မတ် ၂၃ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများအနှစ်ချုပ်

၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ KNDF ထုတ်ပြန်

KNDF တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, KNDF တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီ(ကယား)ပြည်နယ်မှာ မြို့ပေါင်း ၇ မြို့ဖြစ်တဲ့ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲနဲ့ နန်းဖယ်ခုံ မြို့တွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီကနေ့ မတ် ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဖရူဆိုမြို့က တပ်စခန်း ၁ ခု အပါအဝင် ထိန်းချုပ်ထားတဲ့ ၇ မြို့ထဲက စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၆၅ ခုကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မိုးဗြဲနဲ့ ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်စခန်း ၁၇ ခု၊ လွိုင်ကော်မြို့မှာ တပ်စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့မှာ တပ်စခန်း ၁၃ ခု၊ ရှားတောမြို့မှာ တပ်စခန်း ၇ ခု၊ ဘောလခဲမြို့ ရွာသစ်မှာ တပ်စခန်း ၅ ခု၊ မယ်စဲ့မှာ တပ်စခန်း ၁ ခု၊ ဖားဆောင်းမြို့က တပ်စခန်း ၉ ခု စတဲ့ မြို့အလိုက် သိမ်းထားနိုင်တဲ့ စစ်တပ်စခန်းတွေလို့ သိရပါတယ်။

ဒါအပြင် ကရင်နီ(ကယား)ပြည်နယ်ထဲမှာ နယ်မြေအခြေအနေအရ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး နောက်ထပ် ၁၀ ရာခိုင်နှုန်းမှာတော့ စစ်ကောင်စီဘက်က ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေလို့ ထည့်သွင်းကြေညာထားပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၁၈၀ ဦးထက်မနည်းသေဆုံးပြီး နောက်ထပ်အရပ်သား ၂၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့တဲ့အထဲ ၇၀ ကျော်ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာလို့ ကြေညာထားပါတယ်။

စစ်မှုထမ်းစာရင်းကောက်ရင်း ပစ်သတ်ခံရသူ ခုနှစ်ဦးထက်မနည်း ရှိလာ

ရန်ကုန်မြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

နိုင်ငံတဝန်းစစ်မှုထမ်းဖို့အသက်အကျုံးဝင်သူစာရင်းကောက်ခံမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူ ခုနှစ်ဦးထက်မနည်း ရှိလာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီက ပြုစုထားတဲ့စာရင်းတွေအရ မန္တလေး၊ သံတွဲ၊ ရေနံချောင်း၊ ဝမ်းတွင်း၊ စလင်း၊ ပေါင်းတည် နဲ့ သဲကုန်းမြို့ တွေမှာ မတ်လတတိယပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေ နဲ့ ဝန်ထမ်းတချို့ သေဆုံး၊ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ရေနံချောင်း နဲ့ သဲကုန်း ဖြစ်စဉ်တွေမှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူ နဲ့ ထွေ/အုပ် စာရေးတွေ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

မန္တလေးမြို့က မတ်လ ၂၀ ရက် ဖြစ်စဉ်မှာတော့ ကျောင်းဆရာမတစ်ဦး နဲ့ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မြို့တွေမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ သူတို့ရဲ့လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားကြပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ရေတွင်းချောင်းရွာမှာလည်း မတ်လ ၁၇ ရက်က စစ်မှုထမ်းဖို့ မဲနှိုက်အရွေးခံရပြီးတဲ့နောက် အမျိုးသားတစ်ဦး အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်မှာဆိုရင်လည်း စစ်မှုထမ်းဖို့စာရင်းလာကောက်တယ်ထင်ပြီး ဆဲဆိုရာကနေ ရဲစခန်းရောက်ပြီး ဦးသန်းထွန်းအေးဆိုသူ သေဆုံးတဲ့ဖြစ်စဉ် မတ်လ ၂၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ပင်လောင်းမြို့ နန်းတုတ်ရွာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ နန်းတုတ်ရွာမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PNLA News & Information Department

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံထားရတဲ့ နန်းတုတ်ရွာမြင်ကွင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်လောင်းမြို့ထဲက နန်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ မတ် ၂၂ ရက် ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်လာပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၅ လုံး ပျက်စီးသွားပြီး ဆေးခန်းတစ်ခု ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွာလို့ ဆိုပါတယ်။

ဆီဆိုင်မြို့ထဲက ကျေးရွာတချို့ကို မတ်လ ဒုတိယအပတ်အတွင်း စစ်တပ်ဘက်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်ညပိုင်းမှာတော့ ဆီဆိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်ဘက်က ဗုံးအလုံးပေါင်း ဆယ်ချီ လေကြောင်းကနေ ကြဲပြီးတိုက်ခိုက်ခဲ့တယ်လို့ PNLA ဘက်က ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဆီဆိုင်တစ်မြို့လုံးနီးပါး ပျက်စီးနေပြီလို့ ဒေသခံတချို့က ဘီဘီစီကိုပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နန်းတုတ်ရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်က တာဝန်ရှိသူတွေ နဲ့ ဌာနဆိုင်ရာတွေက ဟိုပုံးမြို့နယ်ထဲက ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျောက်ကချားကျေးရွာကို သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးပြီး အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က မတ်လ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

မိုးမောက် စစ်တပ်အမြောက်တပ်ရင်းကို KIA သိမ်းပိုက်

ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Myu Tsaw Kasa

ဓာတ်ပုံ ပုံစာ, ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်က အမြောက်တပ်ရင်း (အမတ-၃၇၀) ကို ကချင်လွတ်လပ်ရေးတပ် - KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ဘီဘီစီကို ပြောပါတယ်။

မတ်လ ၂၁ ရက်တုန်းကလည်း နွမ်လန့်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ-၄၃၈) နဲ့ ဒုံးတပ် (ခမရ-၆၁၆) တို့ကို KIA က သိမ်းပိုက်ထားတယ်လို့ ကချင်ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက ယန်ဝူးကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဘက်က Y-12 လေယာဉ်အမျိုးအစားနဲ့ မတ် ၂၂ ရက် ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။

မံစီမြို့နယ်၊ စီခမ်းကြီးရွာအခြေစိုက် စစ်တပ်စခန်းကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မတ် ၇ ရက်ကနေ တိုက်ပွဲစတင်တဲ့ ၂ ပတ်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းထားနိုင်ပြီလို့ ဘီဘီစီကို ပြောထားပါတယ်။

စစ်ဘက်ဆိုင်ရာကျင့်ဝတ်အသစ်တွေ NUG ထုတ်ပြန်

NUG လက်အောက်ခံ PDF - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NUG လက်အောက်ခံ PDF - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေ မဖြစ်မနေ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အသစ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပစ်မှတ်သတ်မှတ်တာက စလို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေအပေါ် ပြုမူဆက်ဆံတာ၊ အရပ်သားပြည်သူတွေအပေါ် ပြုမူဆက်ဆံတာတဲ့အခါ လိုက်နာရမှာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ၊ ကလေးတွေ နဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) တွေအပေါ် ပြုမူဆက်ဆံတဲ့အခါမှာ လိုက်နာရမယ့်စည်းကမ်းတွေကိုလည်း ထည့်သွင်းထားပါတယ်။

အဖွဲ့အစည်းအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို လေးစားလိုက်နာကျင့်သုံးရမယ်လို ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကျင့်ဝတ်ဖောက်ဖျက်တဲ့သူတွေကိုလည်း တည်ဆဲဉပဒေအရ အရေးယူမှာဖြစ်သလို ကျင့်ဝတ်စည်းမျဉ်း၊ စည်းကမ်းတွေကို မပျက်မကွက် လေးစားလိုက်နာနိုင်ဖို့အတွက် တပ်မှူးအဆင့်ဆင့်အလိုက် စောင့်ကြပ်ကြည့်ရှုတာ၊ အမိန့်နဲ့ ညွှန်ကြားချက်ထုတ်ပြန်တာတွေကို တာဝန်ယူရမယ်လို့ ထုတ်ပြန်ပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်သည်ကျင့်ဝတ်တွေကို ၂၀၂၁ ခုနှစ်၊ မေ ၂၆ ရက်ကတည်းက ပြ ဋ္ဌာန်းထုတ်ပြန်ခဲ့တာဖြစ်ပြီး လိုအပ်ချက်တွေရှိနေတဲ့အပေါ် အခုလို အသစ်ပြင်ဆင်ထုတ်ပြန်လာတာဖြစ်ပါတယ်။