုင်း

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်တူလက်ထပ်ခွင့်ပြုတဲ့ အာရှနိုင်ငံတွေထဲ ထိုင်းက တတိယ ဖြစ်လာမယ်

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ လိင်တူချင်း လက်ထပ်မှုကို အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတော့မှာပါ။

လက်ထပ်မှု ညီမျှရေး ဥပဒေကို အောက်လွှတ်တော်မှာ တခဲနက် အတည်ပြု ထောက်ခံခဲ့ကြပြီး ပါတီကြီးအားလုံးရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။ အမတ် ၄၁၅ နေရာမှာ ၄ဝဝ ရဲ့ ထောက်ခံမှုနဲ့ ဖြစ်ပါတယ်။

ဒီဥပဒေအရ အိမ်ထောင်ပြုမှုကို အမျိုးသားနဲ့ အမျိုးသမီးကြား ပေါင်းဖက်မှုလို့ မဖွင့်ဆိုတော့ဘဲ လူပုဂ္ဂိုလ်နှစ်ဦးကြား ပေါင်းဖက်မှုအဖြစ် သတ်မှတ်မှာပါ။

thailand

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထိုင်းအောက်လွှတ်တော်မှာ တခဲနက် ထောက်ခံခဲ့

ဥပဒေပြဋ္ဌာန်းနိုင်ဖို့က ထိုင်းအထက်လွှတ်တော်ရဲ့ အတည်ပြုမှုနဲ့ ဘုရင့်ထောက်ခံမှုတွေ ရဖို့ လိုပါသေးတယ်။ အဲဒီနောက် ဥပဒေ အာဏာ သက်ဝင်လာဖို့ လေးလ ကြာမှာပါ။

၂၀၂၄ နှစ်ကုန်မှာ ဒီဥပဒေပြဋ္ဌာန်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

အဲဒီနောက် လိင်တူစုံတွဲတွေ တရားဝင် လက်ထပ်ခွင့် ရမှာ ဖြစ်သလို သူတို့ရဲ့ မိဘအခွင့်အရေးတွေကိုလည်း လူတိုင်းနဲ့ တန်းတူ ရကြတော့မှာ ဖြစ်ပါတယ်။

လိင်တူစုံတွဲတွေအတွက် အမွေဆက်ခံခွင့်နဲ့ မမာကျန်းတဲ့ အိမ်ထောင်ဖက်အတွက် ဆေးကုသမှု ခွင့်ပြုချက် ပေးခွင့်စတာတွေပါ တန်းတူ ရရှိမှာ ဖြစ်ပါတယ်။

ဒီဥပဒေအရ လိင်တူစုံတွဲ ကလေးမွေးစားခွင့် ရမှာပါ။ ဒါပေမဲ့လည်း လိင်တူလက်ထပ်ခွင့် ဥပဒေကော်မတီက မိခင်ဖခင်များ အစား မိဘများ ဆိုတဲ့ စကားလုံးကိုသုံးဖို့ အကြံပြုတာကိုတော့ အောက်လွှတ်တော်က လက်မခံပါဘူး။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်တူချစ်သူတွေအတွက် လုံခြုံ စိတ်ချရတဲ့ ထိုင်းနိုင်ငံ

ထိုင်းမှာ လိင်သရုပ်သကန်နဲ့ လိင်တိမ်းညွတ်မှုမှာ ခွဲခြားမှုကို တားမြစ်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့် လိင်တူလက်ထပ်မှုကို ခွင့်ပြုတဲ့ အာရှနိုင်ငံတွေထဲ ထိုင်ဝမ်နဲ့ နီပေါနောက်မှာ ထိုင်းက တတိယနိုင်ငံ ဖြစ်လာတော့မှာပါ။

ထိုင်းနိုင်ငံကို ဒေသတွင်းမှာ လိင်တူချစ်သူစုံတွဲတွေအတွက် အတော် စိတ်ချရတဲ့နေရာအဖြစ် ရှုမြင်ကြပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ကောက်က လိင်တူချစ်သူများ ချီတက်ပွဲ

ဒါပေမဲ့ ထိုင်းက လိင်တူစုံတွဲတွေအတွက် လက်ထပ်ခွင့်မှာ တန်းတူဖို့ နှစ်တွေ အများကြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။ ထိုင်းမှာ ဒီဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားနေတာကလည်း ဆယ်နှစ်ကျော် ရှိခဲ့ပါပြီ။

ဒီဥပဒေပြဋ္ဌာန်းဖို့ လူထုထောက်ခံမှု ကြီးကြီးရပေမဲ့ အရင်အကြိမ် ကြိုးပမ်းမှုတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ မနှစ်က အစိုးရကောက်တဲ့ စစ်တမ်းကို ဖြေဆိုသူ ၉၆.၆ ရာခိုင်နှုန်းက ဒီဥပဒေကို လိုလားပါတယ်။

လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုဖို့အတွက် မနှစ်က ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအများအပြားက ကတိပေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ဆေထ ထဝီဆင်ကလည်း မနှစ် စက်တင်ဘာလ ရာထူးလက်ခံပြီးကတည်းက ဒီကိစ္စကို အထူးတလည် ထောက်ခံမှုပေးခဲ့ပါတယ်။

ဒီဇင်ဘာမှာ ထိုင်းလွှတ်တော်ကို လိင်တူလက်ထပ်မှုဥပဒေကြမ်း လေးခု တင်သွင်းပြီး တခုက ထဝီဆင် အစိုးရဆီက လာပါတယ်။ နောက်သုံးခုကို အတိုက်အခံပါတီတွေ တင်သွင်းတာပါ။ ဒီဥပဒေတွေကို စုပေါင်းပြီး ဥပဒေတခုတည်းအဖြစ် ဗုဒ္ဓဟူးနေ့မှာ အောက်လွှတ်တော်က ထောက်ခံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်တူချစ်သူတွေအတွက် အတူနေ အဖော်အဖက်ဥပဒေအရ ခွင့်ပြုပြီးဖြစ်

ထိုင်းနိုင်ငံမှာ လိင်ပြောင်းထားသူ အစုအဝေးကို ထင်ထင်ရှားရှား တွေ့ရပေမဲ့လည်း လိင်စိတ်ခံယူမှု ပြောင်းလဲခွင့်ပေးဖို့ တောင်းဆိုတဲ့ ဥပဒေကြမ်းတွေကို ထိုင်းပါလီမန်က ပယ်ချခဲ့ပါတယ်။

တခြား အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ လိင်တူနှစ်သက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။