ဖမ်းဆီးခံရပြီးအဆက်အသွယ်မရဖြစ်နေတဲ့ AA စစ်ဦးစီးချုပ်ရဲ့ ယောက်ဖ

ရန်ကုန်မြို့မှာ လှည့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာ လှည့်နေတဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ( ပုံဟောင်း)

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ ယောက်ဖတော်စပ်သူ ကိုကျော်သန်းဇံဟာ မတ် ၁၁ ရက်က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

အသက် ၄၁ နှစ်အရွယ် ကိုကျော်သန်းဇံက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမအရင်း မမိုးသစ္စာရဲ့ ခင်ပွန်းဖြစ်ပါတယ်။

“ ကျွန်မတို့လည်း လိုက်စုံစမ်းနေတာ လုံးဝသတင်းမရဘူး၊ ဘာများသတင်းကြားရမလဲ စောင့်ကြည့်နေရတယ်”လို့ မမိုးသစ္စာက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA က စစ်ရေးအားသာနေပြီး ရခိုင်က မြို့ ၇ မြို့ နဲ့ ချင်းပြည်နယ်ပလက်ဝ မြို့အပါ ၈ မြို့ ကို သိမ်းယူထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေကို ပါဖမ်းဆီးထားတဲ့ လက်ရှိအခြေအနေမှာ စစ်ကောင်စီဘက်က အေအေခေါင်းဆောင်ရဲ့ မိသားစုဝင်ကို ဖမ်းဆီးလာတာလို့ ရခိုင်နိုင်ငံရေးသမားတစ်ဦးက သူ့အမြင်ကိုပြောပါတယ်။

'' တပ်ဘက်ကအရာရှိတွေကို ဖမ်းဆီးထားတာတွေ တောက်လျှောက်သတင်းထုတ်ပြန်ချက်မှာတွေ့ရတယ်ဆိုတော့ စစ်တပ်ဘက်ကလည်း ဒီလို ပြန်တုံ့ပြန်တယ်လို့ ယူဆတယ်''

စစ်ကောင်စီဘက်ကတော့ ကိုကျော်သန်းဇံကိုဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာနဲ့ ပတ်သက်လို့ မတ် ၁၇ ရက်အထိ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်ယောက်ဖ ကိုကျော်သန်းဇံ

ဓာတ်ပုံ ရင်းမြစ်, MTS

ဓာတ်ပုံ ပုံစာ, AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖ ကိုကျော်သန်းဇံ

လေဆိပ်မှာ ဘယ်လိုဖမ်းဆီးခံရ

ကိုကျော်သန်းဇံဟာ သူ့ဇနီး မမိုးသစ္စာရှိတဲ့ ပြည်ပနိုင်ငံတစ်ခုကို လိုက်သွားပြီး မိသားစုနဲ့တွေ့ဖို့ မတ် ၁၁ ရက် ညနေပိုင်း မှာ ရန်ကုန်လေဆိပ်ကို ရောက်ခဲ့ပါတယ်။

လေဆိပ်ကို မရောက်ခင်အချိန်အထိ အမျိုးသားဖြစ်သူ ကိုကျော်သန်းဇံနဲ့ အဆက်သွယ်မပြတ်ရှိနေပြီး လေဆိပ်ရောက်ပြီး နောက်ပိုင်းမှာတော့ အဆက်သွယ်ပြတ်တောက်သွားတယ်လို့ မမိုးသစ္စာက ပြောပါတယ်။

“ညနေလေယာဉ်နဲ့ လာဖို့ ရန်ကုန်လေဆိပ်ကိုဝင်သွားပြီးနောက်ပိုင်း ဖုန်းမကိုင်တော့ဘူး။ Check in များ ဝင်နေလားမသိဘူးဆိုပြီး ခဏစောင့်ပြီးထပ်ဆက်တယ်။ မကိုင်တော့ဘူး။ ကျွန်မတို့ဘက်ကလည်း လေဆိပ်ကိုသွားပြီး စောင့်တယ်။ သူလိုက်လာမယ့်လေယာဥ်ဆိုက်ပေမဲ့ သူပါမလာဘူး”ဆိုပြီး မတ် ၁၁ ရက်က အဖမ်းခံရတဲ့အခြေအနေတွေကို ပြောပြပါတယ်။

လေယာဉ်နဲ့အတူ အမျိုးသားပါမလာတာကို သိလိုက်ရတဲ့အချိန်ဟာ ညပိုင်းဖြစ်နေခဲ့ပါတယ်။ မမိုးသစ္စာတစ်ယောက် အသိမိတ်ဆွေတွေ ကတဆင့် အကူညီတောင်းပြီး ကိုကျော်သန်းဇံ ဘာဖြစ်နေလဲ၊ ဘယ်မှာရှိနေလဲဆိုတာကို ညဉ့်နက်တဲ့အထိ မမိုးသစ္စာတစ်ယောက် ပူပင်သောကတွေနဲ့အတူ ဆက်တိုက်စုံစမ်းခဲ့ပါတယ်။

“ရန်ကုန်လေဆိပ်မှာပဲ ရှိသေးတယ်။ ကျန်တာကတော့ မိသားစုဝင်တွေကိုယ်တိုင် လိုက်လာမေးမှရမယ်”ဆိုတဲ့ သတင်းစကားတစ်ခုပဲ မတ် ၁၁ ရက်အထိ သိထားရတယ်လို့ဆိုပါတယ်။

နေအိမ်တွေ ချိတ်ပိတ်ခံရ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမျိုးသားဖြစ်သူ ကိုကျော်သန်းဇံ အဖမ်းခံရတယ်လို့ သိထားရပြီး နောက်တစ်နေ့ မတ် ၁၂ ရက်မှာတော့ သူတို့နေထိုင်ခဲ့တဲ့ ကမာရွတ်မြို့နယ်ထဲက တိုက်ခန်းကို စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) အပါအဝင် စစ်ကောင်စီတပ်သားတွေ ရောက်ရှိခဲ့ပါတယ်။

“မြေပိုင်ရှင်ကို အဲ့ဒီအခန်းတွေကို ဘယ်သူ့ကိုမှ လာခွင့်မပေးဖို့ ပြောသွားတယ်တဲ့။ ကျွန်မတော့ တိုက်ရိုက်ကြားရတာတော့ မဟုတ်ဘူးပေါ့လေ။ စကားလုံး အတိကျတော့ သေချာမသိဘူးပေါ့။ ငါးလွှာမှာက လူမနေဘူး ကျွန်မအမျိုးသားပဲ အသွားအလာရှိတာ။ ခြောက်လွှာက အဒေါ်တိုက်ခန်းကလည်း အိမ်ငှားတင်ထားတာ”လို့ မမိုးသစ္စာက ပြောပါတယ်။

မတ် ၁၃ ရက်မှာတော့ ကိုကျော်သန်းဇံရဲ့ အဒေါ်ဖြစ်သူကို ရပ်ကွက်ရုံး ကခေါ်ခဲ့ပြီး အိမ်ငှားတွေကို နှစ်ရက်အတွင်း ဖယ်ခိုင်းပြီး ချိတ်ပိတ်မယ့်အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

“နှစ်ရက်အချိန်ပေးမယ်ပြောပြီး နောက်နေ့မနက် ကိုးနာရီလောက်မှာပဲ သူတို့တွေရောက်လာပြီး အခန်းတွေကို ချိတ်ပိတ်သွားတယ်၊ အိမ်ထဲက ပစ္စည်းတွေကို ယူသွားတယ်။ တကယ်တမ်း နှစ်ရက်အချိန်ပေးတယ်ဆိုပြီး နောက်နေ့တန်းရောက်လာတာ”လို့ တိုက်ခန်းချိတ်ပိတ်ခံခဲ့ရတာကို ပြောပြပါတယ်။

NLD အစိုးရလက်ထက်မှာလည်း အဖမ်းခံခဲ့ရဖူးတဲ့ AA စစ်ဦးစီးချုပ်ရဲ့အမျိုးတွေ

စင်ကာပူက နယ်နှင်ဒဏ်နဲ့ပြန်လာချိန် အဖမ်းခံရတဲ့ AA စစ်ဦးစီးချုပ်ရဲ့ညီနဲ့ ရခိုင်တိုင်းရင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, နေရဉ္ဇရာ သတင်းဌာန

ဓာတ်ပုံ ပုံစာ, စင်ကာပူက နယ်နှင်ဒဏ်ကြောင့်ပြန်လာချိန်မှာ အဖမ်းခံရတဲ့ AA စစ်ဦးစီးချုပ်ရဲ့ညီနဲ့ ရခိုင်တိုင်းရင်းသားတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်တုန်းကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဆွေမျိုးတွေ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရဖူးပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်စင်ကာပူအသင်းက ရခိုင်တိုင်းရင်းသား ၈ ယောက်ကို စင်ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလို့ ပြန်လာချိန် ရန်ကုန်လေဆိပ်နဲ့ နေအိမ်တွေမှာ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနှစ် အောက်တိုဘာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမတစ်ယောက်ဖြစ်သူ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကိုလည်း လေဆိပ်မှာ ဖမ်းခဲ့ပါတယ်။

၂၀၁၉ တုန်းက ဖမ်းခံခဲ့ရတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မောင်နှမတွေ အပါအဝင် စုစုပေါင်း ၁၀ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂ (က)ဖြင့် တရားစွဲဆိုခဲ့ပြီး နောက် ၂၀၂၁ ခုနှစ် ဇွန်မှာ တရားသေလွတ်မြောက်ခဲ့ပါတယ်။

နောက်ထပ် ညီမဖြစ်သူ မမိုးသစ္စာကတော့ ၂၀၁၉ ခုနှစ်ကတည်းက တိမ်းရှောင်နေခဲ့တာဖြစ်ပေမဲ့ အမျိုးသားဖြစ်သူက မြန်မာနိုင်ငံမှာ ကျန်နေခဲ့ပြီး စစ်အာဏာသိမ်းခံရပြီး ၃ နှစ်အကြာမှာ အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ဖမ်းဆီးခံပြီး ပြန်လွတ်လာတဲ့ မမိုးနှင်းဖြူကလည်း လက်ရှိမြန်မာနိုင်ငံမှာ မရှိတာကြောင့် အဖမ်းမခံရပေမဲ့ လမ်းမတော်မြို့နယ်မှာရှိတဲ့ သူတို့တိုက်ခန်းလည်း ချိတ်ပိတ်ခံလိုက်ရပါတယ်။

ကိုကျော်သန်းဇံကို ဘာ့ကြောင့်ဖမ်းတာလဲ

အေအေ စစ်ဦးစီးချုပ် ယောက်ဖ ကိုကျော်သန်းဇံ

ဓာတ်ပုံ ရင်းမြစ်, MTS

ကိုကျော်သန်းဇံဟာ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီက အင်ဂျင်နီယာ အရာရှိတစ်ယောက်ဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာတွေကို လုပ်ကိုင်တာမရှိဘူးလို့ ဇနီးဖြစ်သူ မမိုးသစ္စာက ပြောပါတယ်။

လုပ်ငန်းသဘောအရ ပြည်ပနိုင်ငံတွေကို သွားလာရတဲ့အခါ လေဆိပ်လူဝင်မှုကြီးကြပ်ရေးကိုလည်း လွယ်လွယ်ကူကူ ဖြတ်ခွင့်ရနေခဲ့တာပါ။

“သူ့အတွေးက သာမာန်အရပ်သားတွေလိုပဲ၊ ငါက ဘာမှလုပ်နေတာ မဟုတ်ဘူး။ ဘာမှဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးပဲရှိတယ်” လို့ မမိုးသစ္စာက ပြောပါတယ်။

လုံခြုံရေးအခြေအနေတွေအရ ပြည်ပမှာနေထိုင်ရတဲ့ မိသားစုအတွက် အဓိက ဝင်ငွေဟာ အိမ်ထောင်ဦးစီးဖြစ်သူ ကိုကျော်သန်းဇံမှာ တာဝန်ရှိနေတာကြောင့် ပြည်တွင်းမှာပဲ အလုပ်လုပ်ဆက်လုပ်နေခဲ့တာပါ။

နေ့စဉ်သွားလာတာ၊ အလုပ်လုပ်ကိုင်တာတွေမှာ စောင့်ကြည့်ခံရတာတွေ ရှိနေပေမဲ့ အဖမ်းခံရတာမျိုး မကြုံခဲ့ရဖူးဘူးလို့လည်း ပြောပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တာ မရှိဘဲ AA စစ်ဦးစီးချုပ်နဲ့ ဆွေမျိုးတော်စပ်ရုံသာဖြစ်တယ်လို့ မမိုးသစ္စာက ပြောပါတယ်။

“ SAC ( စစ်ကောင်စီ) ရဲ့အတွေးကတော့ သူက ကိုထွန်းမြတ်နိုင်ရဲ့ ယောက်ဖဖြစ်တယ်ဆိုပြီးပဲ စဉ်းစားတာဖြစ်မယ်။ ကျွန်မ အမျိုးသားက ကျွန်မ အစ်ကိုရဲ့ ယောက်ဖဖြစ်တာပဲရှိတာပါ။ ဘာ့ကြောင့်ဖမ်းတာလည်း အကြောင်းမကြားသလို လုံးဝလည်း ရှာမတွေ့သေးဘူး”လို့ ရှင်းပြပါတယ်။

အမျိုးသားဖြစ်သူ အဖမ်းခံထားရတာနဲ့ပတ်သက်လို့ အစ်ကိုကြီးဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လည်းပြောဆိုတာ မရှိသလို အရင်ကတည်းကလည်း အစ်ကိုဖြစ်သူနဲ့ အဆက်သွယ်မရှိဘူးလို့ မမိုးသစ္စာက ပြောပါတယ်။

“ကျွန်မ အရမ်းစိတ်ပူတယ်။ သူပျောက်ဆုံးသွားမှာကိုလေ။ အခုက စစ်ရေးကလည်း ပြင်းထန်နေတော့ သူအထဲမှာ အဆင်မပြေမှာစိုးရိမ်တယ်၊ ကျွန်မ ရှာလို့မရတော့မှာကို စိုးရိမ်တယ်”လို့ သတင်းအစအန မရဖြစ်နေတဲ့ အမျိုးသားကိုကျော်သန်းဇံအတွက် သူ့သောကတွေကို ရင်ဖွင့်ပါတယ်။

ဒါ့အပြင် အရင်အစိုးရလက်ထက်က ပြည်ပမှာရှိနေတဲ့ သူတို့ မိသားစုတွေရဲ့လိပ်စာနဲ့ အချက်အလက်တွေကို သံရုံးတွေက သိထားတာကြောင့် နိုင်ငံပြင်ပမှာရှိနေတဲ့ သူတို့ မိသားစုဝင်အားလုံးလည်း လက်ရှိမှာ လုံခြုံတဲ့ အခြေအနေမဟုတ်ဘူးလို့ ပြောပါတယ်။

‘‘ရက္ခိတအိပ်မက်ဆိုတာရှိပေမဲ့ … လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ တန်းတူမျှတရေး...ငြိမ်းချမ်းဖို့ လိုတယ်’’ - AA စစ်ဦးစီးချုပ်