အလ္လာဟ်အမည်ပါတဲ့ ခြေအိတ်တွေ ရောင်းလို့ မလေးရှား ကုန်စုံဆိုင်ကို တရားစွဲ

malaysia

ဓာတ်ပုံ ရင်းမြစ်, Facebook

ဓာတ်ပုံ ပုံစာ, မလေးရှားက နာမည်ကြီး ကေကေ စူပါမတ်

မလေးရှားက နာမည်ကြီး ကုန်စုံဆိုင်လုပ်ငန်းစုကြီးတခုကို တည်ထောင်သူကို အလ္လာဟ်အမည်ပါတဲ့ ခြေအိတ်တွေ ရောင်းလို့ ဆိုပြီး တရားစွဲထားပါတယ်။

ချိုင်ကီးကန်နဲ့ ဇနီး ကုမ္ပဏီဒါရိုက်တာ လိုဆူးမွီတို့ကို သူတပါး ဘာသာရေးယုံကြည်မှုကို စိတ်ဒဏ်ရာရအောင်လုပ်မှုနဲ့ စွဲဆိုထားတာပါ။

သူတို့မှာ အပြစ်မရှိကြောင်း ထွက်ဆိုကြပြီး အပြစ်ရှိကြောင်း ထင်ရှားရင်တော့ ထောင်တနှစ်ထိ ကျနိုင်ပါတယ်။

အရင်နှစ်ပတ်ကစပြီး ဒီခြေအိတ်တံဆိပ်ကို ရောင်းချမှုကြောင့် ဝေဖန်မှုတွေ ရှိလာပြီး ကေကေ စူပါမတ်ဆိုင်တွေကို သပိတ်မှောက်ဖို့ ဆော်သြတာတွေ ရှိခဲ့ပါတယ်။

ကေကေ စူပါမတ်နဲ့ သူ့ကို ပစ္စည်းသွင်းတဲ့ မလေးရှား ရှင်ဂျီယန်း ချန်းကုမ္ပဏီက ဒီကိစ္စအတွက် တောင်းပန်ဝန်ချခဲ့ကြပြီး ဆိုင်တွေပေါ်က ခြေအိတ်တွေကို ဖယ်ရှားခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ခြေအိတ်ပုံတွေကြောင့် အင်တာနက်မှာ ဆက်ဝေဖန်ခံနေရသလို မလေးရှားဘုရင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြစ်တင်ပြောဆိုမှုတွေ ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ တိုင်ကြားချက် နှစ်ရာနီးပါးရတယ်လို့လည်း မလေးရှားရဲက ပြောပါတယ်။

malaysia

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ရှိ မလေးရှားဘုရင် အီဘရာဟင် အစ္စကန်ဒါ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာရပ်ဘာသာနဲ့ ဘုရားသခင်လို့ အဓိပ္ပာယ်ရတဲ့ အလ္လာဟ်ဆိုတဲ့ စကားလုံးကို မွတ်ဆလင်တွေက အထွတ်အမြတ် သဘောထားလို့ မွတ်ဆလင်မဟုတ်သူတွေက ဒီစကားလုံးသုံးတာကို ကန့်ကွက်အငြင်းပွားတာတွေ မလေးရှားမှာ အရင်ကလည်း ရှိခဲ့ပါတယ်။

မလေးရှား ဖွဲ့စည်းပုံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပေမယ့် အစ္စလာမ်က နိုင်ငံတော်ဘာသာ ဖြစ်ပါတယ်။ နောက်ပြီး မလေးမွတ်ဆလင်ဦးရေက မလေးရှား လူဦးရေ ၃၄ သန်းရဲ့ သုံးပုံနှစ်ပုံကျော် ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ မလေးရှားဘုရင် ဆူလတန် အီဘရာဟင် ဆူလတန် အစ္စကန်ဒါက မစ္စတာချိုင်တို့ ကေကေမတ် လုပ်ငန်းစုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒီကိစ္စမှာ တာဝန်ရှိသူတွေကို တင်းတင်းမာမာ အရေးယူဖို့လည်း သူက နှိုးဆော်ပါတယ်။ ဒီလို ဘာသာရေးနဲ့ လူမျိုးရေး ကိစ္စတွေမှာ တလွဲတချော် မှားယွင်းတာတွေကို လက်မခံနိုင်ဘူးလို့လည်း မလေးရှားဘုရင်က ပြောကြားပါတယ်။ ဒါဟာ မလေးရှားနန်းတော်က ရှားရှားပါးပါး ဝင်ပြီး ဝေဖန်ပြောကြားတာ ဖြစ်ပါတယ်။

ဒီကိစ္စကို တင်းတင်းမာမာ ကိုင်တွယ် ဆောင်ရွက်ဖို့ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က တောင်းဆိုပါတယ်။ ဒါပေမဲ့လည်း ဒါနဲ့ ပတ်သက်ပြီး ပြဿနာကြီးလို ဆက်မဆွေးနွေးကြဖို့ ပြည်သူတွေကို သူက ပန်ကြားပါတယ်။

malaysia

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်သူတွေ များတဲ့ မလေးရှား

ကေကေမတ် ဆိုင်တွေက မလေးရှားနိုင်ငံတလွှား ဆိုင်ရာချီ ဖွင့်ထားတဲ့ အောင်မြင်တဲ့ လုပ်ငန်းစုကြီး ဖြစ်ပါတယ်။

ဒီခြေအိတ်တွေသွင်းတဲ့ ရှင်ဂျီယန်းချန်း ကုမ္ပဏီကြောင့် အမြတ်အစွန်းတွေ ထိခိုက်ပြီး ဆိုင်နာမည်ပျက်ရတယ်ဆိုပြီး ကေကေမတ်က တရားစွဲထားပါတယ်။ ဒီပြဿနာတက်ပြီးနောက် မလေးရှား စတော့စျေးကွက်ကနေ သူ့နာမည်ကို ပယ်ဖျက်ဖို့ ဖိအားပေးခံရတယ်လို့လည်း ကေကေမတ်က ပြောပါတယ်။

ပစ္စည်းသွင်းတဲ့ ကုမ္ပဏီက ဒါရိုက်တာနှစ်ယောက်ကိုလည်း မှားယွင်းလုပ်ဆောင်အောင် အားပေးအားမြှောက်လုပ်မှုနဲ့ အင်္ဂါနေ့က တရားစွဲခဲ့ပါတယ်။

နောက် ပစ္စည်းသွင်းတဲ့ ကုမ္ပဏီကလည်း ဒီခြေအိတ်တွေ ပို့ပေးတဲ့ တရုတ်ကုမ္ပဏီကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။