ကရင်နီစစ်ရှောင်ဘဝ - လူရှစ်ယောက်၊ ဆန်လေးဘူးနဲ့ ဆီမပါတဲ့ထမင်းဝိုင်း

အလှူရှင်ရှိမှ အသားဟင်းစားရတဲ့အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, JFK

ဓာတ်ပုံ ပုံစာ, အလှူရှင်ရှိမှ အသားဟင်းစားရတဲ့အခြေအနေ
ကရင်နီစစ်ရှောင်ဘဝ - လူရှစ်ယောက်၊ ဆန်လေးဘူးနဲ့ ဆီမပါတဲ့ထမင်းဝိုင်း

“ထမင်းကမနက်တစ်နပ်၊ ညတစ်နပ်နဲ့ ဖရုံစေ့ဟင်းကို ငပိထောင်းနဲ့စားတယ်”

အသက် ၃၉နှစ်အရွယ် စစ်ရှောင်အိမ်ရှင်မတစ်ဦးက သူ့ရဲ့ မိသားစုဝင်ရှစ်ယောက်အတွက် တစ်ရက်တာ စားသောက်ပုံစံကို ဘီဘီစီကိုပြောပြပါတယ်။

သူတို့ဒီလို ထမင်းတစ်နပ်လျော့စားနေခဲ့တာ လအနည်းငယ် ရှိနေပါပြီ။

 ပြီးခဲ့တဲ့ မေလလောက်ကစပြီး ကယား (ကရင်နီ) ပြည်နယ်က စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ကို စားနပ်ရိက္ခာထောက်ပံ့ကူညီသူတွေ သိသိသာသာနည်းပါးလာပါတယ်။

 သိုလှောင်ထားတဲ့ ရိက္ခာ တွေ ဖျက်ဆီးခံရတာ၊ လယ်ယာမြေတွေဟာ စစ်မြေပြင်ဖြစ်လာတဲ့အပြင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ဒီ ကရင်နီစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှုကို ဦးတည်လာစေတာဖြစ်ပါတယ်။

 “အခုဧပြီ ၂၆ရက်က နန်းမယ်ခုံ၊ ဒေါကမီးရွာက ကျွန်မအိမ်မီးရှို့ခံရတယ်။ ဇွန်လ ၄ရက်မှာသွားပြန်ကြည့်တော့ အိမ်လည်းပြာကျ၊ စပါးကျီထဲ နှစ်နှစ်လောက်စားလို့ရတဲ့ စပါးတွေလည်း ကုန်၊ စားသုံးဆီ ၅ ဂါလံ ၁၀ဘူး လည်း မရှိတော့ဘူး” လို့ စစ်မတိမ်းရှောင်ရခင်က စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေပါ နေအိမ်နဲ့ အတူ မီးရှို့ခံလိုက်ရတဲ့ ဖြစ်စဉ်ကို ဒီအမျိုးသမီးက ဆက်ပြောပါတယ်။

 သူပိုင်ဆိုင်တဲ့ လယ်ယာမြေတွေမှာလည်း မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းစကားတွေကြောင့် အခုဆို ဒေါကမီးရွာထဲကို ခေတ္တခဏတောင် မပြန်နိုင်တော့ပါဘူး။

 သူ့ မိသားစုရှစ်ယောက်အပါအဝင် လူအယောက် ၁၄ဝ ကျော်ရှိတဲ့ သစ်ယားတောစစ်ရှောင်စခန်းအတွက် တစ်ဧကရှိတဲ့ လယ်ကွက်ထဲမှာ ပဲ၊ ဖရုံ၊ ဗူး စတဲ့ အသီးအနှံတွေကို ကိုယ်ထူကိုယ်ထ စိုက်ပျိုးပြီး ဟင်းစားအဖြစ် စားကြပါတယ်။ အဓိကအားထားရတဲ့ ဆန်ကိုတော့ အလှူရှင်လာရောက်ချိန်ဖြစ်စေ၊ အလှူခံပြီး ရလာတဲ့ရံပုံငွေကနေ ဆန်ဝယ်ကြရပါတယ်။

 “အရင်က ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ကုလားပဲ ဒါတွေနဲ့ ရိက္ခာစားကြတာပေါ့။ အခုကတော့ ဆန်နဲ့ ဆားရရင်ကို အသက်ရှင်ဖို့အတွက် အဆင်ပြေနေပြီ” လို့ သစ်ကူးတောစခန်းမှာနေထိုင်တဲ့ အသက် ၃၉နှစ် အရွယ် စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

 “ကျွန်မမှာ ဆန် ငါးရက်စာနဲ့ ဆီ နည်းနည်းရှိသေးတယ်။ အနီးအနားက လူများတဲ့ စစ်ရှောင်စခန်းတွေက တော့ ဆန်ပြုတ်သောက်နေရပြီ” လို့ ဒီးမောဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေရဲ့ အခြေအနေ ကို သူက ခြုံငုံပြောပြပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းကစစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, JFK

ဓာတ်ပုံ ပုံစာ, ဒီးမောဆိုအနောက်ဘက်ခြမ်းကစစ်ရှောင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ရှောင်လူဦးရေ များလေ၊ ရိက္ခာလိုအပ်ချက်ပိုများနေ

 ဘီဘီစီနောက်ထပ်မေးမြန်းကြည့်တဲ့ ဒီမောဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင် ၁၃၀၀ နီးပါးရှိတဲ့ ဟိုဝမ်စခန်းမှာတော့ ဆန်ရိက္ခ ာပြတ်လုနီးနီးဖြစ်နေပြီလို့ ဆိုပါတယ်။

 ပုံမှန်တစ်နေ့ကို နို့ဆီဘူး ၆လုံးစာ ထမင်းချက်ပြုတ်စားသောက်နေခဲ့တာကနေ ဇွန်လနောက်ပိုင်းကစပြီး မိသားစုရှစ်ယောက်အတွက် တနေ့လုံးစာ ဆန်နို့ဆီဘူး ၄ ဘူးသာ ချက်စားတော့တယ်လို့ ဟိုဝမ်စခန်းနေ စစ်ရှောင်အမျိုးသမီးတစ်ဦးက တွက်ချပြပါတယ်။

 “အသက် ၆၀ လူကြီးရယ်၊ အသက် ၁၈နှစ်အောက် ကလေးနှစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေက တစ်နပ်လျော့ စားတယ်။ ဟင်းဆိုလည်း အသားဟင်းဆို မမြင်ရတာကြာပြီ။ ဆီတောင်မရှိလို့ ရေလုံပြုတ်ပဲစားနေကြတာ” လို့ သူတို့ရဲ့ ထမင်းဝိုင်းမြင်ကွင်းကို ပြန်ပြောပြပါတယ်။

 ဆန်ရှားပါးတာအပြင် စားသုံးဆီ လုံးဝမရတဲ့အနေအထားကိုပါ ဟိုဝမ်စစ်ရှောင်စခန်းက ကရင်နီဒေသခံ တွေ ရင်ဆိုင်နေရပါတယ်။

 လူဦးရေ တစ်သိန်းကျော်နဲ့ အများဆုံးစစ်ရှောင်နေတဲ့ ဒီးမောဆို ဒေသတစ်ဝိုက်မှာ စားသုံးဆီတစ်ဘူးကို ငွေကျပ် ၉၀၀ကနေ အခုဆို ၃၆၀၀ အထိ ဈေးပေါက်နေသလို ကြက်ဥ ၄လုံးကို ၁၀၀၀ ကျပ်အထိ ဈေးတက်နေတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေမှာ ဝယ်ယူမစားသုံးနိုင်တော့တဲ့ အကြောင်း ရှင်းပြပါတယ်။

“အိမ်ကမိသားစုနဲ့တော့ တိုင်ပင်ထားပြီ ဆန်ရဖို့ မလွယ်တော့ရင်တော့ ကျွန်မတို့ ဆန်ပြုတ်ပဲ စားကြတော့မယ်”

 စားနပ်ရိက္ခာ ပြတ်လပ်မှု ပိုဆိုးလာခဲ့ရင်ဆိုပြီး ကြိုတင်တိုင်ပင်ထားတဲ့အကြောင်း ဒီးမောဆိုမြို့ပေါ် ရပ်ကွက်ကနေ ဟိုဝမ်စခန်းမှာ စစ်ရှောင်နေရတဲ့ ဒီအမျိုးသမီးက ဘီဘီစီကိုပြောပါတယ်။

 ဒီလို စစ်ရှောင်တွေရဲ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့တာဟာ ကရင်နီဒေသကို စစ်ကောင်စီ ကနေ ဖြတ်လေးဖြတ်လုပ်ဆောင်ထားတာကြောင့်လို့ စစ်ဘေးရှောင်တွေက ထောက်ပြပါတယ်။

ရိက္ခာသည်စစ်ရှောင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, JFK

ဆန်တစ်ယောက်နှစ်အိတ်၊ ဆေးအများစာဝယ်ရင် စာရင်းပေးရတဲ့ကရင်နီဒေသ

စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ကယား (ကရင်နီ) ပြည်နယ်က မြို့တွေကို ဆက်သွယ်ထားတဲ့ ပင်မလမ်းမကြီးတွေမှာ ဂိတ်စခန်းအဆင့်ဆင့်ဖွင့်ကာ စစ်ကောင်စီဘက်က တင်းကျပ်ထားတာ လပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။

 အခု ဇွန်လနောက်ပိုင်းမှာတော့ ဆန်ဆီရိက္ခာအပါအဝင် ဆေးဝါးတွေစုပေါင်းသယ်ယူပြီး သွားလာတာ မျိုးဆိုရင် ဖြတ်သန်းခွင့်မပြုတာ၊ သိမ်းဆည်းခံလိုက်ရတာတွေ ခပ်စိပ်စိပ်ကြုံလာရတယ်လို့ ကရင်နီဒေသစစ်ဘေးရှောင်ထောက်ပံ့သူတွေက ပြောပါတယ်။

 “ကယားတစ်ပြည်လုံးမှာ လွိုင်ကော်တစ်ခုပဲ ကုန်သွယ်ရေးရှိတော့တယ်။ ဒီတော့ လူတစ်ယောက်ကို ဆန်နှစ်အိတ်ပဲရောင်းဖို့ နောက်ဆေးဆိုင်တွေမှာ များများစားစားဆေးဝယ်ပြီဆိုရင် နာမည်၊ ဖုန်းနံပါတ် ဒီလိုစာရင်းတွေ ဆိုင်ကို ပေးထားရတယ်၊ ဒါပြီးခဲ့တဲ့ ဇွန်လထဲကအခုလိုဖြစ်တာပဲ” လို့ ရိက္ခာဝယ်ယူ စုဆောင်းရာမှာ ခက်ခဲလာတဲ့အခြေအနေကို ကူညီသူတစ်ဦးကရှင်းပြပါတယ်။

 တစ်ဖက်က ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့်လည်း ဆန်တစ်အိတ်ကို ၃သောင်းခွဲနီးပါးကျသင့်တာ အပြင် လောင်စာဆီပြတ်တောက်မှုကြောင့်ပါ စစ်ရှောင်စခန်းတွေဆီအရောက်ကို သယ်ယူစရိတ် နှစ်ဆဖြစ်လာပါတယ်။

 ဒီလို စစ်ရှောင်ထောက်ပံ့သူတွေမှာပါ အခက်အခဲကြုံလာတာကြောင့် ဒီးမောဆို၊ဖရူဆိုမြို့နယ်တွေက စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာမလုံလောက်မှုဟာ အခုဩဂုတ်နောက်ဆုံးပတ်မှာအဆိုးရွားဆုံး ကြုံနေရတယ်လို့ ထောက်ပြကြပါတယ်။

 ဒါ့အပြင် မိုးတွင်းဖြစ်တာကြောင့် ရုတ်တရက် တောင်ကျရေစီးလာကာ ရေဘေးကြုံရတာတွေ၊ တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်စခန်းတွေကနေ လှမ်းပစ်တတ်တဲ့ လက်နက်ကြီးကျရောက်နိုင်မယ့် အန္တရာယ် တွေကိုပါ စစ်ရှောင်တွေက စိုးရိမ်ထိတ်လန့်နေကြတာပါ။

 သူတို့ရဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေထဲက အရေးအကြီးဆုံးဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး စစ်ရှောင်တွေကတော့ အသက်ရှင်သန်နိုင်ရုံစားသောက်နိုင်ဖို့အတွက်ကိုသာ အဓိက မျှော်လင့်ထားကြပါတယ်။

 လူတစ်ယောက်မှာနေ့စဉ်လိုအပ်တဲ့ အာဟာရပြည့်ဝဖို့၊ ကျန်းမာရေးနဲ့ညီညွတ်ဖို့ဆိုတဲ့အချက်တွေကို ထည့်သွင်း မစဉ်းစားဖြစ်တော့ဘူးလို့ သူတို့ဖြတ်သန်းနေရတဲ့ လက်ရှိအခြေအနေကို ပြောပါတယ်။

 “ကူညီသူတွေလည်းခက်နေတာ အသိဆုံးပဲ။ ခက်တာက ကျွန်မတို့မှာလည်း ဘာဝင်ငွေမှမရှိဘူး၊ ဘာမှလည်း မရှိတော့ဘူး”

 ဒီလို သစ်ကူးတောစခန်းက ကရင်နီအမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်ပြောပြချက်ဟာ စစ်ရှောင်အများစု ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ထပ်တူညီပြီး စစ်ပွဲတွေမရပ်သရွေ့၊ သူတို့နေအိမ်တွေဆီ ပုံမှန်လို ပြန်နေထိုင်စားသောက်နိုင်ဖို့ မလွယ်ကူနိုင်ဘူးဆိုတာကိုလည်း သူတို့လက်ခံထားကြပြီဖြစ်ပါတယ်။