ထောင်ချောက်ထဲ သက်ဆင်းမိတဲ့ အိမ်အကူတွေ

Georgina, a Malawian woman rescued from Oman
  • ရေးသားသူ, လီလောင်ဝေးက ဖလောရင့်စ် ဖီရီနဲ့ လန်ဒန်က တမာဆင် ဖော့ဒ်
  • ရာထူးတာဝန်, ဘီဘီစီ အာဖရိက အိုင်း

ကြိုတင်အသိပေးချက် - ဒီသတင်းဆောင်းပါးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်စဉ်ဖော်ပြချက်တွေ ပါဝင်ပါတယ်။

ရေကြည်ရာမြက်နုရာနေရာအဖြစ် ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ သွားခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ နောက်ဆုံးမှာ ဒူဘိုင်းကို မရောက်ဘဲ အိုမန်မှာ အိမ်အကူအဖြစ် လူကုန်ကူးခံခဲ့ရပါတယ်။ ငရဲတွင်းက ပြန်လွတ်လာချိန်မှာတော့ မယုံနိုင်လောက်အောင် စိတ်သက်သာရာရပြီး ငိုချမိပါတော့တယ်။

သူ့နာမည်က ဂျော်ဂျီနာပါ။ မာလာဝီမြို့တော် လီလောင်ဝေးက ဖြစ်ပါတယ်။ ဘီဘီစီက အင်တာဗျူးခဲ့တဲ့ တခြားလူကုန်ကူးခံရတဲ့အမျိုးသမီးတွေလိုပဲ ဒီသတင်းထဲမှာ သူ့တို့ရဲ့ ရှေ့ဆုံးနာမည်ကိုပဲ အသုံးပြုစေချင်ကြပါတယ်။

ဂျော်ဂျီနာဟာ ဒူဘိုင်းမှာ ကုန်တင်ကားမောင်းသူအဖြစ် အလုပ်ရမယ်လို့ ထင်မှတ်ခဲ့တာပါ။

လီလောင်ဝေးမှာ သူ့ ကိုယ်ပိုင်လုပ်ငန်းလေး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်ရင် သူ ဝင်ငွေပိုကောင်းလိမ့်မယ်လို့ ပွဲစားတစ်ယောက်က သူ့ကို ချဉ်းကပ်လာပြီးနောက် နိုင်ငံကနေ သူထွက်လာခဲ့တာပါ။

သူစီးလာတဲ့လေယာဉ်ဟာ အိုမန်မြို့တော် မတ်စ်ကတ်ကို ဆိုက်ရောက်လာတဲ့အချိန်မှာတော့ သူ လိမ်ညာခံလိုက်ရပြီဆိုတာ သိလိုက်ရပါတယ်။ အဲဒီနိုင်ငံမှာ မိသားစုတစ်စုက သူ့ကို အိမ်အကူအဖြစ် တစ်ပတ်ကို ၇ ရက်စလုံး ကြမ်းကြမ်းတမ်းတမ်း ခိုင်းစေပါတယ်။

“ကျွန်မ လုံးဝ မခံနိုင်တော့တဲ့ အချိန်ရောက်လာခဲ့တယ်” လို့ ဂျော်ဂျီနာက သူ တစ်ရက်ကို ၂ နာရီပဲ အိပ်ခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူရောက်တာ မကြာသေးတဲ့အချိန်မှာပဲ အလုပ်ရှင်က သူနဲ့အိပ်ဖို့ အတင်းအကျပ် လုပ်လာပါတယ်။ ဒီလို လုပ်တာကို တခြားသွားပြောရင် ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်။

“သူတစ်ယောက်တည်းတောင် မဟုတ်ဘူး။ သူ့သူငယ်ချင်းတွေကိုလည်း ခေါ်လာတယ်။ လိင်ဆက်ဆံပြီးရင် သူ့သူငယ်ချင်းတွေက သူ့ကို ပိုက်ဆံပေးကြတယ်။”

သူ့စအိုကို အတင်းအကျပ် လိင်ဆက်ဆံကြတဲ့အကြောင်း သူ ခက်ခက်ခဲခဲနဲ့ ပြန်ပြောပြခဲ့ပါတယ်။

“ကျွန်မ ဒဏ်ရာတွေလည်း ရခဲ့တယ်။ အတော်ကြီး စိတ်ဒုက္ခရောက်ခဲ့ရတယ်။” လို့ သူကပြောပါတယ်။

ပင်လယ်ကွေ့အာရပ်နိုင်ငံတွေမှာ အိမ်အကူအမျိုးသမီး နှစ်သန်းလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အိုမန်က အမျိုးသမီး ၄၀၀ ကို ကောက်ယူတဲ့ စစ်တမ်းတစ်ခုမှာ အားလုံးနီးပါးက လူကုန်ကူးမှုရဲ့ သားကောင်တွေ ဖြစ်နေတာ တွေ့ရှိရပါတယ်။ ဒီစစ်တမ်းကို Do Bold ဆိုတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ လူမှုရေးအဖွဲ့က ကောက်ယူခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၃ လူကုန်ကူးမှုအစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီထဲက သုံးပုံတစ်ပုံက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး တစ်ဝက်လောက်ကတော့ ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ခံရပါတယ်။

ဂျော်ဂျီနာဟာ သီတင်းပတ်အတော်ကြာလာတဲ့အခါမှာတော့ ဆောက်တည်ရာမရ ဖြစ်လာပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်တင်ပြီး တစ်ယောက်ယောက် အကူအညီလာပေးဖို့ တောင်းခံခဲ့ပါတယ်။

သူ့ရဲ့ ပို့စ်ကို အိုမန်နဲ့ မိုင်ထောင်ချီဝေးတဲ့ အမေရိကန် နယူးဟမ့်ရှိုင်းယားပြည်နယ်က ၃၈ နှစ်အရွယ် မာလာဝီလူမျိုး လူမှုမီဒီယာတက်ကြွလှုပ်ရှားသူ ပီလီလာနီ မွန်ဘီ နီအိုနီက တွေ့ရှိသွားပြီး စုံစမ်းမှုတွေ စလုပ်ခဲ့ပါတယ်။

သူဟာ ဂျော်ဂျီနာနဲ့ အဆက်အသွယ်ရပြီးနောက် ဂျော်ဂျီနာ ဘေးကင်းလုံခြုံစေဖို့အတွက် ဖေ့စ်ဘွတ်ခ် ပို့စ်ကိုလည်း ဖြုတ်ချခိုင်းခဲ့ပါတယ်။ အဲဒီနောက် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဝှပ်စ်အက်ပ် (WhatsApp) ကနေ ဆက်သွယ်ပါတယ်။ သူ့ရဲ့ ဝှပ်စ်အက်ပ်နံပါတ်ကိုလည်း အိုမန်က တခြားသူတွေဆီကိုပါ ပေးပို့ခဲ့ပါတယ်။ အဲဒီနောက် ဒီပြဿနာက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကို သူ သိလိုက်ရပါတယ်။

"ဂျော်ဂျီနာကို ပထမဆုံးအနေနဲ့ တွေ့ခဲ့ပြီးနောက် သူ့နောက်မှာ အမျိုးသမီး နောက်တစ်ဦး၊ နှစ်ဦး၊ သုံးဦး စသည်ဖြင့် တွေ့လာရတယ်" လို့ နီအိုနီက ဘီဘီစီကို ပြောပါတယ်။

အိုမန်မှာ အိမ်အကူအဖြစ် အလုပ်လုပ်နေတဲ့ မာလာဝီအမျိုးသမီး ၅၀ ကျော်က ဝှပ်စ်အက်ပ် အွန်လိုင်းဂရုထဲကို ဝင်လာခဲ့ကြပါတယ်။

မကြာခင် ဒီဂရုထဲမှာ အသံတွေ ဗီဒီယိုတွေ ပေးပို့လာကြပြီး တချို့က မကြည့်သင့်လောက်အောင်ကို ဆိုးရွားလွန်းပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေ ကြုံခဲ့ရတဲ့ အခြေအနေတွေက ထိတ်လန့် တုန်လှုပ်ဖွယ်ရာတွေပါ။ အမျိုးသမီးအများပြားဟာ သူတို့ရောက်ရောက်ချင်း သူတို့နိုင်ငံကူးလက်မှတ်တွေကို အလုပ်ရှင်ရဲ့ သိမ်းယူခြင်း ခံရပါတယ်။ သူတို့ မထွက်ခွာနိုင်အောင် သိမ်းလိုက်တာပါ။

တချို့က အိမ်သာထဲသွားပြီး အကူအညီတောင်းတဲ့ မက်ဆေ့ချ်တွေကို လျှို့ဝှက်ပေးပို့ခဲ့ကြပါတယ်။

"ကျွန်မ ထောင်ထဲရောက်နေသလို ခံစားရတယ် … ဘယ်တော့မှ မလွတ်နိုင်တဲ့ ထောင်မျိုး" လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "ကျွန်မဘဝတော့ တကယ့်အန္တရာယ်ထဲ ရောက်နေပြီ" လို့ နောက်တစ်ဦးက ရေးပါတယ်။

နီအိုနီဟာ မာလာဝီက လူကုန်ကူးမှုတိုက်ဖျက်ရေးပရဟိတအဖွဲ့တွေဆီ စတင် ဆက်သွယ်ခဲ့ရာမှာ ဂရိနိုင်ငံမှာ အခြေစိုက်တဲ့ Do Bold တည်ထောင်သူ အီကာတာရီနာ ပိုရက်စ် ဆီဗိုလိုဘိုဗာနဲ့ ချိတ်ဆက်မိပါတယ်။

Do Bold ဟာ ပင်လယ်ကွေ့နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းပါ။ လူကုန်ကူးခံရသူတွေ ဒါမှမဟုတ် အဓမ္မ အလုပ်ခိုင်းစေခံရသူတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီး သူတို့ပြန်လွတ်မြောက်ဖို့ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းပေးပါတယ်။

"အလုပ်ရှင်တွေက အိမ်အကူတစ်ယောက်ရတိုင်း ပွဲစားကို ပိုက်ဆံပေးရပါတယ်။ ဒါကြောင့် ကျွန်မတို့တွေ့ရတဲ့အခက်အခဲက အလုပ်ရှင် ဒါမှမဟုတ် ပွဲစားက အိမ်အကူကို ပြန်ထုတ်ပေးဖို့ဆိုရင် ‘ငါတို့ ပိုက်ဆံ ပြန်ပေးမှရမယ်’လို့ ပြောတယ်” လို့ ဆီဗိုလိုဘိုဗာက ဘီဘီစီကို ပြောပါတယ်။

"အိုမန်မှာရှိတဲ့ ဥပဒေတွေအရ အိမ်အကူတစ်ယောက်ဟာ အလုပ်ရှင်ပြောင်းလို့ မရဘူး။ အလုပ်လည်း ပြောင်းလုပ်လို့မရဘူး။ ကိုယ် ဘယ်လိုပဲ ဆက်ဆံခံရခံရ နိုင်ငံကနေ ထွက်သွားလို့ မရဘူး။"

အရှေ့အလယ်ပိုင်းမှာ ဒီအလုပ်သမားစနစ်ကို ‘ကာဖာလာ’ လို့ ခေါ်ပြီး အလုပ်သမားနဲ့ အလုပ်ရှင် ပြောင်းလို့မရဘဲ တွဲထားတဲ့ စနစ်ဖြစ်ပါတယ်။

အိုမန်ရဲ့ အမျိုးသားလူ့အခွင့်အရေးကော်မတီက ဘီဘီစီကို ပြောရာမှာလည်း အလုပ်ရှင်နဲ့ အိမ်အကူကြား ဆက်ဆံရေးက စာချုပ်အရသာ ဖြစ်ပြီး ဖြေရှင်းလို့မရတဲ့ အငြင်းပွားမှုတွေကို တစ်ပတ်အတွင်း တရားရုံးဆီ တင်သွင်းနိုင်တယ်လို့ ပြောပါတယ်။

အလုပ်ရှင်တွေဟာ အဓမ္မအလုပ်စေခိုင်းလို့မရသလို အလုပ်သမားရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ပုဂ္ဂလိကစာရွက်စာတမ်းတွေကို စာနဲ့ခွင့်ပြုချက်မရဘဲ ထိန်းသိမ်းထားနိုင်ခွင့်မရှိဘူးလို့လည်း ပြောပါတယ်။

မတ်စ်ကတ်မှာ ၃ လကြာနေခဲ့ပြီးနောက် နီအိုနီနဲ့ အိုမန်က လူတစ်ဦးရဲ့ အကူအညီနဲ့ ဂျော်ဂျီနာဟာ မာလာဝီကို ၂၀၂၁ ဇွန်လမှာ ပြန်ရောက်လာခဲ့ပါတယ်။

"ဂျော်ဂျီနာကို အကူအညီပေးပြီးတဲ့နောက်ပိုင်း ကျွန်မ အရမ်းဒေါသဖြစ်ခဲ့ရတယ်" လို့ နီအိုနီက ပြောပါတယ်။

ဂျော်ဂျီနာရဲ့ ဖြစ်ရပ်ကနေ နီအိုနီဟာ မာလာဝီက အခြေအနေကို သတိပေးတပ်လှန့်ပေးနိုင်ခဲ့ပြီး အစိုးရဘက်က ကြားဝင်လုပ်ဆောင်ဖို့လည်း ဖိအားပေးနိုင်ခဲ့ပါတယ်။

မာလာဝီက ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CEDDI)ကို အိုမန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတစ်ခု အဖြစ် စတင်ခဲ့ပြီး လူကုန်ကူးခံရတဲ့အမျိုးသမီးတွေကို ကယ်ထုတ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

နီအိုနီရဲ့ ဝှပ်စ်အက်ပ် ဂရုထဲက နောက်အမျိုးသမီးတစ်ဦးကတော့ ဘလက်ဆင်းစ်ပါ။ အသက် ၃၉ နှစ်အရွယ် ဘလက်ဆင်းစ်ဟာ စတီဗီလီယာဆိုတဲ့ ညီမနဲ့အတူ လီလောင်ဝေးမှာ သူ့ရဲ့သားသမီး လေးဦးကို ထားခဲ့ပြီး မတ်စ်ကတ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ရောက်သွားခဲ့ပါတယ်။

သူအလုပ်လုပ်တဲ့အိမ်က မီးဖိုချောင်ထဲမှာ ပြင်းပြင်းထန်ထန် အပူလောင်ခဲ့ပေမဲ့ သူ့အလုပ်ရှင်က သူ့ကို မာလာဝီကို ပေးမပြန်ခဲ့ပါဘူး။

"ကျွန်မအစ်မ အပူလောင်တာ ဘယ်လောက်ပြင်းသလဲဆိုရင် အသက်ဆုံးသွားနိုင်လောက် အောင်ထိ ဖြစ်နေတာ မြင်ခဲ့ရတယ်။ အဲဒါ တကယ်ပါ" လို့ စတီဗီလီယာက ဘီဘီစီကို ပြောပါတယ်။

"ကျွန်မ အစ်မ ပြောခဲ့တာ မှတ်မိသေးတယ်။ ‘ညီမရေ ဒီကိုလာတာ ဘဝကောင်းဖို့ လာခဲ့တာ၊ ဒါပေမဲ့ ငါ သေတော့မယ်၊ ငါ့ကလေးတွေကို စောင့်ရှောက်ပေးပါ၊ ငါ အရမ်းနာကျင်နေပြီ။”

Stevelia (L) and Blessings (R) at an airport in Malawi
ဓာတ်ပုံ ပုံစာ, လီလောင်ဝေး လေဆိပ်မှာ ဘလက်ဆင်းစ်နဲ့ သူ့မိသားစုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြန်ဆုံခဲ့ကြ

စတီဗီလီယာဟာ သူ့အစ်မကို အိမ်ပြန်ခေါ်နိုင်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။

ပထမတော့ ပွဲစားက ဘလက်ဆင်းစ် သေပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက မမှန်ပါဘူး။ မာလာဝီအစိုးရ အကူအညီနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက သူပြန်လာနိုင်ခဲ့ပါတယ်။

"ကျွန်မ မိသားစုနဲ့ ကလေးတွေကို ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး" လို့ ဘလက်ဆင်းစ်က ဘီဘီစီကို ပြောပါတယ်။

"ဒီကမ္ဘာပေါ်မှာ လူတွေကို ကျွန်တွေလို ဆက်ဆံတဲ့သူ ရှိနေတယ်ဆိုတာ တွေးတောင် မတွေးမိဖူးဘူး။"

မာလာဝီအစိုးရက Do Bold နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးနောက် ဒေါ် လာ ၁၆၀,၀၀၀ အကုန်အကျခံကာ အမျိုးသမီး ၅၄ ဦးကို အိုမန်ကို ပြန်ခေါ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အသက်မရှိတော့ဘဲ အိမ်ပြန်လာနိုင်တဲ့သူကတော့ ၂၃ နှစ်အရွယ် အိုင်ဒါ ချီဝါလို ဖြစ်ပါတယ်။ အိုမန်မှာ သူသေဆုံးပြီးနောက် ရင်ခွဲစစ်ဆေးတာ ဒါမှမဟုတ် စုံစမ်းစစ်ဆေးတာမျိုးတွေ မရှိခဲ့ပါဘူး။

အိုမန်အာဏာပိုင်တွေကတော့ သူတို့ရဲ့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၂ အတွင်း မာလာဝီကအိမ်အကူတွေနဲ့ပတ်သက်လို့ တိုင်ကြားမှုတစ်ခုမှ မရရှိခဲ့ကြောင်း ပြောပါတယ်။ ၂၀၂၃ မှာ တိုင်ကြားမှုတစ်ခုရှိခဲ့ပြီး အဲဒါကိုလည်း ဖြေရှင်းပြီးပြီလို့ ပြောပါတယ်။

"ဒီအမျိုးသမီးအများစု လွတ်မြောက်လာတယ်ဆိုတာက အလုပ်ရှင်တွေကို ဒေါ်လာ ၁၀၀၀ ကနေ ၂၀၀၀ ထိ ပေးခဲ့ရလို့ လွတ်လာတာပါ" လို့ ဆီဗိုလိုဘိုဗာက ပြောပါတယ်။

"အခြေခံအားဖြင့်တော့ လွတ်မြောက်ချင်ရင် ပိုက်ဆံပေးရတယ်။ ဒါက အတော် စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ လူတစ်ယောက် လွတ်မြောက်ဖို့အတွက် တခြားတစ်ယောက်က ပိုက်ဆံနဲ့ ပေးဝယ်ရတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။"

မာလာဝီအစိုးရပြောခွင့်ရက ဘီဘီစီကို ပြောရာမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ သူတို့မိသားစုတွေနဲ့ နိုင်ငံတစ်ခုလုံးအတွက်ပါ အကျိုးရှိစေဖို့ လုံခြုံစိတ်ချရတဲ့၊ စနစ်ကျတဲ့၊ ပုံမှန်ဖြစ်တဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်အောင် စည်းမျဉ်းတွေကို ရေးဆွဲနေတယ်လို့ ပြောပါတယ်။

Georgina in a boat on by Lake Malawi
ဓာတ်ပုံ ပုံစာ, မာလာဝီကန်ကြီးကို မျှော်ငေးရင်း အေးချမ်းမှုကို ရှာနေတဲ့ ဂျော်ဂျီနာ

နီအိုနီရဲ့ ဝှပ်စ်အက်ပ် ဂရုက အခုအခါမှာတော့ ပြန်လာသူတွေကို အားပေးကူညီရေး ဆွေးနွေးစရာနေရာ ဖြစ်လာပါတယ်။ အိမ်အကူအဖြစ် အိုမန်ကို လူကုန်ကူးခံရတယ်ဆိုတဲ့ ပြဿနာက မာလာဝီနိုင်ငံတွင်းက ပိုကြီးမားတဲ့ ပြဿနာဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုအပေါ် မီးမောင်းထိုးပြနေတယ်လို့ နီအိုနီက ပြောပါတယ်။

"လူငယ်မိန်းကလေးတွေအတွက် မာလာဝီမှာ အလုပ်အကိုင်အခွင့်အလမ်းရှိမယ်ဆိုရင် သူတို့ ဟာ ထောင်ချောက်ထဲ ပိတ်မိကြမှာ မဟုတ်ဘူး။ နိုင်ငံကို ပြုပြင်ပြောင်းလဲမှုလုပ်မှပဲ ဒီလူငယ်တွေလဲ အခုလို ထောက်ချောက် မမိကြမှာ။"

ဂျော်ဂျီနာအတွက်တော့ အိုမန်မှာရခဲ့တဲ့ စိတ်ဒဏ်ရာက လွယ်လွယ်နဲ့ ပျောက်သွားမှာတော့ မဟုတ်သေးပါဘူး။ အာဖရိကရဲ့ အကြီးဆုံးရေကန်ကြီးဖြစ်တဲ့ မာလာဝီကန်ကို မျှော်ငေးရင်း စိတ်သက်သာမှုကို ရှာဖွေနေပါတယ်။

"ရေလှိုင်းတွေကို ငေးကြည့်တဲ့အခါ ဘဝမှာ ဘာမှ မမြဲပါလားဆိုပြီး သတိဝင်မိတယ်။ တစ်နေ့မှာ အားလုံးက သမိုင်းထဲမှာပဲ ကျန်ခဲ့တော့မှာပါ" လို့ သူက ပြောပါတယ်။

"ကျွန်မဟာ အရင်လို လွတ်လပ်ပေါ့ပါးတဲ့ ဂျော်ဂျီနာအဖြစ် ပြန်သွားနိုင်ပြီး ငြိမ်းချမ်းမှု ရှာဖွေနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေရပါတယ်။"