မြောက်ကိုရီးယားက လမ်းညွှန်မှု အထူးပုဂ္ဂိုလ်၊ ကင်ဂျူအေး

north korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား ခေါင်းဆောင်လောင်း ဖြစ်လာမလား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဆယ်ကျော်သက်အရွယ် သမီးငယ်ကို ပထမဆုံးအကြိမ် လမ်းညွှန်မှု အထူးပုဂ္ဂိုလ်ကြီးဆိုပြီး စနေနေ့က မြောက်ကိုရီးယား အစိုးရသတင်းမှာ ရည်ညွှန်းခေါ်ဆိုခဲ့ပါတယ်။

ထိပ်တန်း ခေါင်းဆောင်ကြီးတွေ အတွက်သာ သီးသန့်ထားတဲ့ ဂုဏ်ပုဒ်နဲ့ ရည်ညွှန်းခံရတဲ့အတွက် ဒီမိန်းကလေးကို အနာဂတ် ခေါင်းဆောင်လောင်းအဖြစ် ရည်မှန်းနေသလားဆိုပြီး သုံးသပ်နေကြပါတယ်။

ဒါက ကင်ဂျူအေးကို ပထမဆုံးအကြိမ် ခေါင်းဆောင်အဆင့် မြှင့်တင်သုံးနှုန်းတာ ဖြစ်ကြောင်း ဆိုးလ်က မြောက်ကိုရီးယား လေ့လာရေး တက္ကသိုလ် ဥက္ကဋ္ဌ ယန်မူးဂျင်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

မြောက်ကိုရီးယားမှာ သုံးတဲ့ ရှန်ဒိုဆိုတဲ့ စကားက လမ်းညွှန်မှုလို့ အဓိပ္ပာယ်ရပြီး ထိပ်တန်းခေါင်းဆောင်တွေနဲ့ သူတို့ကို ဆက်ခံသူတွေအတွက်သာ သီးသန့်ထား သုံးလေ့ရှိတဲ့ စကားလုံးလို့ ဆေယုံးသိပ္ပံ ကိုရီးယား ကျွန်းဆွယ် မဟာဗျူဟာ လေ့လာရေး စင်တာရဲ့ ညွှန်ကြားရေးမှူး ချုံဆုံချိန်က ပြောပါတယ်။

မဖော်လိုတဲ့ သမီးနာမည်

north korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လယ်တောကို အလည်သွား

မစ္စတာကင်ရဲ့ သမီးနာမည်ကို လျှို့ဝှက်တဲ့ မြောက်ကိုရီးယား အာဏာပိုင်တွေက ဘယ်တော့မှ ဖော်ပြလေ့မရှိပေမယ့် ကင်ဂျူအေး ဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးဘက်က ပြောဆိုပါတယ်။

ကင်ဂျူအေးဟာ အသက် ၁၂ နှစ်လောက် ရှိပြီလို့ ယူဆရပါတယ်။

အထီးကျန်နေတဲ့ နိုင်ငံက မစ္စကင် ပထမဆုံး လူကြားထဲ ထွက်လာတာက အရင် တနှစ်ခွဲလောက်က ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း သူ့ဖခင်နံဘေးမှာ မကြာခဏတွဲပြီး ဓာတ်ပုံအရိုက်ခံတာကို တွေ့ရပါတယ်။

north korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်ရေးလေ့ကျင့်မှုကို မှန်ပြောင်းနဲ့ ကြည့်

စနေနေ့က မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့တဲ့ ပုံတွေထဲမှာ သူတို့သားအဖ လယ်တောတခုကို သွားကြည့်ကြတာ ပါသလို မကြာခင်က လုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သူ့ဖခင်နဲ့ စစ်အရာရှိကြီးတွေနားမှာ မှန်ပြောင်းနဲ့ ဂျူအေး ကြည့်နေတာကိုလည်း ပြသခဲ့ပါတယ်။

သူတို့သားအဖ မှန်လုံအိမ် စိုက်ခင်းတခုကို သွားကြည့်တဲ့သတင်းမှာ လမ်းညွှန်မှု ပုဂ္ဂိုလ်ကြီးများ ပါတီ၊ အစိုးရနဲ့ စစ်ဘက်ကေဒါတွေနဲ့အတူ ယာတောကို လှည့်ပတ်ကြည့်တယ် ဆိုပြီး မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက သုံးစွဲထားပါတယ်။

ဖခင်နံဘေးက သမီး

north korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ က ပထမဆုံး ပေါ်ထွက်လာတဲ့ ကင်ဂျူအေး

ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယားကို တည်ထောင်တဲ့ ခေါင်းဆောင်ကြီး ကင်အီဆွန်းရဲ့ မြေးဖြစ်ပြီး ကင်မိသားစုရဲ့ တတိယမျိုးဆက် နိုင်ငံ ခေါင်းဆောင် ဖြစ်ပါတယ်။ ရိုင်ဆိုဂျူးနဲ့ ၂၀၀၉ က လက်ထပ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

ကင်ဂျုံအွန်းက သမီး ဂျူအေးကို ၂၀၂၂ က မြောက်ကိုရီးယား အစိုးရမီဒီယာမှာ ပထမဆုံးအကြိမ် ကမ္ဘာနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအချိန်က တိုက်ချင်းပစ် ဒုံးကျည် တစင်း စမ်းပစ်ပြတဲ့ပွဲမှာ သူ့ဖခင်နဲ့ လိုက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စစ်ရေးလေ့ကျင့်ပွဲ၊ လက်နက်စက်ရုံ စစ်ဆေးရေး၊ ကြက်ခြံသစ် ဝင်ကြည့်တာနဲ့ စစ်ရေးပြ အခမ်းအနား စတဲ့နေရာတွေမှာ သူ့ဖခင်နဲ့အတူ မကြာခဏ ကင်ဂျူအေးကို တွေ့ခဲ့ရပါတယ်။

၂၀၁၃ မှာ ပထမဆုံးသိရ

north korea

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားရောက် ဒင်းနစ် ရော့ဒ်မန်း

အဲဒီ ၂ဝ၂၂ မတိုင်ခင်ကတော့ ကင်ဂျူအေး ရှိမှန်း အမေရိကန် ဘတ်စကက်ဘောနာမည်ကျော် ဒင်းနစ် ရော့ဒ်မန်း ၂၀၁၃ က မြောက်ကိုရီးယား သွားတုန်းက သိခဲ့ပါတယ်။ ကင်ဂျုံအွန်းရဲ့ သမီးငယ်လေး ဂျူအေးနဲ့ သူတွေ့ခဲ့တယ်ဆိုပြီး ရော့ဒ်မန်းက ပြောပါတယ်။

ကင်ဂျုံအွန်းတို့ ဇနီးမောင်နှံမှာ ၂၀၁ဝ က သားဦး ယောက်ျားလေးကို မွေးဖွားပြီး ဂျူအေးက ဒုတိယကလေးဆိုပြီး တောင်ကိုရီးယားက အရင်က ပြောခဲ့ပါတယ်။

မနှစ်ကစပြီး ကင်ဂျုံအွန်းမှာ သားရှိသလား အတည်မပြုနိုင်ဘူးလို့ တောင်ကိုရီးယားဘက်က ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ပြောပါတယ်။