မော်စကိုမြို့ ဂီတခန်းမ စီးနင်းတိုက်ခိုက်ခံရမှုအကြောင်း သိထားသမျှ အချက်အလက်များ

မော်စကို၊ ဂီတခန်းမ၊ စီးနင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မော်စကိုမြို့ ဂီတခန်းမကို သေနတ်သမားတွေ စီးနင်းတိုက်ခိုက်ခဲ့အပြီး ထိခိုက်ပျက်စီးသွားခဲ့ပုံ

သောကြာနေ့က မော်စကိုမြို့တော်ခန်းမ ဂီတဇာတ်ရုံ စီးနင်းတိုက်ခိုက် ခံခဲ့ရမှုဟာ ရုရှားနိုင်ငံသမိုင်းမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။ ဗလာဒီမီယာ ပူတင်ရဲ့ ၅ ကြိမ်မြောက် သမ္မတသက်တမ်း စတင်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ သေနတ်သမားတွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှု ဘယ်လို စဖြစ်ခဲ့သလဲ

သောကြာနေ့ညနေ ဒေသစံတော်ချိန် ည ၈ နာရီလောက်မှာ ကရင်မလင် နန်းတော်ကနေ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ မော်စကိုမြို့ပြင်ရပ်ကွက်က ခရိုကပ်စ် မြို့တော်ခန်းမမှာ ပစ်ကနစ် (Picnic) ရော့ခ်ဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲ စခါနီးအချိန်မှာ ခန်းမအဝင်ဝဆောင်ထဲ သေနတ်သမားတွေ စီးနင်းဝင်ရောက်လာခဲ့ပါတယ်။

ပြောက်ကျား စစ်ယူနီဖောင်းမျိုး ဝတ်ထားတဲ့ အနည်းဆုံး လူ ၄ ယောက် လောက်ဟာ တွေ့ရာမရှောင် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီနောက် ဂီတခန်းမဆောင်ထဲ ဝင်လာပြီး လူတွေကို ပစ်ခတ်ခဲ့ပုံကို ဗီဒီယိုပုံတွေမှာ တွေ့ရပါတယ်။

ပွဲကြည့်စင်ထဲမှာ ရှိနေခဲ့တဲ့ အမျိုးသမီးတစ်ယောက်က သေနတ်ပစ်ခတ်မှုတွေ ဖြစ်နေတယ်ဆိုတာကို သိသိချင်း သူနဲ့ တခြား ပွဲလာပရိသတ်တွေ စင်မြင့်ဆီကို အမြန်ပြေးသွားကြတယ်လို့ ပြန်ပြောပြပါတယ်။

“ပွဲကြည့်စင်ထဲမှာ သေနတ်စလွယ်သိုင်းထားတဲ့ လူတစ်ယောက်ကို ကျွန်မတွေ့လိုက်ရပါတယ်။ ပြီးတော့ သေနတ်သံ ကြားလိုက်ရပါတယ်။ ကျွန်မလည်း အသံချဲ့စက်အနောက်နားကို လေးဘက်ထောက် သွားပြီး ပုန်းဖို့ ကြိုးစားခဲ့ပါတယ်” လို့ အဲဒီအမျိုးသမီးက ရုရှားရုပ်မြင်သံကြားကို ပြောပြပါတယ်။

ခန်းမဆောင်အထဲမှာ မီးစွဲလောင်နေတဲ့ပုံကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ ခန်းမဆောင်တစ်ခုလုံး မီးစွဲလောင်သွားခဲ့ပြီး အထပ် ၇ ထပ်ရှိတဲ့ အဲဒီအဆောက်အဦရဲ့ ထိပ်ဆုံး နှစ်ထပ်က မှန်တွေ ကွဲကုန်ပါတယ်။

“အကြမ်းဖက် သေနတ်သမားတွေက ဒဏ်ရာရထားသူတွေအပါအဝင် ပွဲလာပရိသတ်တွေ ရှိနေခဲ့တဲ့ ဂီတခန်းမထဲကို မီးလောင်ပေါက်ကွဲစေတဲ့ အရည်တွေလောင်းပြီး မီးတင်ရှို့ခဲ့ကြတယ်” လို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။

မီးလောင်မှုကို ငြှိမ်းသတ်ဖို့ ရဟတ်ယာဉ်တွေနဲ့ ရေ တန် ၁၆၀ လောက် ပန်းချခဲ့ရပါတယ်။ ဒါတောင် ၁၀ နာရီလောက်ကြာမှ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

သေနတ်သမားတွေ ထွက်ပြေး လွတ်မြောက်သွားချိန်မှာတော့ လူရာနဲ့ချီ သေဆုံး၊ ဒဏ်ရာရသွားခဲ့ကြပါပြီ။

အတော်များများက သေနတ်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြသလို တချို့ကလည်း မီးခိုးမွှန်ပြီး သေဆုံးခဲ့ပါတယ်။

ပစ်ကနစ် ရော့ခ်ဂီတအဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ကြပါဘူး။

သေဆုံးခဲ့သူတွေက ဘယ်သူတွေလဲ

အဲဒီဂီတပွဲကိုကြည့်ဖို့ ရုရှားပြည်သူ ၆၀၀၀ ကျော်လောက် လာခဲ့ကြတာပါ။ သေဆုံးသူအရေအတွက်က အခုထိ တဖြည်းဖြည်း တိုးလာနေပါတယ်။

စနေနေ့ နေ့လယ်ခင်းမှာတော့ သေဆုံးသူပေါင်း အနည်းဆုံး ၁၃၃ ဦးရှိသွားပြီလို့ အတည်ပြု သိရပါတယ်။ အစိုးရ တရားဝင် ထုတ်ပြန်တဲ့ ထိခိုက်သေဆုံးသူစာရင်းအရ သေဆုံးသူတွေထဲမှာ အသက်အကြီးဆုံးသူက အသက် ၇၀ ပိုင်းအရွယ် အမျိုးသမီးကြီး ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေး ၃ ဦးလည်း ပါတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေအပြင် ဒဏ်ရာရထားသူ နောက်ထပ် အနည်းဆုံး လူ ၆၀ လောက်ဟာလည်း စိုးရိမ်စရာ အခြေအနေမှာ ရှိနေပြီး သေဆုံးသူအရေအတွက် နောက်ထပ် တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

သေဆုံး၊ ဒဏ်ရာရခဲ့သူ အတော်များများဟာ မော်စကိုမြို့ရဲ့ အနောက်မြောက်ပိုင်းနားက ကရက်စ်နိုဂေါ့စ်ခ်၊ ကင်မ်ကီနဲ့ အနီးအနားမြို့တွေကနေ လာသူတွေ ဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့သူတွေက ဘယ်သူတွေလဲ

မော်စကို၊ ဂီတခန်းမ၊ စီးနင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သေနတ်သမားတွေ စီးနင်းထွက်ပြေးသွားတဲ့ ကားကို ရဲက ရပ်တန့်တားဆီးခဲ့

မီးစွဲလောင်နေတဲ့ ကသောင်းကနင်း အခြေအနေတွေကြားကနေ သေနတ်သမားတွေ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ရုရှားလုံခြုံရေးအဖွဲ့က သူတို့ကို ခြေရာခံ လိုက်လံရှာဖွေမှုတွေ စလုပ်ခဲ့ပါတယ်။

အဖြူရောင် ရေးနော့လ်တ်ကား တစ်စင်းနဲ့ သေနတ်သမားတွေ ထွက်ပြေးသွားတယ်လို့ ရုရှားအမတ် အလက်ဇန်းဒါး ခင်ရှ်တိန်းက ပြောပါတယ်။ မော်စကိုမြို့ကနေ ကီလိုမီတာ ၃၄၀ အကွာ ဘရိုင်ယန့်စ်ခ်ဒေသမှာ အဲဒီကားကို ရဲတွေက တားဆီးဖို့ ကြိုးစားခဲ့ရာမှာ လူ ၂ ဦးကို ဖမ်းဆီးလိုက်နိုင်ခဲ့ပြီး တခြားသူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သူက ပြောပါတယ်။

ပစ်ခတ်မှုတွေ စဖြစ်အပြီး ၁၄ နာရီ အကြာမှာ FSB ရုရှား လုံခြုံရေးအဖွဲ့က စီးနင်းတိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ခဲ့သူ ၄ ဦး အပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးမိထားတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ သူတို့ဘယ်သူဘယ်ဝါတွေလဲ ဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။ အတည်မပြုနိုင်တဲ့ သတင်းတွေမှာတော့ အဲဒီလူတွေဟာ တာဂျစ်ကစ္စတန်လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ရှ်တိန်းကလည်း တာဂျစ်ကစ္စတန်နိုင်ငံကူးလက်မှတ်တွေကို ကားထဲမှာ ရှာတွေ့ထားတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နောက်ကွယ်ကနေ ဘယ်သူစီစဉ်ခဲ့တာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစ္စလာမစ်နိုင်ငံအဖွဲ့ (IS)ရဲ့ သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်ခဲ့သူတွေလို့ ဆိုတဲ့ လူ ၄ ဦးရဲ့ ဓာတ်ပုံတွေကိုလည်း IS အဖွဲ့က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားအာဏာပိုင်တွေဆီက တုံ့ပြန်ပြောဆိုချက် ထွက်ပေါ်မလာသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းကတော့ မော်စကိုမြို့မှာ လူအုပ်ကြီးတွေအပေါ် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန်က သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ သတင်းအချက်အလက်တွေက အသေးစိတ်ပြည့်စုံမှု မရှိဘူးဆိုပြီး ရုရှားတာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က “ရုရှားမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အနောက်အုပ်စု အစိုးရတွေက သွေးထိုးလှုံ့ဆော်ချင်စိတ်နဲ့ မကြာသေးခင်က ထုတ်ပြန်နေတာတွေဟာ ရုရှားလူနေမှု အသိုင်းအဝိုင်းကို မတည်မငြိမ်ဖြစ်အောင် တမင်သက်သက် ခြိမ်းခြောက်လိုက်တာပါ” လို့ ပြောသွားခဲ့ပါတယ်။

ရုရှားမှာ တိုက်ခိုက်မှုတွေ လုပ်ဖို့ ကြံစည်နေသူတွေဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တူရ်ခ်မန်နစ်တန်၊ တာဂျစ်ခစ္စတန်၊ ဥဘက်ခစ္စတန်နဲ့ အီရန် စတဲ့ နိုင်ငံတွေမှာ အစ္စလာမ်ဘာသာရေးနိုင်ငံကြီး တည်ထောင်ဖို့ ကြိုးစားနေတဲ့ IS အဖွဲ့ရဲ့ အဖွဲ့ခွဲ ISIS-Khorasan ဒါမှမဟုတ် ISIS-K အဖွဲ့တွေ ဖြစ်နိုင်တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။

“ISIS-K အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ရုရှားအပေါ် ပစ်မှတ်ထားနေခဲ့တယ်” လို့ နယူးယောက်မြို့အခြေစိုက် အကြမ်းဖက်ဝါဒ တားဆီးကာကွယ်ရေးရာ သုံးသပ်သူ ကောလင်း ကလာ့ခ် ကို ကိုးကားပြီး New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

" အာဖဂန်နစ္စတန်၊ ချက်ရှ်ညားနဲ့ ဆီးရီးယားတို့မှာ ရုရှားက ကျူးကျော်မှုတွေ လုပ်ခဲ့တာကို ညွှန်းဆိုရင်း ရုရှားအစိုးရရဲ့လက်မှာ မွတ်ဆလင်တွေရဲ့ သွေးစွန်းခဲ့ရတယ်ဆိုပြီး ISIS-K အဖွဲ့က စွပ်စွဲနေတယ်” လို့ မစ္စတာ ကလာ့ခ် ကပြောပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ IS အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် ရုရှားအာဏာပိုင်တွေက တစ်စုံတရာ မတုံ့ပြန်သေးပါဘူး။ သမ္မတပူတင်ကတော့ သေနတ်သမားတွေကို ယူကရိန်းနိုင်ငံဘက်ခြမ်းဆီ ထွက်ပြေးဖို့ ကြိုးစားနေတုန်း ဖမ်းမိခဲ့တာ ဆိုပြီး ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

အဲဒီလူတွေဟာ ယူကရိန်းနဲ့ အထိုက်အလျောက် ဆက်နွှယ်မှုတွေ ရှိခဲ့တယ်လို့ FSB ရုရှားလုံခြုံရေးအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောသေးပါဘူး။

ယူကရိန်းအစိုးရကတော့ ဒီပြောဆိုချက်တွေဟာ ယုတ္တိမရှိ၊ အဓိပ္ပာယ်မဲ့တဲ့ ပြောဆိုချက်တွေ ဖြစ်တယ် ဆိုပြီး ချက်ချင်း ပယ်ချခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစလို့ အင်အားအလုံးအရင်းနဲ့ ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။

မော်စကို၊ ဂီတခန်းမ၊ စီးနင်းတိုက်ခိုက်