မတ် ၂၄ ရက်- နိုင်ငံတဝန်း ထူးခြားသတင်းများ အနှစ်ချုပ်

မြေပုံမြို့ နယ်ထဲက ဆေးရုံတစ်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီး အသက်စိုးရိမ်ဒဏ်ရာရသူရှိ

လေကြောင်းတိုက်ခိုက်ခံရတဲ့ကမ်းထောင်ကြီးဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, KMB

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ကမ်းထောင်ကြီးဆေးရုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဆေးရုံကို မတ် ၂၄ ရက် ဒီနေ့မနက် ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံပျက်စီးပြီး အရပ်သားထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ်ဆေးရုံဝန်ထမ်း အမျိုးသမီးတစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး တခြားထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဆေးရုံလည်းပျက်စီးသွားတာကြောင့် ဆေးရုံက ဆရာဝန်၊ သူနာပြုနဲ့ လူနာတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားကြတယ်လို့ သိရပါတယ်။

“လေကြောင်းမလာခင်ကလည်း ဆေးရုံမှာက လူနာသိပ်မရှိဘူး။ နေမကောင်းတဲ့အဖိုးကြီးရှိတယ်၊ လုံးဝအသည်းသန်ဖြစ်တဲ့သူတွေတော့ မရှိဘူးပေါ့လေ။ ဒဏ်ရာရသွားတဲ့အမျိုးသမီးက သေမလား ရှင်မလားမသိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။အခု ဆေးရုံဘက်ကိုသွားလို့မရဘူး။ ကျနော်တို့ထင်တာတော့ ပြီးခဲ့တဲ့ရက်က ညောင်ကန်ရွာကို လေကြောင်းနဲ့ပစ်လို့ ဒဏ်ရာရတဲ့သူတွေ ဒီမှာလာကုတယ်ထင်ပြီး ပစ်တာနေမယ်”လို့ ကမ်းထောင်ကြီးမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကမ်းထောင်ကြီးမြို့နဲ့ မတ် ၂၂ ရက်မှာ လေကြောင်းနဲ့ ပစ်ခံရတဲ့ ညောင်ကန်ကျေးရွာက တစ်မိုင်ကျော်ဝန်းကျင်လောက်သာ ဝေးတယ်လို့ သိရပါတယ်။

ညောင်ကန်ကျေးရွာကို မတ် ၂၂ ရက်က မနက် ၁၁ နာရီမှာ တစ်ခါလေကြောင်းနဲ့ဗုံးကြဲပြီး ညနေပိုင်းမှာ တစ်ခါထပ်လာကြဲတာကြောင့် ဘုန်းကြီးတစ်ပါး၊ ကိုရင်တစ်ပါး အပါအဝင် လူဆယ်ယောက်ကျော် ဒဏ်ရာရှိခဲ့ပါတယ်။

မြေပုံမြို့၊ ကမ်းထောင်ကြီးမြို့ဆေးရုံနဲ့ ညောင်ကန်ရွာ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

KNU နယ်မြေတွေမှာ KNLA က ဒရုန်းနဲ့တိုက်ခိုက်၊ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲ

လေကြောင်းနဲ့ ဗုံးကြဲခံရတဲ့စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, Khaw Poe Pleh New Generation

ဓာတ်ပုံ ပုံစာ, လေကြောင်းနဲ့ ဗုံးကြဲခံရတဲ့စာသင်ကျောင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ဘားအံခရိုင်၊ မင်းစောင်းကျေးရွာ (ခေါပိုးပလယ်) ရွာကို မတ် ၂၃ ရက် ညပိုင်းက စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေနဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အဲ့ဒီကျေးရွာဟာ KNU တပ်မဟာ ၁ ဦးဆောင်သူတစ်ယောက် နေထိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်ကနေ ဗုံး ၈ လုံး ကြဲခဲ့တာကြောင့် လူအထိခိုက်ရှိ-မရှိကို အတည်မပြုနိုင်သေးပေမဲ့ စာသင်ကျောင်းနဲ့ အိမ်တွေတော့ ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေဆီကနေ သိရပါတယ်။

KNLA ကလည်း မတ်၂၃ ရက်မနက်ပိုင်းမှာပဲ KNU တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ခမရ ၄၀၆ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ဗုံးကြဲတာကြောင့် စစ်ကောင်စီဘက်က ဒုခွဲမှူးတစ်ယောက်၊ တပ်စိတ်မှူးတစ်ယောက်နဲ့ တပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ စစ်ရေးသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ မူတြော်သတင်းဌာနကနေ သိရပါတယ်။

ဒ့ါအပြင် KNLA တပ်မဟာ ၅ မဟာဒရုန်းတပ်ဖွဲ့ဝင်တွေက နေ့လယ်ပိုင်းမှာ မထောနဲ့ ကူးဆိပ်ကြားက ခမရ ၄၀၆ ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံး၊ တစ်ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကလည်း မတ် ၂၄ ရက် မနက် ၅ နာရီခွဲကနေ ၆ နာရီကျော်အထိ ဖာပွန်ခရိုင်၊ လူသောမြို့နယ် ဘောသေထာကျေးရွာအုပ်စုထဲက တာဒိုတာ၊ နီးဒိုထာနဲ့ ထူမောဒဲကျေးရွာတွေထဲကို ဗုံး အလုံး ၇၀ ကြဲခဲ့သလို မတ် ၂၂ ရက်တုန်းကလည်း ဗုံးအလုံး ၄၀ ဝန်းကျင် ကြဲခဲ့တယ်လို့ မူတြော်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

မြို့နယ်ပေါင်း ၁၇၀ ကျော်မှာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ အကောင်အထည်ဖော်နေ

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ရန်ကုန်မြို့မှာ လုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ရန်ကုန်မြို့မှာ လုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

မြန်မာပြည်တွင်းက မြို့နယ်ပေါင်း ၁၇၀ ကျော်မှာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အကောင်အထည်ဖော်နေတယ်လို့ ဒီအရေးစောင့်ကြည့်တဲ့ သုတေသနအဖွဲ့ (Data For Myanmar) က ပြောပါတယ်။

စစ်ကောင်စီဟာ သူထိန်းချုပ်မှုအများဆုံးရှိတဲ့မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နေတာကိုလည်း တွေ့ရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲမှာဆိုရင် ရိုဟင်ဂျာတွေရှိရာ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေအပြင် တိုက်ပွဲတွေ ငြိမ်သက်နေပြီး ဧရာဝတီတိုင်းနဲ့ဆက်နေတဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွ စတဲ့မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတယ်လို့ အဲဒီသုတေသနအဖွဲ့က ပြောပါတယ်။

ပဲခူးတိုင်းမှာဆိုရင် စစ်ကောင်စီကိုထောက်ခံတဲ့ ပြည်သူ့စစ် အင်အားတောင့်တင်းတယ်လို့ သတ်မှတ်ခံရတဲ့ ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေအပြင် သူနဲ့ကပ်ရပ် ဧရာဝတီတိုင်းထဲကမြို့နယ်တွေမှာလည်း အကောင်အထည်ဖော်နေတာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာဆိုရင် ပြည်သူ့စစ်အားကောင်းတယ်လို့ဆိုတဲ့ ကန့်ဘလူမြို့နယ်အပြင် မင်းကင်း၊ ရေဦး၊ ဝက်လက်၊ ရွှေဘို၊ မြင်းခြံ၊ တံတားဦးစတဲ့မြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်နေတယ်လို့ Data for Myanmar အချက်အလက်တွေက ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အများစုအပြင် နေပြည်တော်က မြို့နယ်တွေအားလုံးမှာလည်း အကောင်အထည်ဖော်နေပါတယ်။

မကွေးမှာတော့ ပခုက္ကူ၊ စလင်း၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ မကွေး၊ မင်းဘူး၊ ငဖဲ၊ ရေနံချောင်းမြို့နယ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။

အဲဒီမြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်ကောင်စီဟာ ဒေသန္တရ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို စစ်မှုထမ်း အသက်အကျုံးဝင်တဲ့လူငယ်တွေကို မဲနှိုက်ရွေးချယ်စေတာ၊ သတင်းပေးပို့ခိုင်းတာတွေ လုပ်နေတာလို့ Data for Myanmar က ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့အရပ်တွေမှာတော့ စစ်‌ကောင်စီဟာ မြို့နဲ့ကပ်ရပ်က ဆင်ခြေဖုံးအရပ်တွေနဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေကို ကျင့်သုံးနိုင်ဖို့ ကြိုးစားနေတာတွေ့ရတယ်လို့လည်း သုတေနသအဖွဲ့က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဘီဘီစီက ပြုစုထားတဲ့စာရင်းတွေအရ စစ်မှုထမ်းဖို့အသက်အကျုံးဝင်သူစာရင်းကောက်ခံမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူ ခုနှစ်ဦးထက်မနည်း ရှိလာပါတယ်။

သေဆုံးသူတွေဟာ မန္တလေး၊ သံတွဲ၊ ရေနံချောင်း၊ ဝမ်းတွင်း၊ စလင်း၊ ပေါင်းတည်နဲ့ သဲကုန်းမြို့တွေမှာ မတ်လ၊ တတိယပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန်ထမ်းတချို့ သေဆုံး၊ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ သေဆုံးစေခဲ့တဲ့ပစ်ခတ်မှုနဲ့ KNDF တပ်ဖွဲ့ဝင်တွေ ထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်ခံရ

လူသေမှုဖြစ်သွားတဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်ကို KNDF တာဝန်ရှိသူတွေ စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, KNDF

ဓာတ်ပုံ ပုံစာ, လူသေမှုဖြစ်သွားတဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်ကို KNDF တာဝန်ရှိသူတွေ စစ်ဆေး

ဖမ်းဆီးထားတဲ့အရပ်သားတစ်ယောက် ပစ်ခတ်ခံရပြီး သေဆုံးမှုမှာ တာဝန်ရှိတယ်ဆိုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က သူ့ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်လိုက်ပါတယ်။

အရပ်သားတစ်ယောက်ကို ဖမ်းထားတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့တာကြောင့် တပ်ဖွဲ့ဝင်နှစ်ယောက်ကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေအရ အရေးယူလိုက်တယ်လို့ KNDF က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကယား(ကရင်နီ)ပြည်နယ်၊ လွိုက်ကော်မြို့ ၊ ပီခေါကူကျေးရွာက အသက် ၂၇ နှစ်အရွယ် အရပ်သားတစ်ယောက်ကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ရပ်ကွက်အတွင်း မူးယစ်ရမ်းကားမှုနဲ့ ဖမ်းဆီးထားချိန်မှာ မလျော်ကန်တဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒ့ါကြောင့် ဗဟိုစုံစမ်းရေးအဖွဲ့ကနေ ကနဦးစုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပြီး ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာ ဥပဒေပုဒ်မတွေအရ စုံစမ်းစစ်ဆေးခဲ့တဲ့အကြောင်း၊ အဲဒီနောက် ပထမအဆင့် ဗျူဟာ စစ်ခုံရုံး စစ်ဆေးကြားနာခဲ့ပြီး ကျူးလွန်သူ KNDF တပ်ဖွဲ့ဝင်နှစ်ယောက်ကို စစ်အက်ဥပဒေပုဒ်မ ၂၂၊ ၃၀ အရ ထောင်ဒဏ် နှစ် ၂၀ နဲ့ ၁ လ ပြစ်ဒဏ်ခံယူဖို့ စီရင်ချက်ချမှတ်လိုက်တဲ့အကြောင်း KNDF က ပြောပါတယ်။

KNDF တပ်ဖွဲ့ဝင် နှစ်ဦး အခုလို ပြစ်ဒဏ်ချမှတ်ခံရမှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ နှစ်ဆယ်ချီအောင် ပြစ်ဒဏ်ချမှတ်မှုလည်း ဖြစ်လာပါတယ်။

မံစီမြို့နယ်၊ မိုင်းခေါင်ရွာက စစ်တပ်အခြေစိုက်စခန်းကို KIA သိမ်း

မံစီမြို့နယ်၊ မိုင်းခေါင်ရွာက စစ်တပ်အခြေစိုက်စခန်းကို KIA သိမ်း

ဓာတ်ပုံ ရင်းမြစ်, CJ

ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက မိုင်းခေါင်ရွာသစ်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA)က ဒီနေ့ မနက်ပိုင်းမှာပဲ သိမ်းလိုက်ပြီလို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

မိုင်းခေါင်ရွာသစ်မှာရှိတဲ့ အမှတ် ၄၇ ခြေမြန်တပ်ရင်း စခန်းကို KIA က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သိမ်းယူခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

‘‘စစ်ကောင်စီတပ်သားတွေကတော့ ဒီနေ့မနက် ၁ နာရီလောက်မှာ စခန်းကို စွန့်သွားကြတယ်။ အဲဒီနောက်မှာပဲ KIA ဒီနေ့မနက်အစောပိုင်းမှာ သိမ်းပြီး ရှင်းလင်းရေးဝင်ခဲ့တာ’’ လို့ မိုင်းခေါင်ရွာခံ လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်သံမှာတော့ စစ်ကောင်စီတပ်သားတွေမရှိတော့တဲ့ ခလရ ၄၇ ထဲမှာ KIA တပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးဝင်ရောက်နေတာကို မြင်တွေ့ရသလို လက်နက်အချို့ကိုလည်း သိမ်းဆည်းမိခဲ့တာတွေ့ရပါတယ်။

‘‘အခုလည်း တိုက်ပွဲသံမကြားဘူး။ ငြိမ်နေတယ်။ မဂျီဂုန် တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ ပစ်ခတ်သံတွေ နည်းနည်းကြားရပေမဲ့ ဒီနေ့က‌တော့ တိုက်ပွဲသံမကြားရဘဲ စခန်းသိမ်းလိုက်တာ’’ လို့ မိုင်းခေါင် ဒေသခံက ပြောပါတယ်။

သူပြောတဲ့ မဂျီဂုန်ဟာ KIA က အခုလဆန်းမှာ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ် အခြေစိုက်စခန်းသုံးခု ပူးပေါင်းရှိတဲ့ ဗျူဟာကုန်းကို ရည်ညွှန်းတာဖြစ်ပါတယ်။

ဆိုင်းခေါင်ရွာမှာတော့ စစ်ကောင်စီတပ်စခန်းအသိမ်းခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်မှုလုပ်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ကေအိုင်အေ ဟာ တရုတ်-မြန်မာနယ်စပ်အနီး မံစီမြို့နယ်ထဲက မန်ဝိန်းကြီးကျေးရွာထဲက စစ်ကောင်စီတပ်စခန်းတွေနဲ့ ကင်းစခန်းတွေကို ဇန်နဝါရီလအတွင်း တိုက်ခိုက်ခဲ့ပြီး အခုတော့ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။

ကောလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်တပ် ဒရုန်းကြောင့် စစ်ဘေးရှောင်တစ်ယောက်သေဆုံးတယ်လို့ဆို

ဒရုန်းသုံးပြီး ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ ကောလင်းမြို့နယ်က နေအိမ်တစ်လုံး

ဓာတ်ပုံ ရင်းမြစ်, ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး

ဓာတ်ပုံ ပုံစာ, ဒရုန်းသုံးပြီး ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ ကောလင်းမြို့နယ်က နေအိမ်တစ်လုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းမှာ မတ် ၂၁ ရက်ကစပြီး တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ဗုံးချတာကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ပန်းတင်ရွာက ဒေသခံတစ်ယောက်ဖြစ်ပြီး ဒရုန်းနဲ့ဗုံးကြဲခံရတဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်ဘေးရှောင်တွေရှိတဲ့နေရာဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတွေ ဖော်ြပပေးနေတဲ့ Kawlin Revolution – KR ကလည်း ထုတ်ပြန်ပါတယ်။

“ဒီနေ့လည်း တိုက်ပွဲဖြစ်သံတွေကြားနေရတယ်။ လက်နက်ကြီးသံတွေရော၊ သေနတ်သံတွေရောပဲ”လို့ ကောလင်းမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

အင်အား ၂၀၀ ကျော်တဲ့စစ်တပ်က ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ရွာမရွာ၊ စံတော်သာကုန်း၊ မင်းကုန်း၊ ဖန်ခါးကုန်း၊ ကျောက်ကြမ်းတောင်နေရာတွေကို မတ် ၂၁ ရက်ကစပြီး ဖြန့်ခွဲပြီးစစ်ကြောင်းထိုးလာတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ကြောင်းကို ကောလင်း၊ ကန့်ဘလူ၊ ယင်းမာပင်စတဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ခုခံတိုက်ခိုက်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်ရယူပြီးနောက်ပိုင်း မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့တာတွေ ဆက်တိုက်ရှိနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်ကအရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ကောလင်းမြို့တွင်း သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ ဓာတ်ပုံတွေနဲ့အတူ ရေးသားထားကြပေမဲ့ ဒေသခံတွေကတော့ အဲ့ဒီနေရာတွေဟာ ကောလင်းမြို့ထဲကနေရာတွေမဟုတ်ဘူးလို့ ပြောကြပါတယ်။

တစ်ပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သောင်းနီးပါးရှိ - ကုလသမဂ္ဂ

ပြီးခဲ့တဲ့ရက်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဓနု စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ရှမ်းပြီးခဲ့တဲ့ရက်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဓနု စစ်ရှောင်တွေ

မြန်မာနိုင်ငံအတွင်းက ပြည်နယ်နဲ့တိုင်း ၃ ခုမှာ တစ်ပတ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သောင်းနီးပါးအထိရှိတယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့တစ်ပတ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၉၇၀၀ အထိရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရှမ်း(တောင်)က ဆီဆိုင်မြို့မှာဆိုရင် တိုက်ပွဲကြောင့် တောင်ကြီးမြို့ကို စစ်ရှောင်ရသူ ၂၇၀၀ ကျော်၊ ကရင်မှာဆိုရင် ဖလူးကျေးရွာအုပ်စုထဲကနေ မြဝတီမြို့ပေါ်ကို စစ်ရှောင်လာသူ ၂၁၀၀ ကျော်၊ တနင်္သာရီမှာဆိုရင် ထားဝယ်မြို့နယ်ထဲက လူပေါင်း ၄၃၀၀ ကျော်နဲ့ ကျွန်းစုမြို့နယ်ထဲက လူပေါင်း ၄၀၀ နီးပါးဟာ တခြားမြို့နယ်တွေကို စစ်ရှောင်နေကြရတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အခုတစ်ပတ် စာရင်းထဲမှာ စစ်ကောင်စီ စစ်ကြောင်း၊ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း၊ နောက် စစ်တပ်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်တွေအရေအတွက်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်ကထက်စာရင် မြန်မာနိုင်ငံမှာ စစ်ရှောင် တစ်သောင်းနီးပါး တိုးလာတာဖြစ်ပြီး အခုဆိုပြည်တွင်းမှာ စစ်ရှောင် ရှစ်သိန်းနှစ်သောင်းကျော်အထိရှိနေတယ်လို့ UNHCR က ဆိုပါတယ်။

မင်းပြားမြို့၊ ရာမောင်တံတားအနီးကို စစ်တပ် ဗုံးကြဲ

ဖေဖော်ဝါရီ ၂၇ ရက်က လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ သေကန်ရွာစာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, ASW

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂၇ ရက်က လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ သေကန်ရွာစာသင်ကျောင်း

စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက သေကန်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ မတ် ၂၄ ရက် မနက် ၁ နာရီကျော်မှာ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီကျေးရွာဟာ လေးမြို့မြစ်ကို ဖြတ်သန်း ဆောက်လုပ်ထားတဲ့ ရာမောင်တံတားအနီးက ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာဖြစ်ပြီး စစ်ရေးအရရော၊ လမ်းပန်းဆက်သွယ်‌ရေးအရပါ အချက်ချာကျတဲ့ရွာမဟုတ်ဘူးလို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

“အဲ့လို အချက်ချာကျတဲ့ရွာလည်းမဟုတ်ဘူး။ အဲဒီရွာကို လေယာဥ်နဲ့လာလို့ ဗုံးကြဲတယ်ဆိုတော့ ကျွန်တော်တို့လည်း စဥ်းစားလို့မရဘူး။ အဲဒီရွာမှာက လူတွေမရှိဘူး။ ညနေကျရင် လယ်ကွင်းမှာသွားပြီးအိပ်ကြတယ်။ အိမ် ၃ လုံးတော့ ပြိုသွားတယ်” လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတာ ရှိ၊ မရှိဆိုတာ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အခုတစ်ကြိမ်ဆိုရင် သေကန်ရွာကို စစ်ကောင်စီက ဗုံးကြဲတာ သုံးကြိမ်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေကန်ရွာက စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

မတ် ၁၈ တုန်းကလည်း မင်းပြားမြို့နယ်ထဲက သာဒါ ရိုဟင်ဂျာကျေးရွာထဲကို စစ်လေယာဉ်နဲ့ ပစ်ခတ်တာ ကြောင့် ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး အယောက်သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြောပါတယ်။