ပြည်ပနိုင်ငံတွေကို တိုက်လေယာဥ်တွေ ဂျပန်ရောင်းချတော့မယ်

လန်ဒန်မြို့ပေါ် ပျံသန်းနေတဲ့ မှန်းဆ ပုံဖော်ထားတဲ့ ဂျက်တိုက်လေယာဉ်သစ်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့ပေါ် ပျံသန်းနေတဲ့ပုံစံ မှန်းဆ ပုံဖော်ထားတဲ့ ဂျက်တိုက်လေယာဉ်သစ်

ဂျပန်နိုင်ငံဟာ ဗြိတိန်၊ အီတလီနိုင်ငံတို့နဲ့အတူ ပူးတွဲတည်‌ဆောက်နေတဲ့ တိုက်ခိုက်ရေး လေယာဥ်သစ်တွေကို တင်ပို့ရောင်းချနိုင်တယ်လို့ ဂျပန်အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အခုလို အတည်ပြုချက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ စစ်ရေးကို မတိုးချဲ့ဖို့၊ နိုင်ငံတကာ အရေး အခင်းတွေမှာ ဂျပန်က စစ်ရေးအရ မပါဝင်ဖို့ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းချက်‌တွေကနေ ခွာလာတဲ့အရွေ့တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ဂျပန်နဲ့ ကာကွယ်ရေးသဘောတူညီချက်တွေ လက်မှတ်ထိုးထားတဲ့နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်ပွားတာမရှိတဲ့နိုင်ငံတွေကို တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေ ရောင်းချဖို့ ခွင့်ပြုတဲ့ လက်နက်တင်ပို့ စည်းကမ်းတွေကို ဂျပန်က လျှော့ချလိုက်တာလည်းဖြစ်ပါတယ်။

ဂျပန်ဟာ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြောင့်ဖြစ်လာတဲ့ ခြိမ်း‌ခြောက်မှုတွေကို ထောက်ပြပြီး စစ်ဘက်ဆိုင်ရာအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်မှာ နှစ်ဆတိုးမယ်လို့ ဂျပန်က ပြောထားတာပါ။

တိုက်ခိုက်ရေး ဂျက်လေယာဥ် တစ်စီးရောင်းချတိုင်း အစိုးရအဖွဲ့ရဲ့ထောက်ခံမှု လိုအပ်မယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

ဂျပန်ဟာ Tempest လို့ ခေါ်တဲ့ တိုက်လေယာဥ်ကို ဗြိတိန်နဲ့ အီတလီနိုင်ငံတို့နဲ့ ပူးတွဲတည်ဆောက်ဖို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ပါဝင်ခဲ့ပြီး အဲဒီတိုက်လေယာဥ်အမျိုးအစားသစ်ဟာ လေယာဥ်မှူးတွေကို အထောက်အကူဖြစ်စေမယ့် နည်းပညာမြှင့်အာရုံခံစက်တွေနဲ့ ဉာဏ်ရည်တုနည်းပညာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီတိုက်လေယာဥ်တွေကို ၂၀၃၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားပြီး ဒါဟာ ဂျပန်အတွက် အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံတစ်နိုင်ငံနဲ့ ပထမဆုံးကာကွယ်ရေးပစ္စည်းကိရိယာဖန်တီးမှုမှာ ပူးပေါင်းမှု ဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်ပကို တိုက်လေယာဥ် ရောင်းချမယ့် ဂျပန်အစိုးရရဲ့ အခုအစီအစဥ်ဟာ အမေရိကန်ပြည်ထောင်စုကို ဧပြီလအတွင်း သွားရောက်မယ့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ ခရီးစဥ် မတိုင်ခင်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ အဲဒီမှာ ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်နဲ့အတူ ကာကွယ်ရေးဆိုင်ရာပူးပေါင်းမှုတွေပိုပြီးပြုလုပ်ဖို့ အသင့်ဖြစ်တဲ့အကြောင်း အလေးထားပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

အနာဂတ် နိုင်ငံတကာကာကွယ်ရေးစီမံကိန်းတွေမှာ ဂျပန်ဟာ မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ ပြဖို့ တတိယနိုင်ငံတွေကို စစ်လေယာဥ် တင်ပို့ခွင်ပေးရေးက ‘‘လိုအပ်’’ တယ်လို့ မစ္စတာ ကီရှီဒါက ပြောပါတယ်။

‘‘နိုင်ငံ့လုံခြုံရေးအတွက် လိုအပ်တဲ့စွမ်းဆောင်ရည်တွေပါဝင်တဲ့ တိုက်ခိုက်ရေးလေယာဥ်တွေ တည်ဆောက်ရေးအစီအစဥ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ကာကွယ်ရေးကဏ္ဍတွေကို အပေါ့အလျော့မခံဘူး ဆိုတာကို သဘောပေါက်လာစေဖို့ဖြစ်ပါတယ်’’ လို့ အစိုးရ ပြောခွင့်ရသူ ယိုရှီမာဆာ ဟာယာရှီက ပြောပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး မင်နိုရု ခီဟာရာ ကတော့ ဂျပန်နိုင်ငံဟာ ပြည်ပကို (ကာကွယ်ရေးပစ္စည်း) တင်ပို့မှုတွေမှာ ‘’တင်းကျပ်တဲ့ဆုံးဖြတ်ချက်အဆင့်ဆင့်’’ ကနေတစ်ဆင့် ‘‘စစ်ဆန့်ကျင်ရေး နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံ ဒဿန’’ကို ကိုင်စွဲထားတုန်းဖြစ်တယ်လို့ ထပ်လောင်းပြောကြားထားပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်သိမ်းပိုက်ခံ ဂျပန်နိုင်ငံဟာ စစ်ပွဲကို စွန့်လွှတ်တာနဲ့ နိုင်ငံတကာအငြင်းပွားမှုကို ဖြေရှင်းရာမှာ အင်အားသုံးတာကို စွန့်လွှတ်တဲ့အကြောင်း ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဖွဲ့စည်းပုံမှာ စစ်တပ်ရယ်လို့ တရားဝင် သတ်မှတ်အသိအမှတ်ပြုထားတာမျိုးမရှိသလို အင်အားကိုလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ ကန့်သတ်ထားပါတယ်။

ဖွဲ့စည်းပုံအရ လက်နက်တွေ တင်ပို့တာကိုလည်း တားမြစ်ထားပေမဲ့ ၂၀၁၄ ခုနှစ်တုန်းက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက်မှာ အဲဒီတားမြစ်ချက်ကို ပထမဆုံးအကြိမ် ဖြေလျှော့ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ဂျပန်ဟာ အသက်သေစေနိုင်တဲ့လက်နက်တွေကို ရောင်းချမှုနဲ့ ပတ်သက်ပြီး စည်းမျဥ်း စည်းကမ်းတွေကို နောက်ထပ် ဖြေလျှော့ခဲ့ပါတယ်။ အဲဒါကတော့ ပြည်ပလိုင်စင်အောက်ကနေ ဂျပန်ထုတ်လုပ်တဲ့ လက်နက်တွေကို လိုင်စင်အခြေစိုက်တဲ့နိုင်ငံဆီ ပြန်လည်တင်ပို့ခွင့်ပြုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်ဟာ အမေရိကန်ကို ပက်ထရီယက် Patriot လေကြောင်းရန်ကာကွယ်ရေး မစ်ဆိုင်းတွေကို အမေရိကန်ဆီ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီမစ်ဆိုင်းတွေဟာ ယူကရိန်းကို အမေရိကန်ကူညီနေတဲ့ မစ်ဆိုင်းတွေထဲမှာ အဆင့်မြင်ဆုံးမစ်ဆိုင်းတွေထဲမှာ ပါဝင်ပါတယ်။