ဘီဘီစီ မြန်မာ နေ့စဉ် ရုပ်သံအစီအစဉ်ကို မဇ္စျိမတီဗီ တွင် ကြည့်ရှုနိုင်ပြီ

ဘီဘီစီနဲ့ မၾဇ္စျိမ
ဓာတ်ပုံ ပုံစာ, အပတ်စဉ် တနင်္လာနေ့က သောကြာနေ့အထိ ထုတ်လွှင့်ပေးသွားမှာပါ။

ဘီဘီစီ မြန်မာ ရုပ်သံ သတင်းအစီအစဉ် ကို မြန်မာနိုင်ငံတွင် အသစ်ထုတ်လွှင့် တင်ဆက်လိုက်သည့် မဇ္စျိမတီဗီ အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းတွင် ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ ဘီဘီစီမှ မြန်မာဘာသာဖြင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သည့် ၁၅ မိနစ်စာ သတင်းအစီအစဉ် ကို ည ၈ နာရီ ၄၅ မိနစ် တွင် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါသည်။

ဘီဘီစီ မြန်မာ ရုပ်သံ အစီအစဉ် ကို bbc.com/burmese အင်တာနက် စာမျက်နှာ နှင့် Youtube တွင်လည်း ကြည့်ရှုနိုင်ပြီး၊ ဘီဘီစီမှ တင်ဆက်သည့် နိုင်ငံတကာ နှင့် ဒေသတွင်းဖြစ်ပျက်နေသည့် နေ့စဉ် အရေးကြီးသတင်းများကို မဇ္စျိမရုပ်သံ ပရိသတ်ထံသို့ အရောက် သယ်ဆောင်လာပြီ ဖြစ်ပါသည်။ လန်ဒန်မြို့မှ နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်ပေးမည့် အစီအစဉ်တွင် မြန်မာပရိသတ်များ စိတ်ဝင်စားနိုင်မည့် ယူကေမှ ဖြစ်ရပ်များ၊ ရုပ်သံဆောင်းပါးများလည်း ပါဝင်ပါမည်။

ဘီဘီစီ မြန်မာဌာနမှူး ဦးမင်းထက်က "ဒါဟာ ဘီဘီစီသတင်းတွေကို မြန်မာပြည်မှ ရုပ်သံကြည့်ရှုသူများဆီကို အရောက်ပို့ပေးနိုင်တဲ့ အခွင့်အရေးကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတင်ပြချက်တွေကို နိုင်ငံတွင်းမှာ တောင်းဆိုမှုတွေ အမြဲတမ်း ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ဘက်လိုက်တဲ့သတင်းတွေ ဒါမှမဟုတ် သတင်းအတုတွေ လူမှုကွန်ယက်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ အခုလို အချိန်တွေမှာ ပရိသတ်အနေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေ ရရှိဖို့ အရေးကြီးပါတယ်။ မဇ္စျိမ နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာတဝန်းနဲ့ ဒေသတွင်း မှာ ဖြစ်ပေါ်နေတာတွေကို အချိန်နဲ့ တပြေးညီ သိချင်နေသူတွေအတွက် အကျိုးဖြစ်ထွန်းစေမှာပါ။" ဟု ဆိုပါသည်။

မဇ္စျိမသည် နိုင်ငံတကာသတင်းအဖွဲ့ IPI မှ ချီးမြှင့်သည့် လွတ်လပ်သော ရှေ့ဆောင် သတင်းမီဒီယာ ဆု ကို ၂၀၀၇ ခုနစ်တွင် ရရှိခဲ့ပြီး၊ ၂၀၁၂ ခုနစ်မှ စတင်ကာ မြန်မာနိုင်ငံတွင်း ပြန်လည်အခြေစိုက်ပြီး သတင်းစာ၊ စီးပွားရေး မဂ္ဂဇင်း နှင့် တီဗီအစီအစဉ်များ ကို ထုတ်လွှင့်လျက် ရှိသည်။ မဇ္စျိမ ရုပ်သံလိုင်း ကို ဒစ်ဂျစ်တယ်ချန်နယ်အဖြစ် ၂၀၁၈ မတ်လ ၂၄ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ပါသည်။

မဇ္စျိမ၏ အယ်ဒီတာချုပ် နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က "မဇ္စျိမ ရုပ်သံလိုင်းပေါ်မှာဘီဘီစီသတင်းကို ထုတ်လွှင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ရပါတယ်။ ဘီဘီစီရဲ့ သတင်းနဲ့ သတင်းတင်ဆက်မှုပညာ အပေါ် ထားရှိတဲ့ အမြင့်ဆုံးစံနှုန်းတွေကို ကျွန်တော်တို့ အသိအမှတ်ပြု ပါတယ်။ ဘီဘီစီသတင်းများကို ကျွန်တော်တို့ ထုတ်လွှင့်ပေးတာကို မြန်မာလူထုက ကြိုဆိုလိမ့်မယ် လို့ ယုံကြည်ပါတယ်။"

ဘီဘီစီနဲ့ မၾဇ္စျိမ
ဓာတ်ပုံ ပုံစာ, ဒေသတွင်းသတင်း၊ ကမ္ဘာ့သတင်းတွေကို သိနားလည်နေချင်သူတွေအတွက်

မြန်မာပရိသတ်များ အနေနဲ့ ဘီဘီစီမှ သတင်းများကို bbc.com/burmese မှလည်းကောင်း၊ လူမှုကွန်ယက်များ ဖြစ်သော (ကြည့်ရှုသူ၁၃.၃ သန်းရှိသည့်) Facebook မှလည်းကောင်း, Twitter, YouTube များမှလည်းကောင်း ရရှိနိုင်ပြီး၊ နေ့စဉ် မနက် ၆ နာရီ၃၀ မိနစ်မှ ၇ နာရီအထိတစ်ကြိမ်၊ ည ၈ နာရီမှ ၈ နာရီ၄၅ မိနစ်အထိ တစ်ကြိမ် ရေဒီယိုသတင်းနှင့် အစီအစဉ်များကို လှိုင်းတိုရေဒီယိုလိုင်း များမှ ဖမ်းယူနားဆင်နိုင်ကြပါသည်။ နေ့စဉ် ရေဒီယိုအစီအစဉ်ကို Facebook မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်ကြပါသည်။

ရေဒီယို အစီအစဉ်များ အားလုံးကို ဘီဘီစီ မြန်မာ အင်တာနက် စာမျက်နှာ bbc.com/burmese တွင် လာရောက် နားဆင်နိုင်ပါသည်။ ဘီဘီစီ မှ ထုတ်လွှင့်သော ဆန်းသစ်တီထွင် လယ်မြေတခွင် အစီအစဉ်၊ မိုဘီဂျီန်ို လူငယ်အစီအစဉ် နှင့် ကူးလ်တက် နည်းပညာ အစီအစဉ် တို့ကို မြန်မာ့အသံရေဒီယိုတွင် လည်းကောင်း၊ မိုဘီဂျီန်ို လူငယ်အစီအစဉ် နှင့် အင်္ဂလိပ်စာ သင်ခန်းစာ အစီအစဉ် ဖြစ်သည့် The English We Speak ကို ပတ္တမြား FM တွင် လည်းကောင်း နားဆင်နိုင်ပါသည်။ ဘီဘီစီမြန်မာဘာသာ နောက်ဆုံးရ နေ့စဉ်သတင်း ခေါင်းစဉ်များကိုလည်း ရန်ကုန်အခြေစိုက် Frontier Myanmar website မှတဆင့် လာရောက် ဖတ်ရှုနိုင်ပါသည်။