ကင်ဆာရောဂါအတွက် ဆေးကုသမှု ခံယူနေတယ်လို့ ဝေလမင်းသမီး ထုတ်ပြော

ဝေလမင်းသမီး

ဓာတ်ပုံ ရင်းမြစ်, BBC STUDIOS

ဓာတ်ပုံ ပုံစာ, ကင်ဆာအတွက် ကုသမှုခံယူနေတယ်လို့ ပထမဆုံးထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

ဗြိတိသျှ ဝေလမင်းသမီး ကက်သရင်းက ဆေးစစ်ခဲ့မှုတွေအတွင်း သူ့မှာ ကင်ဆာရောဂါရှိနေကြောင်း သိခဲ့အပြီး အခုအခါ ကနဦးအဆင့် ကင်ဆာကုသမှု ခံယူနေတယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

မင်းသမီး ကက်သရင်းက ပြီးခဲ့တဲ့ နှစ်လအချိန်ဟာ အတော်လေးကို ခက်ခဲတဲ့ လတွေ ဖြစ်ခဲ့ပြီး ထိတ်လန့်တုန်လှုပ်စရာကြီး တစ်ခု ဖြစ်ခဲ့ရတယ်လို့ ဗီဒီယိုကနေတဆင့် ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ “သူနေကောင်းနေပါတယ်၊ နေ့တိုင်း ပိုပို သန်မာ အားကောင်းလာနေပါတယ်” လို့ တော့ အပြုသဘော သတင်းစကား ပါးသွားခဲ့ပါတယ်။

သူ့ရဲ့ ကင်ဆာရောဂါနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ထုတ်ဖော်ပြောမသွားခဲ့ပါဘူး။ ဒါပေမဲ့ မင်းသမီး ကက်သရင်း အပြည့်အဝ ပြန်လည် နာလန်ထူလာပါလိမ့်မယ် ဆိုပြီး ကန်ဆင်တန် နန်းတော်က ဆိုပါတယ်။

ဇန်နဝါရီလက သူ ဝမ်းဗိုက်ခွဲစိတ်မှု လုပ်ခဲ့ချိန်တုန်းက ကင်ဆာ ရောဂါဆိုတာကို မသိခဲ့ဘူး လို့ မင်းသမီး ကက်သရင်းရဲ့ ထုတ်ပြန်ချက်မှာ ရှင်းပြထားပါတယ်။

"ဒါပေမဲ့လည်း ခွဲစိတ်အပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ကင်ဆာရှိနေတယ် ဆိုတာကို သိခဲ့ရပါတယ်။ ဒါ့ကြောင့် ကင်ဆာ ကာကွယ်ဖို့ ကီမို ဓာတုကုထုံးနဲ့ ကုသင့်တယ်လို့ ကျွန်မကို ကုသပေးနေတဲ့ ဆရာဝန်အဖွဲ့က အကြံပေးခဲ့တာ ဖြစ်ပြီး အခုအခါ ကနဦးအဆင့် ကုသမှု ခံယူနေပါတယ်" လို့ သူက ပြောပါတယ်။

ကီမို ကုသမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုကင်ဆာ အမျိုးအစားလဲ ဆိုတာ အပါအဝင် ဆေးဘက်ဆိုင်ရာ အချက်အလက်တွေ နောက်ထပ် ထုတ်ဖော်ပြောမှာ မဟုတ်ဘူးလို့ နန်းတော်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ကင်ဆာရောဂါ ခံစားရသူအားလုံးကို သူစာနာ တွေးတောနေခဲ့ပါတယ်"လို့ မင်းသမီး ကက်သရင်းက ပြောပါတယ်။

"ဒီရောဂါနဲ့ ရင်ဆိုင်နေရသူတိုင်း ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ ကျေးဇူးပြုပြီး စိတ်ဓာတ်မကျ၊ မျှော်လင့်ချက် မလျှော့လိုက်ပါနဲ့၊ ဒီလိုခံစားရတာ တစ်ယောက်တည်း မဟုတ်ပါဘူး" လို့ ပြောသွားပါတယ်။

မင်းသမီး ကက်သရင်းက ဇန်နဝါရီလတုန်းကလုပ်ခဲ့တဲ့ ဝမ်းဗိုက်ခွဲစိတ်မှုကနေ ပြန်နာလန်ထူလာနိုင်ဖို့ အချိန်ယူခဲ့ရကြောင်းနဲ့ အခုချိန်မှာ သူ့မိသားစု စိတ်ချလက်ချ ဖြစ်စေဖို့ သူအဓိက ဦးစားပေးနေတယ် လို့ ပြောပါတယ်။

“ကျွန်မတို့မှာ ငယ်ရွယ်တဲ့ သားသမီးတွေ ရှိနေတဲ့အတွက် ဒီကိစ္စကို လုပ်ဆောင်ရာမှာ ဝီလျံနဲ့ ကျွန်မတို့ အတတ်နိုင်ဆုံး သီးသီးသန့်သန့် လုပ်နေကြပါတယ်။”

"ဂျော့ဂျ်၊ ရှားလော့နဲ့ လူဝီတို့ကို ကျွန်မပြန်ကောင်းလာမယ်ဆိုတာကို သူတို့ စိတ်ချကြစေဖို့ သူတို့နဲ့ ကိုက်ညီမယ့် နည်းမျိုးနဲ့ အလုံးစုံရှင်းပြနိုင်အောင် ကျွန်မတို့ အချိန်ယူခဲ့ရပါတယ်။"

"အခုချိန်မှာ ကျွန်မတို့ မိသားစုအတွက် အနှောင့်အယှက်ကင်းကင်းနဲ့ သီးသန့်နေရဖို့ အချိန် လိုအပ်နေပါတယ် "လို့ မင်းသမီး ကက်သရင်းက ပြောပါတယ်။

ချားလ်စ်ဘုရင်ကြီးနဲ့ မိဖုရားကြီးကိုလည်း မင်းသမီး ကက်သရင်းရဲ့ ကျန်းမာရေးအခြေအနေအကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်။ ချားလ်စ်ဘုရင်ကြီး ကိုယ်တိုင်လည်း ကင်ဆာရောဂါအတွက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ဘုရင်ကြီးကတော့ ချွေးမတော် ကက်သရင်းအခုလို ထုတ်ပြောတဲ့ သတ္တိကို ချီးကျူးဂုဏ်ယူနေပါတယ်လို့ ဘာကင်ဟမ်နန်းတော်က ပြောပါတယ်။

ဖေဖော်ဝါရီလတုန်းက အောက်မေ့ဘွယ် နှစ်လည်အခမ်းအနား တစ်ခုကို မင်းသား ဝီလျံ မတက်ရောက်နိုင်ခဲ့တာဟာ မင်းသမီး ကက်သရင်းမှာ ကင်ဆာရောဂါ ရှိနေတယ်ဆိုတာကို သိခဲ့ရတဲ့အတွက် ဖြစ်တယ်လို့ နန်းတော်က ပြောပါတယ်။

မင်းသမီး ကက်သရင်း ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ဇန်နဝါရီလကတည်းကစလို့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအကြောင်း လူထုအကြား ထင်ကြေးပေး ပြောဆိုမှုတွေ၊ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ရေးသားနေမှုတွေကို သူတို့ဇနီးမောင်နှံ အကြီးအကျယ် ရင်ဆိုင်နေခဲ့ရပါတယ်။

မင်းသမီး ကက်သရင်း ဟာ ခရစ္စမတ်ပြီးကတည်းကစလို့ တရားဝင် အခမ်းအနားတွေ တက်ရောက်တာမျိုး မရှိတော့ပါဘူး။

ကျွန်မဘေးမှာ ဝီလျံ ရှိနေပေးတာဟာ ကျွန်မအတွက် ဖြေသိမ့်စရာ၊ စိတ်ချလက်ချ ဖြစ်စရာ အကောင်းဆုံးပါပဲ ဆိုပြီး သူ့မိသားစုထံက အားပေးမှုအကြောင်း မင်းသမီး ကက်သရင်းက ဗီဒီယိုထဲမှာ ပြောသွားခဲ့ပါတယ်။

မင်းသမီး ကက်သရင်းရဲ့ ဗီဒီယိုကို ဘီဘီစီရဲ့ စတူဒီယိုစ် ထုတ်လုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ကန်ဆင်တန် နန်းတော်က ပြောပါတယ်။