စစ်မှုထမ်းဆင့်ခေါ်မှု - ငိုကြွေးနေသူတွေ နဲ့ ပျော်နေကြသူတွေ

ရန်ကုန်မြို့မှာတွေ့ရတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာတွေ့ရတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်မှုတွေကို မြို့ကြီးတွေမှာ အခုရက်ပိုင်းအတွင်းကစလို့ လုပ်ဆောင်နေပြီး အများပြည်သူကြားမှာ အုတ်အော်သောင်းတင်း ဖြစ်နေပါတယ်။

အသက်ပြည့်သူတစ်ဦးထက်ပိုတဲ့ အိမ်တွေမှာ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတာကစလို့ အာဏာပိုင်တွေက သူတို့ သဘောနဲ့သူတို့ အမည်စာရင်းထည့်သွင်းသွားတာအလယ် ကိုယ့်နာမည်နဲ့ တိုက်ရိုက်ဆင့်ခေါ်တာအဆုံး တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း လုပ်ဆောင်တာမျိုးတွေ့နေရပါတယ်။

မဲနှိုက်တဲ့အခါ စစ်မှုမထမ်းရလို့ ကခုန်သူတွေ နဲ့ စစ်မှုထမ်းဖို့ မဲပေါက်လို့ ငိုယိုသူတွေ နဲ့ ပွက်လောရိုက်ကုန်ပါတယ်။

ပထမဆုံးအပတ်စဉ် (၁) ကို မေလကုန်ပိုင်းလောက်မှာ စတင် အကောင်အထည်ဖော်ဖို့ စစ်တပ်က စီစဉ်ထားတာဖြစ်လို့ အခုအမည်စာရင်း ဆင့်ခေါ်ခံရသူတွေ နဲ့ မိသားစုဝင်တွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။

မဲနှိုက်ခိုင်းပြီး ကားနဲ့ တင်ခေါ်သွား

စစ်သားစုဆောင်းရေးတပ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်သားစုဆောင်းရေးတပ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

စစ်မှုထမ်းဖို့အတွက် မြို့ပေါ်ရပ်ကွက်တွေကနေ တောရွာတွေအထိ စစ်မှုထမ်းဖို့ အသက်ပြည့်အကျုံးဝင်တဲ့လူတွေကို စာရင်းကောက်ခံနေရတဲ့ အခြေအနေနဲ့ ဆင့်ခေါ်နေတဲ့ကွဲပြားမှုပုံစံတွေကို ဘီဘီစီကနေ စုံစမ်းခဲ့ပါတယ်။

တပ်နယ်လို့ခေါ်လို့ရတဲ့ မင်္ဂလာဒုံမြို့နယ်က ညစျေးအောက်ဘက် ရပ်ကွက်တစ်ခုကတော့ လူငယ်တွေကို တစ်ခါတည်းခေါ်သွားတာမျိုး ဖြစ်ခဲ့ပါတယ်။

အဲဒီရပ်ကွက်ကို စစ်တပ်က မတ်လ ၁၃ ရက်၊ ည ၈ နာရီဝန်းကျင်က ကားတွေနဲ့ရောက်လာပြီး တစ်အိမ်တက်ဆင်း မဲနှိုက်ခိုင်းပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဲနှိုက်ရွေးချယ်တာတွေလုပ်ပြီးတဲ့အခါ အသက် ၁၉ နှစ်အရွယ်ကနေ ၄၀ ကျော်အထိ ပါတဲ့ အမျိုးသား ၂၀ ဝန်းကျင်ကို ကားနဲ့ တစ်ခါတည်းခေါ်သွားတယ် လို့ မျက်မြင်ကြုံတွေ့ရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

“မဲပေါက်တဲ့အိမ်က မိဘတွေ ငိုနေတာတွေ့တယ်၊ မဲ မပေါက်တဲ့အိမ်ဆိုလည်း ပျော်ပြီး ခုန်ပေါက် ကခုန်နေကြတာ” လို့ မဲနှိုက်ရွေးချယ်ခံရတဲ့ မိသားစုတွေခံစားနေရတဲ့ အခြေအနေကို သူက ပြောပြပါတယ်။

စစ်ဝတ်စုံနဲ့ ၁၄ ယောက်လောက်ပါပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ ဆယ်အိမ်မှူး လည်းပါတယ် လို့ သူက ဆက်ပြောပါတယ်။

‘’ကျွန်မမှာဒီသားလေးတစ်ယောက်ပဲရှိတာ၊ သူမရှိရင် ဘယ်သူလုပ်ကျွေးမှာလဲ ပြောတော့ ခင်ဗျားသားကို အလကားမခိုင်းဘူး လစာပေးမှာ။ ပြီးတော့ နှစ်နှစ်ပဲ လို့ ပြောသွားတယ်" လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

မဲပေါက်လို့ ကားနဲ့တင်ခေါ်သွားသူတွေကို မတ်လ ၁၅ ရက်နေ့အထိ မိသားစုတွေက အဆက်အသွယ်မရသေးဘူး လို့ ရပ်ကွက်မှာနေထိုင်သူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မှော်ဘီမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာတော့ အသက် ၂၄ ကနေ အသက် ၃၀ အရွယ်ကြား ရှိတဲ့ အမျိုးသား အယောက် ၅၀ ကို နာမည်စာရင်းအတိအကျနဲ့ ရာအိမ်မှူးက သူရဲ့အိမ်ကို မတ်လ ၁၃ ရက်နေ့မှာ ဆင့်ခေါ်ခဲ့တယ် လို့ ရပ်ကွက်မှာနေထိုင်တဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရောက်လာတဲ့ အမျိုးသား အယောက် ၅၀ ထဲက ၂ ဦးကို ရာအိမ်မှူးရဲ့နေအိမ်မှာပဲ မဲနှိုက်‌ ရွေးချယ်လိုက်ပါတယ်။

နောက်ထပ် အနီးအနားက ရပ်ကွက်တွေမှာလည်း ရာအိမ်မှူးတွေက ဒီလို ၂ ဦးစီ မဲနှိုက်ရွေးချယ်မှုတွေဆက်လုပ်ပြီး စစ်မှုထမ်းဖို့ လူစာရင်းကောက်သွားမယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကွက်တချို့မှာလည်း အသက် ၂၄ ကနေ ၃၀ ကြားရှိတဲ့ အမျိုးသား အယောက် ၁၀၀ ဝန်းကျင်ကို စာရင်းကောက်သွားတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မေလမှာ စစ်သင်တန်းတက်ရမှာဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမယ်လို့ အသိပေးသွားတဲ့အကြောင်း သူကပြောပါတယ်။

စာရင်းထဲပါသွားတဲ့လူတွေ သင်တန်းဆင်းပြီးရင် ကိုယ့်ရပ်ရွာဒေသမှာ ကိုယ်ပြန်ပြီးတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး လိုအပ်ရင် ‌ရှေ့တန်းမှာလည်း တာဝန်ထမ်းဆောင်ရမယ် လို့ ပြောသွားတဲ့အကြောင်း ဘီဘီစီကို သူက ရှင်းပြပါတယ်။

“စာရင်းထဲပါတဲ့သူတွေက နိုင်ငံခြားထွက်ခွင့်မရှိဘူး၊ မဲစနစ်နဲ့ ရွေးချယ်တာမဟုတ်ဘဲ အကုန်လုံးနီးပါး စာရင်းထဲပါနေတော့ တချို့က ကြောက်ပြီးငိုကြတယ်” လို့လည်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်က ရပ်ကွက်တချို့မှာ တစ်အိမ်တက်ဆင်း စာရင်းကောက်တာမျိုးရှိသလို ရုံး ဒါမှမဟုတ် ရာအိမ်မှူးအိမ်ကို လာခိုင်းတာမျိုးလည်း ရှိပါတယ်။

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ လတ်တလောဆင့်ခေါ်မှာ မဟုတ်သေးဘူးလို့ စစ်ကောင်စီက ပြောထားပေမယ့် ရန်ကုန်မြို့မှာတော့ စာရင်းကောက်တဲ့အထဲ အမျိုးသမီးတွေပါ ပါနေတယ်လို့ စစ်မှုထမ်းဖို့ စာရင်းကောက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“ညီမတို့ ညီအစ်မတွေအကုန်လုံး အသက်ပြည့်တယ်။ အကြီးဆုံးတစ်ယောက်ကိုပဲ စာရင်းကောက်သွားတယ်”လို့ သူက ပြောပြပါတယ်။

တိုက်ရိုက်ဆင့်ခေါ်တဲ့ နေပြည်တော်

နေပြည်တော်က ဆင့်ခေါ်စာတစ်စောင်

ဓာတ်ပုံ ရင်းမြစ်, social media

ဓာတ်ပုံ ပုံစာ, နေပြည်တော်က ဆင့်ခေါ်စာတစ်စောင်

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာတော့ စစ်မှုထမ်းဖို့ အသက်ပြည့်အကျုံးဝင်တဲ့သူတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ သတင်းလာပို့ဖို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆင့်ခေါ်နေပါတယ်။

“တိုက်ရိုက်ဆင့်‌ခေါ်တာပါ။ စာရင်းလာကောက်တာမဟုတ်ပါဘူး’’ လို့ နေပြည်တော်မှာ နေထိုင်တဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

နေပြည်တော်မှာ နေထိုင်သူတချို့က ရန်ကုန်လို မဲနှိုက်ရမယ့် အခြေအနေတွေကြုံလာရင် ဖြေရှင်းဖို့ စဉ်းစားထားကြပေမဲ့ ရန်ကုန် နဲ့ တခြားမြို့တွေလိုမဟုတ်ဘဲ နာမည်နဲ့ တိုက်ရိုက်ဆင့်ခေါ်တာဖြစ်ပါတယ်။

နေပြည်တော်မှာ မြို့နယ် နဲ့ ကျေးရွာအပေါ်မူတည်ပြီး သတင်းပို့ရမယ့်ရက်တွေ မတူပေမဲ့ စတင် သတင်းပို့နေရပြီဖြစ်ပါတယ်။

မန္တလေးမြို့ထဲက ရပ်ကွက်တစ်ခုမှာတော့ ရပ်ကွက်ရုံးက တာဝန်ရှိသူတွေ တစ်အိမ်တက်ဆင်းအမျိုးသားအရေအတွက် နဲ့ အမျိုးသမီးအရေအတွက်တွေ မေးမြန်းသွားတယ်လို့ ကိုယ်တိုင်အမေးခံခဲ့ရသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အသက်အရွယ်တွေတော့ မမေးသွားဘူးလို့ သိရပါတယ်။

မအူပင်မြို့နယ်ထဲက ရွာတချို့မှာဆိုရင်လည်း မတ် ၁ ရက်ကတည်းက အိမ်ထောင်ဦးစီးတွေကသန်းခေါင်စာရင်းနဲ့အတူ ရာအိမ်မှူးအိမ်ကိုသွားပြီး စစ်မှုထမ်းဖို့အတွက် စာရင်းပေးထားရတယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပြပါတယ်။

စာရင်းပေးဖို့အတွက် ဆယ်အိမ်မှူးတွေကနေ တစ်အိမ်တက်ဆင်း လိုက်ပြောတယ်လို့ဆိုပါတယ်။

စစ်မှုထမ်းဆောင်ဖို့ ဖြည့်သွင်းရတဲ့ဖောင်ထဲမှာ "ဦးစားပေးတာဝန်ထမ်းဆောင်ဖို့ ဆန္ဒပြု၊ မပြု"ဆိုတဲ့ အချက်အလက်တစ်ခုလည်းပါဝင်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဘီဘီစီက မေးမြန်းကြည့်တဲ့အခါမှာတော့ ဦးစားပေးဆန္ဒပြုတယ်ဆိုတာ ရပ်ကွက်တစ်ခုမှာ လူ ၅ ယောက် စစ်မှုထမ်းဆောင်ဖို့ တာဝန်ကျတယ်ဆိုရင် အဲဒီအထဲမှာ ပထမ ဦးစားပေးအနေနဲ့ သွားချင်လား၊ မသွားချင်ဘူးလားဆိုတဲ့အပေါ် ဆန္ဒပြုရတဲ့သဘောပါလို့ ပြည််သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးယဥ်ထွေးက ဘီဘီစီကိုပြောပါတယ်။

ပြည်ပရောက်နေသူတွေနဲ့ စစ်မှုထမ်းဥပဒေ

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူ ထောင်ချီရှိလာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူ ထောင်ချီရှိလာ

ရန်ကုန်မြို့၊ လသာမြို့နယ်မှာ စာရင်းကောက်တဲ့အခါ နိုင်ငံခြားရောက်နေတဲ့သူတွေရဲ့ နာမည်နဲ့ သွားရောက်နေထိုင်တဲ့ အကြောင်းအရာတွေအပါအဝင် ပြည်ပမှာနေထိုင်တဲ့ လိပ်စာအချက်အလက်အားလုံးကို ပေးလိုက်ရတယ်လို့ လသာမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရတဲ့ ပုံစံမှာလည်း ပြည်ပကိုရောက်နေသူတွေရဲ့ သွားရောက်ကြတဲ့အကြောင်းရင်း နဲ့ မြန်မာနိုင်ငံကို ပြန်လာရမယ့် အချိန်ကိုပါ ရေးဖို့ ထည့်သွင်းထားပါတယ်။

‘’ကျောင်းသွားတက်တာဆိုရင်လည်း ကျောင်းက ဘယ်နှစ်နေရင်ပြီးမှာလဲ ဆိုတာ ရေးခိုင်းတာမျိုး’’ လို့ အချက်အလက်ကောက်ခံမှုမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ပြည်ပရောက်နေသူတွေ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်ပြီဆိုရင် သံရုံးတွေကနေ ဆင့်ခေါ်စာပေးပို့တာထက် ရပ်ကွက်၊ ကျေးရွာတွေကနေ အကြောင်းကြားမှာဖြစ်တယ် လို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

ဒီလိုအကြောင်းကြားစာရောက်လာပြီးတဲ့နောက်မှာ ပြည်ပရောက်နေသူတွေက စစ်မှုထမ်းဖို့အတွက် ဆိုင်းငံ့ခွင့်တင်နိုင်ပြီး ဆိုင်းငံ့ကာလပြီးတဲ့နောက်မှာတော့ မဖြစ်မနေစစ်မှုထမ်းဆောင်ဖို့ လိုအပ်မယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

‘’အသက်အရွယ် အကျုံးဝင်တဲ့ကာလအတွင်းမှာ ပြန်ပြီးထမ်းဆောင်ရမှာဖြစ်ပါတယ်‘’ လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ‘’ပြည်ပမှာ ကျောင်းတက်နေတဲ့သူတွေ အလုပ်လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ ယာယီရွှေ့ဆိုင်းခွင့် လျှောက်လွှာတင်လို့ရတယ်’’ လို့ ဘီဘီစီကိုပြောပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဘာပြောလဲ

စစ်သားစုဆောင်းရေးတပ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်သားစုဆောင်းရေးတပ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူဦးရေ ၁၃ သန်း ဝန်းကျင်ရှိတယ်လို့ ကြားဖြတ်သန်းခေါင်စာရင်းအရ သိရပါတယ်။ အဲဒီထဲမှာ အမျိုးသား ၆ သန်းနဲ့ အမျိုးသမီး ၇ သန်းကျော်ရှိပါတယ်။ စစ်ကောင်စီက တစ်လကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ တစ်နှစ်ကို လူဦးရေ ၆ သောင်းအထိ ခေါ်နိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

စစ်မှုထမ်းဆောင်တဲ့အခါ သာမန်တာဝန်ထမ်းဆောင်တဲ့သူဆိုရင် လစာငွေကျပ် ၄၇၀,၀၀၀ ရရှိမှာဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုထားပါတယ်။ စစ်ဆင်ရေးတာဝန်နဲ့ပတ်သက်တာတွေဆိုရင် အဲဲဒီထက်ပိုများပါတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်မှုထမ်းဥပဒေအသက်မသွင်းခင်က စစ်ကောင်စီ တပ်သားသစ်တစ်ယောက်ရဲ့ လစာက ကျပ်ငွေ ၁၄၄,၀၀၀ ပဲ ရရှိပါတယ်။

ဒါအပြင် "စစ်မှုထမ်းစစ်သည်တစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ ရိက္ခာပေါ့နော်။ ဆန်၊ ဆီ၊ သကြား၊ ပဲ၊ နို့ဆီ၊ လက်ဖက်ခြောက် ဒီလိုရိက္ခာစို၊ ရိက္ခာခြောက်တွေကိုလည်း သတ်မှတ်ထားတာရှိပါတယ်" လို့ သိရပါတယ်။

စစ်မှုထမ်းခိုင်းတာကနေ ကင်းလွတ်ဖို့ လိမ်ညာကြိုးစားရင် ပြစ်ဒဏ်သတ်မှတ်မယ်လို့ ဥပဒေထဲမှာ ဖော်ပြထားသလို ကင်းလွတ်ခွင့်ရအောင် ကြိုးစားရာကနေ အဂတိလိုက်စားမှုတွေလည်း ရှိလာနိုင်တယ်လို့ ဥပဒေပညာရှင်တွေအပါအဝင် နိုင်ငံရေးအကဲခတ်တွေက စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့အချိန်ကတည်းက ထုတ်ပြောထားကြပါတယ်။

အခုလို စာရင်းကောက်ချိန်မှာတင် တစ်နေရာတစ်မျိုးစီ ဖြစ်နေတဲ့ ဖြစ်ရပ်တွေက စစ်မှုထမ်းဥပဒေကို ဒေသအာဏာပိုင်တွေက လိုသလို အသုံးချနေတာ ထင်ရှားတဲ့အကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်မှုထမ်းစာရင်းကောက်တဲ့အခါ မဲနှိုက်ပြီးရွေးချယ်တာ၊ မဲစနစ်နဲ့မဟုတ်ဘဲ ရွေးချယ်တာစတဲ့ မူကွဲတွေနဲ့ ပတ်သက်လို့ စစ်မှုထမ်းဆင့်ခေါ်‌ရေးအဖွဲ့ (ဗဟို)ကို ဘီဘီစီက မေးမြန်းတဲ့အခါ “ကျွန်တော်တို့ကတော့ နည်းဥပ‌ဒေအတိုင်းပဲသွားပါတယ်။ မဲနှိုက်ခိုင်းတာ မရှိပါဘူး” လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မြေပြင်မှာ ကြုံနေရတဲ့ မဲနှိုက်ရွေးချယ်တဲ့စနစ်နဲ့ လူစာရင်းကောက်နေတာတွေကိုလည်း ဗဟိုအဖွဲ့အနေနဲ့ သိထားတာ မရှိဘူးလို့ ဘီဘီစီကို ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ နည်းဥပဒေက ရေးဆွဲနေတုန်းပဲ ရှိပါသေးတယ်။

စစ်ကောင်စီဘက်က သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေသာမက လက်ကမ်းစာစောင်တွေပါဖြန့်ဝေပြီး စစ်မှုထမ်းကြဖို့ စည်းရုံးနေပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံတဲ့ တယ်လီဂရမ်တွေမှာလည်း ခြေလျင်တပ်သားသစ်သင်တန်းဆင်းပွဲတွေကို ဆက်တိုက်ဖော်ပြနေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူတွေ စစ်မှုထမ်းဥပဒေကို လိုက်နာစရာမလိုဘူး လို့ ထုတ်ပြန်ထားသလို တိုင်းရင်းသားလက်နက်ကိုင် တချို့ကလည်း ဒီဥပဒေကို ကန့်ကွက်ထားပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့သူတွေက စစ်သင်တန်း ၃ လတက်ရောက်ရမှာဖြစ်ပြီး ကျန်တဲ့ကာလတွေမှာတော့ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်မှုထမ်းကာလကလည်း သာမန်အခြေအနေမှာ ၂ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အရေးပေါ်အခြေအနေမှာဆိုရင်တော့ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။ ကျွမ်းကျင်ပညာရှင်အနေနဲ့ စစ်မှုထမ်းဆောင်ရမယ်ဆိုရင်တော့ အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အရပ်သားအစိုးရဆီက အာဏာသိမ်းထားတာဖြစ်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဘယ်ပြည်ပနိုင်ငံတွေကမှ ကျူးကျော်နေတာမရှိဘဲ စစ်သား စုဆောင်းခံနေရလို့ လူငယ်တွေဟာ အလွန်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ NUG ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မတ်လ ၁၃ ရက်မှာ ပြောပါတယ်။

အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ ပဋိပက္ခကြိုတင်ကာကွယ်မှုမြှင့်တင်ရေး- အမျိုးသမီးနဲ့လူငယ်အပါအဝင် လုပ်ဆောင်သူများအားလုံးကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး တံခါးဖွင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

ဘီဘီစီက မေးမြန်းခွင့်ရခဲ့တဲ့ တပ်မိသားစုတချို့ကတော့ သူတို့မိသားစုဝင်တွေကို စစ်မှုထမ်းခိုင်းဖို့ လိုလားမှုတချို့ရှိနေကြပေမယ့် အရပ်သားအများစုကတော့ စစ်မှုထမ်းချင်စိတ်မရှိကြပါဘူး။

‘’ကျွန်မတို့က ပြည်ပ နဲ့ စစ်ဖြစ်နေတာမဟုတ်ဘူး။ ပြည်တွင်းစစ်ဖြစ်နေတာ။ အချင်းချင်းပြန်မတိုက်နိုင်ဘူး’’ လို့ ဘီဘီစီက မေးမြန်းခွင့်ရခဲ့တဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အသက် နှစ်ဆယ်ကျော်အရွယ် အဲဒီအမျိုးသမီးက စစ်မှုထမ်းဖို့ ဆိုင်းငံ့နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပြီး မဖြစ်မနေ စစ်မှုထမ်းဖို့ ဖြစ်လာရင်တော့ တပ်ထဲလိုက်မယ့်အစား ပြည်ပကိုပဲ ထွက်ခွာဖို့ ကြိုးစားမယ်လို့ ဘီဘီစီကို ပြောပါတယ်။