“ခိုးယူကြဖို့ ဘူဒိုဇာနဲ့ အထိုးခံထားရတဲ့” အာဖဂန်နစ္စတန်က သမိုင်းဝင်နေရာတွေ

Mound with remains of a tower on the top, Balkh, Afghanistan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘက်ရှ်ပြည်နယ်မှာ ရှေးဟောင်းသုတေသနဆိုင်ရာနေရာတွေ အများအပြားရှိ
  • ရေးသားသူ, ကော်ဝန် ခါမွတ်ရှ်
  • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားဌာန

စနစ်တကျ ဖောက်ထွင်းခိုးယူကြဖို့ အတွက် အာဖဂန်နစ္စတန်က ဒါဇင်နဲ့ချီတဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ နေရာတွေ ဘူဒိုဇာနဲ့ အထိုးခံထားရတယ်လို့ ချီကာဂို တက္ကသိုလ် က သုတေသီတွေက ဆိုပါတယ်။

တူးဖော် ခိုးယူကြတဲ့ ပုံစံတွေကို ရိုက်ထားတဲ့ ပထမဦးဆုံးသော ဂြိုဟ်တု ဓာတ်ပုံ အထောက်အထား တွေကို ဆန်းစစ်ပြီး အရင် အစိုးရ ကာလတုန်း ကတည်းက ဒါတွေဖြစ်ခဲ့သလို ၂၀၂၁ ခုနှစ် တာလီဘန်တို့ အာဏာပြန်ရ လာချိန် နောက်ပိုင်းမှာ လည်း ဆက်ဖြစ်နေတယ်လို့ သူတို့က ပြောတာပါ၊

ပျက်စီးသွားတဲ့အထဲမှာ ကြေးခေတ်နှောင်းပိုင်းနဲ့ သံခေတ် (ဘီစီ ၁၀၀၀ ထက်ပိုစော) ကာလတွေက လူတွေအခြေချနေထိုင်တဲ့ နေရာတွေ ပါဝင်တယ်လို့လည်း သူတို့က ဆိုပါတယ်။

သုတေသီတွေပြောတဲ့ နေရာအများစုက အာဖဂန်နစ္စတန် မြောက်ပိုင်း ဘက်ရှ် ဒေသတွင်းမှာ ဖြစ်ပြီး အဲဒီဧရိယာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းကျော် ကာလက ဘက်ထရီးယား (Bactria) တို့ရဲ့ အချက်အချာနေရာတွေဖြစ်ပါတယ်။

ဘီစီ ၆ ရာစု အတွင်း အာခီးမန်းနစ် အင်ပါယာ (Achaemenid Empire) ရဲ့ ရှေးဟောင်း အာဖဂန်နစ္စတန် ဒေသတွေအထဲ ဒီဧရိယာဟာ ဓန အကြွယ်ဝဆုံးနဲ့ လူဦးရေအထူပြောဆုံး နေရာတွေထဲက တခုပါ။

ဘီစီ ၃၂၇ မှာ အလက်ဇန္နာ သည် ဂရိတ် (Alexander the Great) က အာခီးမန်းနစ် ဧကရာဇ်ကို အောင်နိုင်ပြီး ဒီဒေသကို သိမ်းပိုက်နိုင်ပြီးတဲ့နောက် ရိုဇန်နာ လို့ အမည်ရတဲ့ ဘက်ထရီးယားသူနဲ့ လက်ထပ်ခဲ့ပါတယ်။

Map graphic showing locations of sites identified by Chicago University researchers as bulldozed, most are clustered in the Balkh region west of Mazar-i-Sharif

ပိုးလမ်းမကြီးပေါ်မှာရှိပြီး အဲဒီဒေသရဲ့ အလယ်မှာရှိတဲ့ ဘက်ထရာမြို့ (နောက်ပိုင်းမှာ ဘက်ရှ်မြို့လို့ ခေါ်ကြ) ဟာ ဇိုရော့စ်စတီးရီးယန်း ယုံကြည်သက်ဝင်မှုနဲ့ ဗုဒ္ဓဘာသာ လေ့လာရာအရပ် ဖြစ်လာတာပါ။ အဲဒီ မြို့ဟာ နောက်ပိုင်းမှာ အရေးပါတဲ့ အစ္စလာမ် မစ် မြို့တမြို့ဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ တခြား နည်းပညာဆိုင်ရာ အကူအညီတွေကို ရယူပြီး ချီကာဂို တက္ကသိုလ်၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဌာနက သုတေသီတွေက အာဖဂန်နစ္စတန် တလွှားမှာ ရှေးဟောင်းသုတေသန ဆိုင်ရာ နေရာပေါင်း ၂၉,၀၀၀ ကျော်ရှိကြောင်း သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်ကစလို့ ဘက်ရှ်ဒေသမှာ ဖြစ်ထွန်းမှု အသစ်တွေ ဖြစ်လာတာကို သူတို့ တွေ့ခဲ့ကြပါတယ်။

ဂြိုဟ်တု ပုံရိပ်တွေထဲမှာ အစက်အပြောက်လေးတွေအဖြစ် တွေ့ရတဲ့အရာတွေဟာ ဘူဒိုဇာတွေ ဖြစ်ကြောင်း သူတို့က ယုံကြည်မှု ရှိရှိ ပြောပါတယ်။ ဒါလေးတွေ ပေါ်လာတာတွေ၊ ပျောက်သွားတာတွေကို တွေ့ရပြီး အဲဒါတွေ မရှိတော့တဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ လမ်းကြောင်းတွေကို ကြည့်ပြီး ဒါတွေဟာ ဘူဒိုဇာတွေလို့ သူတို့က သုံးသပ်ထား တာပါ။

ဘူဒိုဇာနဲ့ လောလောလတ်လတ်ထိုးထားတဲ့ နေရာတွေကို ကြည့်ပြီး နောက်ပိုင်းရတဲ့ ပုံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ခိုးယူသူတွေ တူးထားတဲ့ တွင်းတွေကို တွေ့ရတယ်လို့ အဲဒီ ဌာနရဲ့ ဒါရိုက်တာ ပါမောက္ခ ဂျေး စတိုင်းက ရှင်းပြပါတယ်။

“ရှေးဟောင်းသုတေသန နယ်မြေဆီက စနစ်တကျ ခိုးလို့လွယ်အောင် နေရာ အကျယ်ကြီးကို လူတွေက ရှင်းချလိုက်တာပဲ” လို့ သူက ကျွန်တော့ကို ပြောပါတယ်။

Close up satellite image from 2020, annotated to show what Chicago University researchers have identified as bulldozer activity at an archaeological site in Balkh, Afghanistan
ဓာတ်ပုံ ပုံစာ, ဒီပုံက ဘီဘီစီက ပုံဖြစ်ပြီး ချီကာဂို တက္ကသိုလ် သုတေသီတွေက ပေးတဲ့ နေရာတွေ၊ ရက်စွဲတွေကို ဖြည့်ထားတာပါ

၂၀၁၈ နဲ့ ၂၀၂၁ ကြားမှာ ရှေးဟောင်း အခြေစိုက်နေရာ ၁၆၂ နေရာဟာ “တပတ်ကို တခုလောက်နှုန်း နဲ့ ပျက်စီးကုန်တယ်” လို့ သူ့ရဲ့ အဖွဲ့က ပြောပြီး၊ တာလီဘန်တွေ လက်အောက်မှာ နောက်ထပ် ရှေးဟောင်း သုတေသန နေရာ ၃၇ ခုမှာ ဒီလို အဖြစ် တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

သုတေသီတွေက နောက်ထပ် ခိုးယူမယ့်သူတွေကို နေရာပြသလို ဖြစ်မှာစိုးတဲ့အတွက် နေရာ အတိ အကျတွေကို မထုတ်ပြန်ပါဘူး။

ဒီနေရာအများအပြားနဲ့ ပတ်သက်ပြီး သုတေသန အလုပ်ဆိုင်ရာ အထောက် အထားတွေက အစပျိုး အဆင့်တွေမှာပဲ ရှိပါသေးတယ်။

ဒါ့ကြောင့် ဒီနေရာတွေက ခံတပ်တွေ၊ တူးမြောင်းစနစ်တွေ လမ်းဘေး စားသောက် ဆိုင်တွေ ရှိတဲ့နေရာတွေလို့သာ သိထားပြီး မြေကြီးတွေ အောက်မှာ ဘာတွေရှိနေလဲ ဆိုတာကိုတော့ သုတေသီတွေ အနေနဲ့ အသေအချာ မသိနိုင်ကြသေးပါဘူး။

ဒါပေမဲ့ ဒီနေရာနဲ့ မိုင် ၆၀ ( ၉၇ ကီလိုမီတာ) အကွာက တယ်လာ တက်ပီ မှာတော့ နှစ် ၂,၀၀၀ ကျော်ကာလက ဘက်ထရီးယား ရွှေတွေကို ၁၉၇၈ ခုနှစ်တုန်းက ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

အဲဒီ “‌ရွှေတောင်” ထဲမှာ ရွှေလက်ဝတ်ရတနာတွေ၊ သရဖူတခုနဲ့ ရွှေဒင်္ဂါးပြားတွေ အပါအဝင် စုစုပေါင်း ပစ္စည်းအမျိုးပေါင်း ၂၀,၀၀၀ ပါဝင်ပြီး အာဖဂန်နစ္စတန်ရဲ့ ရှေးဟောင်း ရတနာသိုက် အဖြစ် တင်စားခဲ့ကြပါတယ်။

A curator of the National Museum in Kabul with the golden crown found at Tela Tepe, on display in Amsterdam in 2007

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သရဖူက တယ်လာ တက်ပီ မှာ ရှာတွေ့တဲ့ အနှစ် ၂,၀၀၀ ကျော် သက်တမ်းရှိ ဘက်ထရီးယား ရွှေသိုက်ထဲက တခုပါ

“ မြေပုံတောင်ကုန်းလေးတွေတိုင်းမှာ လူတွေရဲ့ ယဉ်ကျေးမှု တိုးတက်မှုဆိုင်ရာ အထောက်အထားတွေကို တူးဖော် ယူနိုင်ပါတယ်” လို့ ကင်းဘရစ် တက္ကသိုလ်က သုတေသီ တယောက်ဖြစ်တဲ့ ရေဇာ ဟူစိန်နီ က ပြောပါတယ်။

ဘက်ရှ်မြို့မှာ မွေးဖွားခဲ့ပြီး သူ အသက် ၂၀ ကျော် အရွယ်မှာ အခု သုတေသီတွေ ပြောနေတဲ့ ဘူဒိုဇာနဲ့ အထိုးခံနေရာတွေ အပါအဝင်‌ ရှေးဟောင်း သုတေသန ဆိုင်ရာ နေရာတွေမှာ စေတနာ့ဝန်ထမ်း တယောက်အနေနဲ့ သူ လုပ်ဖူးပါတယ်။ ချီကာဂို တက္ကသိုလ်က ပုံတွေကို ကြည့်ပြီး သူ တုန်လှုပ်သွားပါတယ်။

“ဒါကို ကျွန်တော်ကြားလိုက်တဲ့အချိန်မှာ ကျွန်တော့ စိတ်နှလုံးမှာ ပြောမပြ နိုင်လောက်အောင် ဝမ်းနည်း ပူဆွေး သွားပါတယ်” လို့ သူက ပြောပါတယ်။

ဒီလို ပျက်စီးသွားအောင်လုပ်တဲ့ သူတွေက ဘယ်သူတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။

သမ္မတ (ဟောင်း) အာရှက်ဖ် ဂါနီ ဦးဆောင်တဲ့ အရင် အစိုးရလက်ထက်မှာ ဒီလို ပုံစံတွေစဖြစ်လာတာ၊ နောက်ပိုင်း တာလီဘန်တို့ လက်ထက်မှာ ဆက်ဖြစ်နေတာက အထင်အရှားပဲလို့ ပါမောက္ခ စတိုင်းက ဆိုပါတယ်။

မစ္စတာ ဂါနီ အစိုးရက အားနည်းချိနဲ့ပြီး နိုင်ငံရဲ့ တချို့နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ် မထားနိုင်ပါဘူး။

အာဖဂန်မြောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ မာဇာရီရှာရိဖ် အပါအဝင် ဘက်ရှ် ဒေသဟာ တာလီဘန်တို့ ကဘူးကို သိမ်းတဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ မတိုင်မီ တာလီဘန်တို့ လက်အောက်ကို အစောဆုံးကျရောက်ထားတဲ့ ဒေသတွေထဲက တခုပါ။

Graphic showing satellite images of an archaeological site in Balkh, Afghanistan, showing what researchers say is evidence of bulldozing in April 2021 and pits dug by looters in October 2022

ဒီရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာတွေက ခိုးယူတဲ့သူတွေဟာ မြေကြီးတူးတဲ့၊ ‌‌မြေကြီးတွေ သယ်ပြီးရွှေ့တဲ့ ယာဉ်ယန္တရားတွေ ဝယ်နိုင် (ဒါမှမဟုတ်) ငှားနိုင်တဲ့ သူတွေ၊ ဒါတွေကို “ဘယ်သူမှ ဝင်စွက်ဖက်လို့မရတဲ့” တောနယ် အရပ်တွေကို ရွှေ့ပြောင်းယူနိုင်တဲ့ သူတွေ၊ ဆိုတော့ သူတို့ဟာ ချမ်းသာသူတွေ၊ အာဏာရှိတဲ့ သူတွေ ဖြစ်တယ်လို့ ပါမောက္ခ စတိုင်းက ယုံကြည်ပါတယ်။

သူ နိုင်ငံက ထွက်ခွာလာတဲ့ ၂၀၀၉ ခုနှစ် မတိုင်မီကတည်းက အဲဒီ ဒေသအတွင်းက ရှေးဟောင်း သုတေသနဆိုင်ရာ နေရာတချို့ဆီကနေ လူတွေက ခိုးယူနေကြတာတွေ ရှိတယ်လို့ မစ္စတာ ဟူစိန်နီက ပြောပါတယ်။

“ဒေသဆိုင်ရာ အာဏာရှိသူတွေ၊ စစ်သွေးကြွတွေရဲ့ ခွင့်ပြုချက်မရှိပဲ တူးတာတွေ၊ တူးဖော်ထုတ်တာ‌တွေ ဘယ်သူမှ လုပ်လို့မရပါဘူး” လို့ သူက ကျွန်တော့ကို ပြောပါတယ်။

“သူတို့အဖို့ သမိုင်းအမွေအနှစ်တန်ဖိုး ဆိုတာ မရှိပါဘူး၊ သူတို့ ရှာချင်တာ တွေ့ဖို့ တူးတယ်၊ ဖျက်ဆီးတယ်။ ကျွန်တော့ မျက်စိနဲ့ကို တွေ့တာပါ၊ သူတို့ လိုချင်တာကို တွေ့နိုင် ရနိုင်ဖို့ မြေကြီးတွေကို ဇကာနဲ့ တိုက်ချလိုက်ကြသေးတယ်။”

စစ်သွေးကြွ တပ်မှူးတယောက်က ဘိန်းစိုက်ထားတဲ့ နေရာဖြစ်တဲ့ ရှေးဟောင်း အမွေအနှစ် ဆိုင်ရာ နေရာတခုကို ရှေးဟောင်း သုတေသန လုပ်နိုင်ဖို့ ကြိုးစားတဲ့ သူတွေထဲက တယောက်အဖြစ် တခါတုန်းက သူကြိုးစားခဲ့ဖူး ကြောင်းလည်း သူက ပြောပါတယ်။

တာလီဘန်တွေက သူတို့ အာဏာစရလာပြီး ပထမဆုံးအကြိမ် အင်အားပြတာအဖြစ် ၂၀၀၁ ခုနှစ်မှာ တချိန်တုန်းက ကမ္ဘာမှာ အကြီးဆုံး မတ်ရပ် ဗုဒ္ဓကိုယ်တော် အဖြစ် ရှိခဲ့တဲ့ အနှစ် ၁, ၅၀၀ ကျော်သက်တမ်းရှိ ဘန်မြန်း ဗုဒ္ဓ ရုပ်ပွားတော်ကြီးတွေကို ဖောက်ခွဲပစ်ခဲ့ပြီး တကမ္ဘာလုံးကို သွေးလန့် တုန်လှုပ်စေခဲ့ပါတယ်။

ဒါပေမဲ့ နောက် ဆယ်စုနှစ် ၂ စု အကြာ သူတို့ တခါပြန်လာတဲ့ အခါမှာတော့ နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို သူတို့ အလေးထားပါ့မယ်လို့ တာလီဘန်တွေက ပြောခဲ့ ပါတယ်။

ရှေးဟောင်းပစ္စည်းတွေ ခိုးယူနေကြတယ် ဆိုတာကို တာလီဘန်တို့ရဲ့ သတင်း ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ဒုတိယ ဝန်ကြီး အက်တီကုလာ အက်ဇီဇီ က ငြင်းချက် ထုတ်လိုက်ပြီး အဲဒီ သမိုင်းဝင်နေရာတွေကို စောင့်ကြပ်ကြည့်ရှုဖို့ လူ ၈၀၀ ပါဝင်တဲ့ အစုအဖွဲ့တခုကို တာဝန်ပေးထားတယ်လို့ ပြောပါတယ်။

တချို့အဖွဲ့အစည်းတွေက သူတို့ဝန်ကြီးဌာနဆီကို “ဘူဒိုဇာ တွေသွားနေတာ၊ လူတွေ က မြေကြီးတွေကို ရွှေ့နေကြတာ” တွေနဲ့ ပတ်သက်ပြီး ပုံတွေ ပို့လာကြတယ် လို့ ဘီဘီစီကို သူက ပြောပြသလို၊ “ကျွန်တော်တို့ ဒီနေရာတွေကို အဖွဲ့အမျိုးမျိုး လွှတ်ပြီး ကြည့်ရှုစေပါတယ်၊ ဒီလိုနေရာတွေမှာ အဲဒီလို အဖြစ်တွေ ဘာတခုမှ မဖြစ်ခဲ့ဖူး ဆိုတာကို ကျွန်တော် အာမခံနိုင်ပါတယ်” လို့ လည်း သူက ဘီဘီစီကို ပြောပါတယ်။

Said Reza Huseini at the Tepe Zargaran archaeological site in Balkh, 2007

ဓာတ်ပုံ ရင်းမြစ်, Said Reza Huseini

ဓာတ်ပုံ ပုံစာ, ၂၀၀၇ ခုနှစ် တုန်းက ဘက်ရှ်မှာ သူ ‌ရှေးဟောင်း သုတေသနဆိုင်ရာ လုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးစဉ်က ပုံလို့ ရေဇာ ဟူစိန်နီက ပြော

ရုပ်တုတွေ၊ မမ်မီတွေ၊ ရွှေသရဖူ တခု၊ စာအုပ်တအုပ်နဲ့ ဒါးတွေ အပါအဝင် ဒေါ်လာ ၂၇ သန်း လောက် တန်ဖိုးရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကို ခိုးထုတ်ဖို့ ကြိုးစားတဲ့အမှုနဲ့ မသင်ကာဖွယ်ရာ လူ ၃ ယောက်ကို စက်တင်ဘာလက ဖမ်းခဲ့တယ်လို့လည်း တာလီဘန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီပစ္စည်းတွေကို အမျိုးသား ပြတိုက်ကို သူတို့လွှဲပေးခဲ့ပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့လည်း သူတို့က ပြောပါတယ်။

မစ္စတာ အက်ဇီဇီရဲ့ တုံ့ပြန်ချက်ကို ပါမောက္ခ စတိုင်းကို ကျွန်တော် ပြောပြပါတယ်။

“အထောက်အထားတွေ ‌ဗြောင်ချပြပြီး ပြောမယ်ဆိုရင် လုပ်ရမှာ ကသိက‌အောက် ဖြစ်ရတာ ရှိပေမဲ့ လူတွေက အဲဒါဆိုရင် မငြင်းလောက်ဖူးလို့တော့ ကျွန်တော် ထင်တယ်” လို့ သူက ပြောပါတယ်။

“ဒါတွေက မတူညီတဲ့ အစိုးရ ၂ ဆက်စလုံး ရဲ့ ကာလမှာ ဆက်ပြီးဖြစ်နေတာကို ကျွန်တော်တို့ ပြနိုင်တာပဲ။”

ခိုးယူပြီး အာဖဂန်ကနေ ထုတ်လာတဲ့ ရှေးဟောင်းပစ္စည်းတွေကို အီရန်၊ ပါကစ္စတန် နဲ့ တခြားနိုင်ငံတွေကို ဖြတ်ပြီးသယ်လာကာ ဥရောပ၊ မြောက်အမေရိကနဲ့ အရှေ့ဖျားက နိုင်ငံတွေဆီကို နောက်ဆုံး ပို့ဆောင်ကြတယ်လို့ ပါမောက္ခ စတိုင်းက ယုံကြည် ပါတယ်။

ကမ္ဘာတလွှားက လေလံပွဲတွေမှာ၊ ပြတိုက်တွေမှာ တချို့ဟာတွေကို ဘယ်လောက် ရှေးကျလဲဆိုတာ မပြဘဲ၊ ဘာနာမည်မှလည်း မထိုးဘဲ ပြသ ထားနိုင် ပါတယ်။

ဒီရှေးဟောင်း ပစ္စည်းတွေကို စာရင်းသွင်းမထားဘူးဆိုရင် သူတို့ကို လိုက်ရှာရတာ ခက်ခဲပေမယ့် လိုက်ရှာဖို့ ကြိုးစားကြရမှာ ဖြစ်သလို ဒီရှေးဟောင်းပစ္စည်းတွေ အများကြီးထပ်တွေ့နိုင်မယ့် နေရာတွေကိုလည်း ထိန်းသိမ်းကာကွယ်ဖို့ လိုအပ် တယ်လို့ သူက ထောက်ပြပါတယ်။

“အာဖဂန်နစ္စတန်ရဲ့ အမွေအနှစ်ဟာ ကမ္ဘာ့အမွေအနှစ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဒါတွေဟာ ကျွန်တော်တို့ အားလုံး ပိုင်ဆိုင်တဲ့ အရာတွေပါ” လို့ ပါမောက္ခ စတိုင်းက ပြောပါတယ်။