ရုရှား - ရွေးကောက်ပွဲက ပူတင်အတွက် ဘာကြောင့် အရေးကြီးတာလဲ

ဗလာဒီမီယာပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ ၃ ရက်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ငါးကြိမ်မြောက်သက်တမ်း အနိုင်ရဖို့ ပူတင်မျှော်လင့်နေပါတယ်။
  • ရေးသားသူ, ဆာဂေးဂိုရာချော့ဝ်
  • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

ရုရှားနိုင်ငံမှာ သမ္မတရွေးကောက်တင်မြှောက်တဲ့ လုပ်ငန်းစဉ်ကို မတ်လ ၁၅ ရက်ကနေ ၁၇ ရက် အထိ သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဗလာဒီမီယာပူတင်ကပဲ ဆက်အောင်ပွဲခံပြီး ငါးကြိမ်မြောက်သက်တမ်းရတဲ့ သမ္မတဖြစ်လာမယ်လို့ အများက မျှော်လင့်ထားပြီးသား ဖြစ်နေပါတယ်။ ဒီအတိုင်းဆို ရုရှားမှာ ရွေးကောက်ပွဲလုပ်ဖို့ ဘာကြောင့်လိုအပ်မှာလဲ၊ ဒီရွေးကောက်ပွဲကနေရော သမ္မတပူတင်ကို တကယ်တန်းလူကြိုက်များမများ ဘယ်လို သိနိုင်မှာပါလဲ။

ဗလာဒီမီယာပူတင်ဟာ ၂၀၀၀ပြည့်နှစ်ကတည်းက ရုရှားကိုအုပ်ချုပ်လာတာပါ။ ‌သူ့ရှေ့က သမ္မတ ဘောရစ် ယဲ့လ်ဆင်က သူ့ကို ယာယီ အိမ်စောင့်သမ္မတအဖြစ် စခန့်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မတ်လမှာတော့ ပူတင်ဟာ ပထမဆုံးရွေးကောက်ပွဲကိုအနိုင်ရခဲ့ပြီး သမ္မတဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားထဲမှာ ရာထူးပြောင်းပြီး ဝန်ကြီးချုပ်ရာထူးကိုယူခဲ့ပေမဲ့ သူကပဲ အပြည့်အဝ ဆက်ထိန်းချုပ်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက ရုရှားအခြေခံဥပဒေအရ သမ္မတ တစ်ဦးက သမ္မတသက်တမ်း နှစ်ကြိမ်ဆက်ထက်ပိုပြီး တာဝန်ယူလို့မရတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ရာထူးခဏ ပြောင်းယူပြီးမှ သူ့သြဇာနဲ့ နေရာကို ပြန်တည်ဆောက်လို့ သမ္မတရာထူးကို ပြန်ရယူခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ ရုရှား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲခဲ့ပြီး သမ္မတပူတင်ဟာ ၂၀၃၆ ခုနှစ်အထိ အာဏာဆက်ယူထားလိမ့်ဦးမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါတယ်။

အဲဒီအထိသာ နေသွားနိုင်ရင် သူဟာ ရုရှားရဲ့ နှစ် ၃၀ ကျော် အရှည်ဆုံးနန်းတက်အုပ်ချုပ်ခဲ့သူတွေဖြစ်တဲ့ ၁၈ ရာစုက ကက်သရင်းဘုရင်မ၊ ကွန်မြူနစ်ခေါင်းဆောင် ဂျိုးဇက် စတာလင်တို့ ကို ကျော်လွန်ပြီး ပူတင်က ရုရှားရဲ့ သက်တမ်းအရှည်ဆုံး အုပ်ချုပ်သူဖြစ်လာမှာပါ။

ထောက်ခံမှုတွေ ရဖို့လို

လေယာဉ်ပျံသန်းမှု လေ့ကျင့်လုပ်ဆောင်နေတဲ့ ပူတင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ ဌာနတစ်ခုကို သွားရောက်ချိန်မှာ လေယာဉ်ပျံသန်းမှု လေ့ကျင့်လုပ်ဆောင်နေတဲ့ ပူတင်

တကယ်တမ်းတော့ ရုရှားမှာ ရွေးကောက်ပွဲတွေဆိုတာ စိတ်လှုပ်ရှားစရာ မကောင်းတတ်ကြပါဘူး၊ ဒါပေမဲ့လည်း အာဏာယူထားသူတွေကို တရားဝင်မှုပေးပြီး လုထုရဲ့သဘောထားကလည်း အရေးပါတယ်ဆိုတာ ပြသနိုင်တဲ့အတွက် ရွေးကောက်ပွဲက အရေးပါမှုတော့ ရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုအကြိမ်မှာတော့ ရုရှားဟာ သူ့နိုင်ငံအတွက်သာမက ကမ္ဘာတဝန်းအတွက်ပါ ရေရှည်အကျိုးဆက်ကြီးတွေ ရှိနိုင်တဲ့ စစ်ပွဲကြီးတစ်ခုတိုက်နေရချိန်ဖြစ်တော့ ရွေးကောက်ပွဲဟာ ဗလာဒီမီယာပူတင် အတွက် အနိုင်ရဖို့တင်မက လူတွေများများထွက်လာမဲပေးဖို့၊ နောက်ပြီး သူ့ကို ထောက်ခံမှုအများကြီးရဖို့ အရေးကြီးနေပါတယ်။

ပြည်နယ်အလိုက် အစိုးရအရာရှိတွေအတွက်တော့ ရွေးကောက်ပွဲမှာ သူတို့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ စွမ်းရည်အရင်းအမြစ်တွေကို စုစည်းပြီး သမ္မတအတွက် ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရအောင် လုပ်ပေးနိုင်စွမ်းကို စမ်းသပ်တဲ့ ပွဲလည်း ဖြစ်ပါလိမ့်မယ်။

ကရင်မလင်အနေနဲ့ မဲပေးသူ အနည်းဆုံး ၇၀ ရာခိုင်နှုန်းထွက်လာပြီး အဲဒီထဲက ပူတင်ကို ထောက်ခံမဲ ၈၀ ရာခိုင်နှုန်းရဖို့ မျှော်လင့်ထားတယ်လို့ ရုရှားရဲ့ လွတ်လပ်တဲ့ သတင်းအေဂျင်စီ Meduza က ဖော်ပြထားပါတယ်။ ဒီနှုန်းက ၂၀၁၈ က ပူတင်ရခဲ့တဲ့ ၇၆ ဒသမ ၇ ရာခိုင်နှုန်းကို ကို ကျော်လွန်သွားမှာဖြစ်ပါတယ်။

ဘီဘီစီရဲ့ သီးသန့်ပြုစုထားတဲ့လေ့လာမှုအရ အဲဒီလို ရလဒ်တွေရဖို့ ရုရှားအာဏာပိုင်တွေက နိုင်ငံဝန်ထမ်းတွေကို စည်းရုံးထားတာတွေ့ရပါတယ်။ နိုင်ငံဝန်ထမ်းဆိုရာမှာ ဗဟိုနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေဆီမှာ လုပ်ကိုင်နေတဲ့ နိုင်ငံဝန်ထမ်းတွေအပြင် အစိုးရပိုင်စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်းတွေမှာ တာဝန်ထမ်းနေသူတွေလည်း ပါပါတယ်။ သူတို့ကို ရွေးကောက်ပွဲမှာ မဲပေးဖို့၊ သမ္မတကို ထောက်ခံမဲပေးဖို့ အလေးအနက်တိုက်တွန်း သွားမှာပါ။

အခု ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၁၂ ဒသမ ၃ သန်းခန့်ရှိပါတယ်။

ဒီ ကိန်းဂဏန်းက ၂၀၁၄ မှာ ယူကရိန်းဆီက တရားမဝင် သိမ်းပိုက်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ခရိုင်းမီးယားနဲ့ ဒွန်းဘတ်စ်ဒေသရဲ့ အစိတ်အပိုင်းတွေရော ၂၀၂၂ ဖေဖော်ဝါရီလကတည်းက သိမ်းပိုက်ထားတဲ့ ယူကရိန်းရဲ့ အရှေ့ဘက်နဲ့ တောင်ပိုင်းကဒေသတွေမှာ နေထိုင်သူတွေကိုပါ ထည့်တွက်ထားတာပါ။

အိမ်နီးချင်း ကာဇက်စတန်မှာ ရုရှား ငှားထားတဲ့ Baikonur အာကာသလွှတ်တင်ရေးစခန်း မှာ လုပ်နေတဲ့ ရုရှား နိုင်ငံသား ၁၂, ၀၀၀ အပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ရုရှားနိုင်ငံသား ၁ ဒသမ ၉ သန်းလည်း မဲပေးခွင့် ရှိပါတယ်။

စစ်ပွဲနဲ့ ရွေးကောက်ပွဲ

ဗလာဒီမီယာ ပူတင်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုအဖြစ် အခမ်းအနားအများအပြားတက်ခဲ့ပြီး အထူးသဖြင့် ရုရှားဒေသအသီးသီးက ကျောင်းသားတွေ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

 ၂၀၂၄ ကမ္ဘာ့လူငယ်ပွဲတော်ပိတ်ပွဲအခမ်းအနားမှာ  မိန့်ခွန်းပြောနေတဲ့ ပူတင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ကမ္ဘာ့လူငယ်ပွဲတော်ပိတ်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ ဗလာဒီမီယာပူတင်

ပူတင်က သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ (မော်စကို အသုံးအနှုန်းအရ အထူးစစ်ဆင်ရေး) အကြောင်းကို ရှောင်ရှားပြီး ပြောပေမဲ့ စစ်ပွဲက ရုရှားပြည်သူတွေရဲ့ နေ့စဥ်ဘဝမှာ အမြဲလိုရှိနေခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ ခရီးသွားလာခွင့်ကန့်သတ်မှုတွေနဲ့ နိုင်ငံတကာထုတ်ကုန်တွေ သုံးစွဲခွင့်လျော့လာတာတွေအပြင် အနည်းဆုံး မြောက်အမေရိကနဲ့ ဥရောပတို့ ရဲ့ ဖယ်ကျဥ် အထီကျန်ထားမှုတွေကို လူထုက ကြုံတွေ့ခံစားနေကြရတာပါ။

စစ်ပွဲမှာ ရုရှားစစ်သား သိန်းချီမဟုတ်တောင် သောင်းနဲ့ချီပြီး အသက်ဆုံးရှုံးထားတာဖြစ်ပါတယ်။

ငယ်ရွယ်ပြီး ပညာတတ်များ အများစုဖြစ်တဲ့ ကြွယ်ဝတဲ့ သိန်းနဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေဟာလည်း ပြီးခဲ့တဲ့ ၂၄ လအတွင်း စစ်ပွဲကို သဘောမတူတာ ဒါမှမဟုတ် စစ်မှုမထမ်းလိုတာကြောင့် နိုင်ငံတွင်းက ထွက်ခွာသွားကြပါတယ်။

မဲဆွယ်စည်းရုံးမှုထဲ ထည့်မပြောသည့်တိုင် စစ်ပွဲအကြောင်းက မီဒီယာတွေမှာ အဓိကဖော်ပြနေတာမို့ ရုရှားနိုင်ငံသားတွေ လုံးဝရှောင်ရှားနေလို့ ရမှာတော့မဟုတ်ပါဘူး။

မဲပေးသူ များပြားမယ်ဆိုရင် သမ္မတရဲ့ အနာဂတ် ဆုံးဖြတ်ချက်တွေမှာ တရားဝင်မှုကိုပိုတိုးစေမှာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မဲပေးသူ များမယ်ဆိုရင် သမ္မတရဲ့ အနာဂတ် ဆုံးဖြတ်ချက်တွေမှာ တရားဝင်မှုကိုပိုတိုးစေပြီး ယူကရိန်းစစ်ပွဲအတွက် စိုးရိမ်စရာ ဖြစ်လာမှာပါ။

မဲပေးသူများမယ်၊ သမ္မတကို ထောက်ခံမှုမြင့်မားမယ်ဆိုရင် ဒါက နောက်ပိုင်းမှာ သူ ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကို တရားဝင်မှု ထပ်ဆောင်းပေးလိုက်သလိုလည်း ဖြစ်ပါလိမ့်မယ်။ အဲဒီ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေထဲမှာ တော်တော်များများကလည်း အခုရုရှားတိုက်နေတဲ့ ကျူးကျော်စစ်နဲ့ ဆက်စပ်တာတွေ ဖြစ်နေမှာပါ။

သမ္မတလောင်း အဖြစ်အရွေးခံသူတွေ

ဗလာဒီမီယာပူတင်အပြင် ကိုယ်စားလှယ်လောင်း ၃ ယောက်ရှိပါတယ်။ အမျိုးသားရေးဝါဒီကွန်ဆာဗေးတစ် လီယိုနစ် ဆလပ်စကီ၊ ကွန်မြူနစ်ပါတီ သမ္မတလောင်း နီကိုလိုင် ခါရီတိုနေ့ာဗ် နဲ့ သိပ်မကြာခင်က တည်ထောင်ခဲ့တဲ့ New People ပါတီက စီးပွားရေးသမား ဗလာဒီဆလဗ် ဒါဗန်ကေ့ာဗ်တို့ပါ။ သူ့ပါတီက အောက်လွှတ်တော် ဒူးမားမှာ အမတ်နေရာ နည်းနည်းရထားပါတယ်။

ဒီ ၃ ဦးလုံးက ရုရှားတိုက်နေတဲ့ ယူကရိန်းစစ်ပွဲကိုရော သမ္မတပူတင်ကိုပါ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး သူတို့ထဲက တစ်ဦးမှ ပူတင်အတွက် ခြိမ်းခြောက်မှု မရှိနိုင်ပါဘူး။

ပူတင်အတွက် စိန်ခေါ်သူ အစစ်အမှန်တွေကတော့ ထောင်သွင်းအကျဉ်းချခံရတာ၊ သတ်ဖြတ်ခံရတာ ဒါမှမဟုတ် နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့ရတာချည်းပါပဲ။ ပူတင်ကို အပြင်းထန်ဆုံး ဆန့်ကျင်သူ အလက်ဇီ နာဗယ်လ်နီ ဟာ ဖေဖော်ဝါရီလက လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။

ဘီဘီစီရုရှားသတင်းအယ်ဒီတာ စတိဗ် ရိုဇင်ဘတ်က သမ္မတလောင်းခါရီတိုနော့ဗ် ကို သူက ပူတင်ထက် ပိုကောင်းတဲ့သမ္မတဖြစ်မယ်လို့ သူ့ကိုယ်သူ ထင်လားလို့ မေးခွန်းထုတ်တဲ့အခါမှာတော့ သူဖြေရမှာမဟုတ်ဘဲ မဲဆန္ဒရှင်တွေက "အားလုံးဆုံးဖြတ်ပေးမယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။

မစ္စတာ ခါရီတိုနော့ဗ်ကလည်း "အနာဂတ်အတွက် လက်ဝဲဘက်ကို လှည့်ကြစို့" ဆိုပြီး တိုက်တွန်းတောင်းဆိုနေပါတယ်။ သူကလည်း ၂၀၂၂ ခုနှစ်ကတည်းက အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကိုခံထားရတာဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီက  ကိုယ်စားလှယ်လောင်းခါရီတိုနော့ဗ် က ပူတင်ကို ထောက်ခံကြောင်းထုတ်ပြောထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်ပါတီက ခါရီတိုနော့ဗ်က ပူတင်အပြင် ကိုယ်စားလှယ်လောင်း ၃ ဦးထဲက တစ်ဦးဖြစ်ပြီး ပူတင်ရဲ့ မူဝါဒတွေကို ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုထားတာပါ။

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDPR) ရဲ့ လွှတ်တော်အမတ် လီယိုနစ် ဆလပ်စကီ ဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တော်တော်များများကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ အခုရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကို နိုင်ငံတော်ခရီးစဉ်တွေ စီစဉ်ပေးခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံနေရတာဖြစ်ပါတယ်။

ပါတီအသစ်က မျက်နှာသစ် ဗလာဒီဆလဗ် ဒါဗန်ကော့ဗ် ကတော့ မီဒီယာမှာမြင်တွေ့ရ အနည်းဆုံးသူဖြစ်ပါတယ်။

အလှကုန်ပစ္စည်းကုမ္ပဏီတစ်ခုရဲ့ ပူးတွဲတည်ထောင်သူ ဒါဗန်ကော့ဗ် ဟာ ၂၀၂၃ ခုနှစ် မော်စကိုမြို့တော်ဝန်ရွေးကောက်ပွဲမှာတုန်းက မဲအရေအတွက် ၅ ရာခိုင်နှုန်းပဲရရှိခဲ့သူဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲအတွက် "ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေးတွေ" တစ်ဖက်မှာ ဆော်သြနေရင်း သူက ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်မှုကို ထောက်ခံခဲ့သူဖြစ်ပါတယ်။ သူလည်း နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုအောက်မှာ ရှိနေပါတယ်။

စစ်ဆန့်ကျင်ရေးသမ္မတလောင်း ဘော်ရစ်နာဒဇင် ဟာ ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာက သူ့ကို ထောက်ခံဖို့ လက်မှတ်တွေ တန်းစီထိုးပေးခဲ့ကြပေမဲ့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းမခံခဲ့ရပါဘူး။

မဲပေးတဲ့ လုပ်ငန်းစဉ်

ရုရှားနိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသားတွေဟာ မတ်လ ၁၅ ရက် ကနေ ၁၇ ရက်အထိ သုံးရက်ကြာ မဲပေးကြရမှာဖြစ်ပါတယ်။

၂၀၂၀ ကပ်ရောဂါကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွေကို မဲဆန္ဒပေးခဲ့ကြတုန်းက ပြည်သူ့ကျန်းမာရေး အကာအကွယ်ပေးရေးလုပ်ငန်းစဥ်တွေအတွက် ဆိုပြီး ဒီပုံစံ မဲပေးတာကို စမ်းသပ်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

ဒီလို ၃ ရက်ကြာတဲ့ မဲပေးလုပ်ငန်းစဥ်က ပွင့်လင်းမြင်သာမှုအားနည်းပြီး ရှုပ်ထွေးတယ်လို့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။

ဒါအပြင် ဝေးလံခေါင်သီတဲ့နေရာတွေနဲ့ လူတွေ မဲထွက်လာပေးအောင် လုပ်ဖို့ ခက်တဲ့ နေရာတွေမှာတော့ ပထမဆုံးအဖြစ် အွန်လိုင်းမဲပေးစနစ်ကို အဓိကထားပြီး လုပ်ထားပါတယ်။

ရုရှားနိုင်ငံဟာ အခု ရွေးကောက်ပွဲမှာ ယူကရိန်းကနေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုပါ ထည့်သွင်းခဲ့ပြီး အဲဒီမှာ နေထိုင်တဲ့ သူတွေကို မဲပေးဖို့ ဖိအားပေးတာတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေလို့ ဝေဖန်ခံနေရပါတယ်။

ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ရဲ့ ပါလီမန် ညီလာခံ (PA) ဟာ သူတို့ရဲ့ လေ့လာသူတွေကို ၁၉၉၃ ခုနှစ်ကတည်းက ရုရှားနိုင်ငံက ရွေးကောက်ပွဲတွေကို စေလွှတ်တဲ့ခရီးစဥ်တွေရှိပေမဲ့ ပြီးခဲ့တဲ့ သုံးနှစ်ကစလို့ ရပ်တန့်သွားခဲ့ပါတယ်။

ရုရှားမှာ လွတ်လပ်တဲ့ လူထုသဘောထားစစ်တမ်းတွေ မရှိပါဘူး။ ရုရှားနိုင်ငံသား အများစုဟာလည်း ဗလာဒီမီယာ ပူတင်နဲ့ သူ့ရဲ့ မူဝါဒတွေကိုပဲ မျက်နှာသာပေး ဘက်လိုက်မှုကြီးမားတဲ့ နိုင်ငံပိုင်မီဒီယာတွေက သတင်းတွေကိုပဲ ရရှိကြပါတယ်။

 မတ်လ ၁ ရက်က Alexei Navalny စျာပနကို ဝမ်းနည်းကြောင်းထောင်နဲ့ချီတဲ့ လူထုက ပြသခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားအတိုက်အခံတွေကို လူထုထောက်ခံမှု ကြီးကြီးမားမားပြသတာ မြင်ရဖို့ နည်းပေမဲ့ မတ်လ ၁ ရက်ကတော့ Alexei Navalny စျာပနကို ဝမ်းနည်းကြောင်းထောင်နဲ့ချီတဲ့ လူထုက ပြသခဲ့ပါတယ်။

ဘယ်လို အပြောင်းအလဲတွေ တွေ့လာရနိုင်မလဲ

ရုရှားအစိုးရကို အယုံအကြည်မရှိတဲ့ ရုရှားနိုင်ငံသားတွေပိုများလာပေမဲ့ အဲဒါကို ထုတ်ပြောဖို့ အလွန်ကြောက်ကြတယ်လို့ ကျွမ်းကျင်သူတွေက အကဲခတ်ကြပါတယ်။ အတိုက်အခံကို ထောက်ခံတာမျိုးလို အသေးအမွှားလေးတွေတောင်မှ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ့် အန္တရာယ်ရှိတာကြောင့် သူတို့ရဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း မဖော်ပြကြပါဘူး။

အလက်ဇီ နာဗာယ်လ်နီ ရဲ့ ဇနီး ယူလီယာ ကတော့ ရုရှားပြည်သူတွေကို ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နဲ့ နိုင်ငံတကာကိုအစိုးရတွေကိုတော့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဖို့ တောင်းဆိုထားပါတယ်။

ဒုတိယတစ်ခုက ဖြစ်နိုင်ခြေနည်းပေမဲ့ ပထမတောင်းဆိုချက်ကတော့ ဖြစ်နိုင်ပါတယ်။ လွတ်လပ်တဲ့ ရုရှားမီဒီယာ Meduza ကတော့ ပူတင်ရဲ့ အစိုးရနဲ့ နီးစပ်သူတစ်ဦးကို ကိုးကားပြီး ဖော်ပြချက်မှာ မဲပေးသူနည်းပါးမယ့်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေရှိနေကြတယ်လို့ ဆိုပါတယ်။

''လက်ရှိသမ္မတပဲ အနိုင်ရမယ်လို့ လူထုက သံသယမရှိရင် ဘာကြောင့် တခြားနေရာကို သွားနေကြမှာလဲ''

ဒီ ရွေးကောက်ပွဲအတွက် ဖြစ်နိုင်ခြေအရှိဆုံး ရလဒ်ကတော့ အနည်းဆုံးတော့ စာရွက်ပေါ်မှာ ဗလာဒီမာပူတင်အတွက် ပြတ်သားတဲ့ အောင်ပွဲတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ မဲပေးသူနည်းပါးပြီး သမ္မတကို ထောက်ခံမှု အားနည်းသွားရင်တော့ ပိုပြီးတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကိုနိုင်ငံတွင်းမှာ ဆက်လုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ရုရှားကို အကြောက်တရားနဲ့ ဖိနှိပ်မှုတွေပြည့်နေတဲ့ နိုင်ငံအဖြစ်ကို တွန်းပို့သွားနိုင်ပါတယ်။