ရွှေပေလွှာ၊ လက်ထပ်ပွဲ ၊ ဗြိတိသျှမင်းသမီးနဲ့ ဦးနေဝင်း

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, Evening Standard

ဓာတ်ပုံ ပုံစာ, လက်ထပ်ပွဲနေ့က မင်္ဂလာမောင်နှံနဲ့ ဘုရင်၊ မိဘုရား

သက်တော် ၉၄ နှစ်ရှိပြီဖြစ်တဲ့ စဝ်စန္ဒာဆင်းမ်စ်ဟာ လန်ဒန်ဆင်ခြေဖုံးတနေရာမှာ နေထိုင်ပြီး သုတေသနတွေ လုပ်နေဆဲဖြစ်ပါတယ်။ သူဟာ မြန်မာပြည်ရဲ့ ပထမဆုံး သမတ စဝ်ရွှေသိုက်ရဲ့ သမီးတော် ဖြစ်သလို ၁၉၄၇ က လန်ဒန်မှာ ကျင်းပတဲ့ ဗြိတိသျှ အိမ်ရှေ့ မင်းသမီးအဲလစ်ဇဘက်ရဲ့ လက်ထပ်ပွဲကို တက်မယ့် ခမည်းတော်၊ မိထွေးတော် တို့နဲအတူ ဗြိတိန်ကို ရောက်လာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Sao Sanda Simms

ဓာတ်ပုံ ပုံစာ, စန္ဒာဒေဝီမျက်နှာဖုံးက ရှမ်းမင်းသမီးအလှ

အဲဒီတုန်းက ၁၉ နှစ်အရွယ် ရှမ်းမင်းသမီးလေးဟာ ဗြိတိန်မှာ ပညာဆက်လက်ဆည်းပူးဖို့ မိဘတွေနဲ့ တပါတည်း လိုက်လာခဲ့ပြီး သူတို့ စီးနင်းလာတဲ့ ရေယာဉ်ပျံ ပူးလ်မြို့ကို ဆိုက်ကပ်တဲ့အကြောင်း ရုပ်ရှင်မှတ်တမ်းကို ဗြိတိသျှပသေးရုပ်ရှင်ဝက်ဆိုက်မှာ လွှင့်တင်ထားပါ တယ်။ လန်ဒန်ခရီးနဲ့ ပတ်သက်ပြီး စဝ်စန္ဒာက သူ့ဘဝမှတ်တမ်းမှာ မှတ်မှတ်ရရ ပြန်ပြောင်းရေးသားခဲ့ပါတယ်။ မင်္ဂလာပွဲကို သူ့ခမည်းတော်နဲ့ မိထွေးတော်တို့ ရှမ်းနန်းတွင်း အဆင်တန်ဆာ တွေနဲ့ တက်ကြပြီး စဝ်ရွှေသိုက်က ရွှေစလွယ်ဆင်မြန်းခဲ့ပါတယ်။ စိန့်ဂျိမ်းစ် နန်းတော်မှာ ပြတဲ့ လက်ဖွဲ့ပစ္စည်းတွေကိုလည်း သူတို့သွားကြည့်ကြပါတယ်။ ဒီခရီးမှာပဲ လန်ဒန်မြို့လယ် နန်းတော်နားက ပစ်ကယ်ဒီလီအဝိုင်းမှာ မိထွေးတော် စဝ်ဟိန်ခမ်းနဲ့ စဝ်စန္ဒာတို့ မြန်မာနန်းတွင်းဝတ်စုံတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ရွှေပေလွှာကစ

တကယ်က မြန်မာပြည်နဲ့ ဗြိတိသျှမင်းဆွေမင်းမျိုးတွေ ဆက်စပ်မှုဟာ စဝ်စန္ဒာတို့ခေတ်ကထက် အများကြီး စောပြီး အလောင်းဘုရား လက်ထက် ကတည်းက အခိုင်အမာ ရှိခဲ့ပါတယ်။ ၁၇၅၆ မှာ ကပ္ပတိန် ဂျော့ဘေကာကတဆင့် ဟန်နိုဗာမင်းဆက် ဒုတိယ ဂျော့ဘုရင်ဆီကို အလောင်းဘုရားက ပတ္တမြားစီ ရွှေပေလွှာ ပေးပို့ ဆက်သွယ်ခဲ့ပြီး ဂျာမနီနိုင်ငံ ဟန်နိုဗာမှာ ရှိတဲ့ အဲဒီပေလွှာကို ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် ၂ဝ၁၅ ထဲက စာရင်းသွင်း ထားပါတယ်။ အဲဒီပေလွှာမှာ အလောင်းဘုရားက သူ့ကိုယ်သူ ဆင်ဖြူဆင်နီဆင်ကျား တို့ရဲ့ သခင် ပြည်ပိုင်မင်းတပါးအဖြစ် အင်္ဂလိပ်ဘုရင်နဲ့ တန်းတူ ရည်တူ သုံးနှုန်းထားတာကို တွေ့ရပြီး နှစ်ပြည်ထောင် ကုန်သွယ်ရေးအတွက် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်ကို အင်ကရိတ်လို့ အဲဒီခေတ် အခေါ်နဲ့ သုံးနှုန်း ထားပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, duncan1890

ဓာတ်ပုံ ပုံစာ, ဝိတိုရိယဘုရင်မရှေ့မှောက် ကင်းဝန်မင်းကြီးတို့သံအဖွဲ့

၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်မှာ မဏိပူရ၊ အာသံ၊ ရခိုင်နဲ့ တနင်္သာရီ၊ ၁၈၅၂ ဒုတိယစစ်မှာ ပဲခူးနဲ့ မြန်မာပြည်အောက်ပိုင်း အင်္ဂလိပ်လက် ရောက်ခဲ့ပေမယ့် ဗြိတိန်နဲ့ မြန်မာ သံတမန်ဆက်ဆံရေး ဆက်ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၈၇၂ မှာ စေလွှတ်တဲ့ ကင်းဝန်မင်းကြီး သံအဖွဲ့ဟာ ဗြိတိသျှဘုရင်မ ဝိတိုရိယနဲ့ သားတော် အိမ်ရှေ့စံ အက်ဒွပ်တို့ဆီ ရှေ့တော်သွင်း ခံခဲ့ရပြီး လက်ဆောင်ပဏ္ဏာတွေ ဆက်သနိုင်ခဲ့ပါတယ်။ လန်ဒန်နားက ဝင်ဆာရဲတိုက်ကြီးမှာ ဘုရင်မကို တွေ့ခွင့်ရခဲ့တဲ့အကြောင်း ကင်းဝန်မင်းကြီးရဲ့ လန်ဒန်သွား နေ့စဉ်မှတ်တမ်း မှာ ဖော်ပြထားပါတယ်။ ဒီဆက်သတဲ့ထဲက ၇၅ ကရက်ရှိတဲ့ ပတ္တမြားတလုံးကို ဘုရင်မ သမီးတော် လူဝီစ်မင်းသမီးကို ပေးတယ်လို့လည်း ဆိုပါတယ်။ ဘုရင်မကို ပတ္တမြားစီ ခါးစည်းကြိုး ၁၊ ပတ္တမြားစီ လက်ကောက် ရံစုံ ၁ ဆက်သပြီး အိမ်ရှေ့မင်းကို ပတ္တမြားစီ ၂၁ သွယ် စလွယ်ကို ဆက်ကြောင်းလည်း လန်ဒန်သွားမှတ်တမ်းအရ သိရပါတယ်။

ဒီခရီးစဉ်အတွင်း အိမ်ရှေ့မင်းစံအိမ်နဲ့ ဘက်ကင်ဟမ်နန်းတော်မှာ အိမ်ရှေ့မင်းသားက မြန်မာကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံတာ၊ 'ဘော'ခေါ် ကပွဲ၊ ကွန်ဆတ်တီးပွဲနဲ့ ချစ်ဇစ်ပန်းခြံက ဥယျာဉ်ပွဲတွေကို ဖိတ်တာတွေ ရှိခဲ့ပါတယ်။ နောက် လန်ဒန် အရှေ့ပိုင်း ဘက်သနယ် ဂရင်းရပ်က ဝိတိုရိယနဲ့ အဲလ်ဘတ် ပြတိုက်သစ် ဖွင့်တဲ့ အခမ်းအနား၊ လန်ဒန်အပြင်ဘက် သြဒါရှော့ အရပ်မှာ ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားတွေမှာလည်း ဘုရင်မနဲ့ အိမ်ရှေ့မင်းစတဲ့ မင်းဆွေမင်းမျိုးတွေနဲ့ မြန်မာ ကိုယ်စားလှယ် တွေ တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ, မန္တလေးရောက် အဲလ်ဘတ်ဗစ်တာ မင်းသား

ပထမဆုံး မြန်မာပြည်ရောက် ဗြိတိသျှမင်းသား

၁၈၈၅ တတိယကျူးကျော်စစ်မှာ မြန်မာပြည်အထက်ပိုင်း အင်္ဂလိပ်လက် ရောက်သွားပြီးနောက် ၁၈၈၉ မှာ မြန်မာပြည်ကို ဗြိတိသျှမင်းသားတပါး ရောက်လာခဲ့ပါတယ်။ ဝိတိုရိယဘုရင်မရဲ့ မြေးတော်ကြီး၊ အိမ်ရှေ့မင်းသားရဲ့ သားတော်ကြီး အဲလ်ဘတ်ဗစ်တာ ဖြစ်ပြီး ၁၈၉၂ မှာ တုပ်ကွေးနဲ့ ကံကုန်ခဲ့သူ ဖြစ်ပါတယ်။ ရေတပ်မှာ အမှုထမ်းခဲ့ပြီး ကမ္ဘာပတ်ရတာ နှစ်ခြိုက်တဲ့ မင်းသားရဲ့ အိန္ဒိယခရီးမှာ အသစ်သိမ်းခါစ မြန်မာပြည် ကိုလိုနီကို လာရောက်တာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့တွေကို ရောက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ရောက် ဂျော့ နဲ့ မေရီ

သူပြီးနောက် ဒုတိယရောက်လာသူက ၁၉ဝ၆ မှာ ကြွချီလာတဲ့ သူ့ညီတော် အိမ်ရှေ့စံ ဂျော့မင်းသားနဲ့ မေရီမင်းသမီးတို့ ဖြစ်ပါတယ်။ တကယ်တော့ ဂျာမန် မှူးမတ်အနွယ် မေရီဟာ အဲလ်ဘတ်ဗစ်တာနဲ့ စေ့စပ်ထားပြီးမှ အဲလ်ဘတ်ဗစ်တာ ကံကုန်သွားလို့ ညီတော်နဲ့ လက်ဆက် ခဲ့သူ ဖြစ်ပါတယ်။ ၁၉ဝ၁ မှာ အဲလ်ဘတ်ဗစ်တာရဲ့ ဘွားတော် ဝိတိုရိယ နတ်ရွာစံပြီးနောက် သူ့ခမည်းတော် သတ္တမ အက်ဒွပ်ဘုရင်ဖြစ်လာတဲ့ အခါ သားအကြီးဆုံးအဖြစ် ကျန်ရစ်တဲ့ ဂျော့က အိမ်ရှေ့စံ ဖြစ်လာပါတယ်။ ဂျော့နဲ့ မေရီတို့ ခရီးမှာ မန္တလေးနန်းတွင်းနဲ့ ရခိုင် ဘုရားကြီးခေါ် မဟာမုနိဘုရားကိုလည်း ကြည့်ရှုခဲ့ကြပါတယ်။

ဒီခရီးစဉ်အတွင်း မန္တလေးမြို့ စည်လွန်းအားကြီးတယ်လို့ မင်းသားက အရာရှိတွေကို ပြောလို့ လူဦးရေ ပေါတာကို လျော့အောင် ဗြိတိသျှအစိုးရက ပလိပ်ရောဂါကို တမင်ဖန်တီးတယ် ဆိုတဲ့ ကောလာဟလတွေ ပေါ်ခဲ့ကြောင်း ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များမှာ ပါရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Spencer Arnold Collection

ဓာတ်ပုံ ပုံစာ, ဝေလမင်းသားကို မန္တလေးကျုံးမှာ လှေပွဲနဲ့ ဖျော်ဖြေ

အက်ဒွပ်နဲ့ ရတနာဒီပံ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၂၂ မှာတော့ ပဉ္စမဂျော့နဲ့ မေရီတို့ရဲ့ သားတော် ဝေလမင်းသား အက်ဒွပ် မြန်မာပြည် ရောက်လာပါတယ်။ သူမလာခင် ၁၉၂၁ အောက်တိုဘာလ မန္တလေး မှာ ကျင်းပတဲ့ ဂျီစီဘီအေ နဝမကွန်ဖရင့်ကြီးက မင်းသားကို မကြိုဆိုဖို့ အဆိုတင်သွင်းဆုံးဖြတ်ခဲ့ပါတယ်။ ဒီကွန်ဖရင့် မှာ ချယ်ယာမင်သဘာပတိ လုပ်တဲ့ တပဲယင်းဝန်ထောက် ဦးမြဲဟာ ကင်းဝန်မင်းကြီးတပည့် ဖြစ်ပြီး အင်္ဂလိပ်သူလျှိုလို့ စွပ်စွဲခံရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသားလာတာကို ကြိုတာ ဟာ ငွေကုန်ပြီး ဗျူရိုကရေစီအစိုးရကိုယ်စားလှယ်ကို ကြိုတာမို့ အကျိုးမရှိကြောင်း ဦးမြဲ မိန့်ကြားခဲ့ပါတယ်။

ဒီလို ကန့်ကွက်မှုတွေ ကြားကပဲ မင်းသားမလာခင်မှာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သတင်းစာအယ်ဒီတာကို ဖမ်းပြီး အဝေးမြို့တွေကို ပို့ပါတယ်။ ဒီလို အပို့ခံရသူတွေထဲက ဝတ်လုံဦးဘစီ၊ လွယ်အိတ်ကြီး ဦးဘလှိုင်၊ မြန်မာ့အလင်း ဦးစိမ်း၊ ဒေါက်တာသန့်မြင့်ဦးရဲ့ အဘေး မန္တလေး ဦးဘဦး စတဲ့ ထင်ရှားသူတွေ ပါသလို ကျောင်းသားဘဝ ဗြိတိန်မှာ နေစဉ်က ဝိတိုရိယ ဘုရင်မကြီးရဲ့ မြေးတော်တွေနဲ့ ခင်မင်ခဲ့တယ် ဆိုတဲ့ ဂျီစီဘီအေ ခေါင်းဆောင်ကြီး ဦးချစ်လှိုင်ပါ ပါပါ တယ်။ ဦးချစ်လှိုင်ဟာ လန်ဒန်မှာ ၁၈၉၉ က ကျောင်းတက် ခဲ့တုန်းက ဝိတိုရိယ ဘုရင်မကြီးရဲ့ မြေးတော်တွေနဲ့ ကျောင်းနေဘက် ဖြစ်လို့ ဘုရင်မကြီးအတွက် နန်းတော်ထဲမှာ ထားဖို့ သစ်သားဆောင်ကို မြန်မာပြည်က သစ်တွေနဲ့ မှာယူဆောက်လုပ် ပေးခဲ့တယ် လို့လည်း စောမုံညင်းရဲ့ ဗမာအမျိုးသမီး စာအုပ်မှာ ပါပါတယ်။

အဲဒီခရီးမှာပဲ မန္တလေးမြို့က ထွက်မကြိုကြဖို့ ဆော်သြထားကြတဲ့အတွက် မြို့ပေါ်က ဇာတ်အငြိမ့်ဆိုင်းတွေကို ငှားလို့မရဘဲ တီးတတ်မှုတ်တတ်သူတွေကို ခေါ်တီးခိုင်းရတယ်လို့လည်း ဦးစိန်မောင်ဦးရဲ့ သမိုင်းပုလဲသွယ် စာအုပ်မှာ ပါပါတယ်။ မင်းသားရောက်တဲ့ မနက် မှာပဲ ရဟန်းပျိုတွေရဲ့ နှိုးဆော်မှုနဲ့ Prince Of Wales Go back ! ဆိုတဲ့ စာတမ်းတွေ မြို့ထဲမှာ ချိတ်ဆွဲခဲ့ပါတယ်။

ဒီလိုကန့်ကွက်မှုတွေ ရှိပေမယ့် ဝေလမင်းသားကို အစိုးရပိုင်းက လှေပွဲ မြင်းပွဲတွေ ခင်းကျင်းကြိုဆိုကြသလို အသစ်ဖွင့်ခါစ ရန်ကုန်တက္ကသိုလ်မှာလည်း ဝေလမင်းသား နားတော်သွင်း ဧချင်းကို ယူနီဗာစီတီ ဆရာပွားက ရေးစပ်ပြီး ကလပ်ပေါ်တင်ကာ ဆက်သ ခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်း ဖြစ်မယ့် ဦးလွန်းကို ဆုငွေတထောင် ရစေချင်လို့ တပည့်ဖြစ်သူ တရားဝန်ကြီး ဦးမေအောင်က ရေးဖို့ တိုက်တွန်းရာမှာ မရေးဘဲ ငြင်းခဲ့တဲ့ ဧချင်းဖြစ်ပါတယ်။

မင်းသား ပြန်ချိန်မှာ သူ့ကို သတိရ လွမ်းဆွတ်ကြမယ့် မိန်းမပျိုတွေ ရတနာဒီပံ ဆေးဖယောင်းတိုင်ထွန်းဖို့ ဆောင်းပါးရေးတဲ့ ပညာ့အလင်းအယ်ဒီတာ ဦးပုကလေးကိုတော့ ညစ်ညမ်းမှုနဲ့ ဗြိတိသျှအစိုးရက ထောင်နှစ်လချခဲ့ကြောင်း တက္ကသိုလ်ထင်ကြီးရဲ့ မြန်မာနိုင်ငံ သတင်းစာများအညွှန်းမှာ ပါရှိ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Imagno

ဓာတ်ပုံ ပုံစာ, ဗြိတိသျှနန်းတက်ပွဲလာ ဒေါက်တာဘမော်နဲ့ ဒေါ်ခင်မမမော်

၁၉၃၆ မှာ ဘုရင်ဖြစ်လာတဲ့ ဝေလမင်းသား နန်းစွန့်ပြီးနောက် တက်လာတဲ့ ညီတော် ဆဌမဂျော့ရဲ့ နန်းတက်ပွဲကို ၁၉၃၇ မှာ မြန်မာပြည်က နန်းရင်းဝန် ဒေါက်တာဘမော်နဲ့ အထက်အောက် လွှတ်တော်ဥက္ကဋ္ဌများ၊ စက်သူဌေး ဆာဦးသွင်တို့ တက်ကြရာမှာတော့ ၁၉၂၂ က ဝေလမင်းသားခရီးအတွက် အဝေးပို့ခံခဲ့ရဖူးတဲ့ ဦးချစ်လှိုင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပါလာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Jimmy Sime

ဓာတ်ပုံ ပုံစာ, လန်ဒန်ရောက် ဦးနုနဲ့ မောင့်ဘက်တန် မောင်နှံ

မောင့်ဘက်တန်နဲ့ ရွှေမင်းသမီးများ

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်က ဖက်ဆစ်နဲ့ ပေါင်းခဲ့တဲ့ အင်အားစုတွေနဲ့ အိန္ဒိယက မဟာမိတ်တပ်တွေကြား ဆက်ဆံရေးပြေလည်စေဖို့မှာ အရေးကြီးတဲ့အခန်းက ပါခဲ့သူက မဟာမိတ်တပ်တွေရဲ့ အရှေ့တောင်အာရှ စစ်ဦးစီးချုပ် လော့မောင့်ဘက်တန် ဖြစ်ပါတယ်။ နောင်တော်ဝမ်းကွဲ အက်ဒွပ် မင်းသားနဲ့ မြန်မာပြည် ရောက်ဖူးတဲ့ မောင့်ဘက်တန်ဟာ မြန်မာပြည်က ဖက်ဆစ်ဆန့်ကျင်ရေးအတွက် စေလွှတ်တဲ့ လေထီးတပ်သားတွေကို သီဟိုဠ်မှာ ခေါ်ယူ လေ့ကျင့်ပေးတဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့နဲ့လည်း ချိတ်ဆက်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာပြည် ဖက်ဆစ်တပ်က လွတ်မြောက်ရေးမှာ အရေးကြီးတဲ့အခန်းက ပါခဲ့လို့ မြန်မာပြည်ရဲ့ မောင့်ဘက်တန် ဘွဲ့ကိုလည်း ရခဲ့ပြီး ကန္ဒီမှာ ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေး မှာလည်း သူနဲ့ မြန်မာဘက်က ခေါင်းဆောင်တွေ ညှိနှိုင်း အောင်မြင်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်က ကွန်မြူနစ်နဲ့ လူမျိုးစုသူပုန်တွေကို နှိမ်နင်းရာမှာလည်း ဗြိတိန်က ရေတပ်ဦးစီးချုပ် မောင့်ဘက်တန်ရဲ့ အရှိန် အဝါက အများကြီး အထောက်အကူ ဖြစ်ခဲ့မှာ မလွဲပါဘူး။ ဒါကြောင့် မြန်မာစစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းဟာ မောင့်ဘက်တန်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာပြီး သူ့ရဲ့ ကျေးလက်စံအိမ်မှာ ဗိုလ်နေဝင်း အပန်းဖြေလေ့ ရှိခဲ့ပါတယ်။ မောင့်ဘက်တန်ဟာ ဗြိတိသျှဘုရင်မကြင်ဘက်တော်ရဲ့ ဦးရီးတော်လည်း ဖြစ်တာမို့ ဗြိတိသျှမင်းမျိုးတွေနဲ့ မြန်မာဆက်ဆံရေးကလည်း မစိမ်းဘဲ ရှိခဲ့ ပါတယ်။ ဒီခင်မင်မှုတွေနဲ့ပဲ ပါတော်မူချိန်က သိမ်းလာခဲ့တဲ့ မြန်မာ မင်းခမ်းတော် တွေကို မြန်မာပြည် ပြန်ပို့တာတွေ ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Douglas Miller

ဓာတ်ပုံ ပုံစာ, အိမ်ရှေ့မင်းသမီး လက်ထပ်ပွဲ လက်ဖွဲ့ရတနာများ

မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ဓနသဟာယဝင် မဟုတ်ပေမယ့်လည်း ဗြိတိန်နဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။ အဲလစ်ဇဘက် လက်ထပ်ပွဲ အတွက် မိုးကုတ်မြို့က ပတ္တမြား ၉၆ လုံး လက်ဖွဲ့တဲ့ အပြင် မင်္ဂလာပွဲကို မြန်မာပြည်က ယာယီသမတ လွှတ်ပြီး တက်စေပါတယ်။ နောက် ဆဌမဂျော့ဘုရင် ရဲ့ သမီးတော်ငယ် မာဂရက်ရဲ့ ငယ်ချစ် တိုက်လေယာဉ်မောင်းသမား ပီတာတောင်ဆင်က ရန်ကုန်ဇာတိ ဖြစ်တဲ့အတွက် တခုလပ်နဲ့ မင်းသမီး မညားလိုက် ရတဲ့ သူတို့ချစ်ပုံပြင် အလွမ်းဇာတ်ကို မြန်မာတွေ ကရုဏာ သက်ကြ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Mirrorpix

ဓာတ်ပုံ ပုံစာ, အလက်ဇန္ဒရားနဲ့ သမတဦးဝင်းမောင်ကတော် ဒေါ်မြမေ

၁၉၆ဝ ဝန်းကျင်မှာ မြန်မာပြည်ကို ရောက်လာတတ်တဲ့ ဗြိတိသျှမင်းသမီးတပါးကတော့ ကင့်နယ်စားသမီး အလက်ဇန္ဒြားမင်းသမီး ဖြစ်ပါတယ်။ ဘုရင်မနဲ့ ညီမဝမ်းကွဲတော်တဲ့ အလက်ဇန္ဒြားဟာ သူ့ထက် အနှစ်အစိတ်မကကြီးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ရင်းနှီးပြီး မြန်မာပြည်ကို အခေါက်ခေါက်လာတတ်သလို လန်ဒန်မှာလည်း သူတို့ တွေ့လေ့ရှိပါတယ်။ အလက်ဇန္ဒြားကို ဗိုလ်ချုပ်ကြီးကတော် ဒေါ်ခင်မေသန်းက သရက်သီးနဲ့ ထမင်းကျွေးတယ်လို့တောင် ပြောစမှတ် ရှိပါတယ်။ တော်ဝင်မင်းမျိုးကိစ္စတွေကို စိတ်ဝင်စားတတ်တဲ့ ၊ ဗြိတိသျှ မင်းမျိုးတွေနဲ့ ပေါင်းသင်းရတာ ခုံမင်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို အလောင်းဘုရားရဲ့ ရဲဘက်တော် ဗိုလ်တွန်ရဲ့ အဆက် မြတောင်မင်းသမီးအနွှယ်ဆိုပြီး ရေးသားတာတွေလည်း မဆလခေတ်နောက်ပိုင်းမှာ ရှိခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, David Levenson

ဓာတ်ပုံ ပုံစာ, အန်းမင်းသမီးနဲ့ ဦးနေဝင်း

၈၈ အလွန်

မြန်မာပြည်ကို နောက်ဆုံးရောက်လာတဲ့ ဗြိတိသျှမင်းမျိုးကတော့ တော်ဝင်မင်းသမီးအန်းဖြစ်ပြီး ၁၉၈၇ က ဖြစ်ပါတယ်။ နဝတနဲ့ နအဖစစ်အစိုးရ ခေတ်တွေမှာ မြန်မာပြည်နဲ့ ဗြိတိန် ဆက်ဆံရေးကွာဟသွားပြီး ၂ဝ၁၂ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှ ပြန်ပြီး နွေးထွေး လာပါတယ်။ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန်ကို လန်ဒန်ကို ဖိတ်ခေါ်တာ ရှိပေမယ့် ဗြိတိသျှမင်းမျိုးတွေနဲ့ တွေ့ဆုံခွင့်ရသူကတော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပါတယ်။ အခု ဘုရင်ဖြစ်လာတဲ့ ချားလ်စ်မင်းသားနဲ့ ဒေါ်စုတို့ ၂ဝ၁၂ မှာ လန်ဒန်က ကလဲရင့်စ်အိမ်တော်မှာ တွေ့ဆုံပြီး မက်ဂနိုးလီးယား ပန်းပင်စိုက်ခဲ့ပါတယ်။ ၂ဝ၁၇ မှာ အာဏာရ ခေါင်းဆောင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန် လာချိန်မှာတော့ ဘုရင်မ အဲလစ်ဇဘက်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

၂ဝ၂၁ အာဏာသိမ်းပြီးနောက် မြန်မာစစ်အစိုးရသစ်နဲ့ ဗြိတိန်ကြား ဆက်ဆံရေးက တဖန်အေးစက်သွားပြီး မြန်မာပြည်က ဗြိတိသျှသံအမတ်ကို နှင်ထုတ်တာ၊ ဗြိတိသျှသံအမတ်ဟောင်းကို ထောင်ချတာ စတဲ့ မပြေလည်မှုတွေ များခဲ့ပါတယ်။ ၂ဝ၂၂ ဗြိတိသျှဘုရင်မရဲ့ နိုင်ငံတော် စျာပနမှာလည်း မြန်မာကို ရုရှား၊ ဘယ်လာရုစ်တို့နဲအတူ မဖိတ်ဘဲ ထားတာ တွေ့ရပါတယ်။

၁၉၇၉ က မောင့်ဘက်တန် ကွယ်လွန်ချိန်မှာ နိုင်ငံအလံတဝက် လျှော့ချခဲ့တဲ့ မြန်မာပြည်နဲ့ ဗြိတိသျှမင်းမျိုးတွေ ပတ်သက်မှုက ဆက်ရန်အခန်း ရှိသေးမယ် လို့ ယူဆရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, WPA Pool

ဓာတ်ပုံ ပုံစာ, ဒေါ်စု၊ အိမ်ရှေ့စံဘဝက ချားလ်စ်နဲ့ ကမီလာ