Svoboda | Graniru | BBC Russia | Golosameriki | Facebook

ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်နေတယ်လို့ သမ္မတဟောင်းကို စစ်ခေါင်းဆောင်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်နေတယ်လို့ သမ္မတဟောင်းကို စစ်ခေါင်းဆောင်ပြောတဲ့ သတင်းအပါအဝင် မတ် ၂၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အမ်းမြို့နယ်နဲ့ မကွေးတိုင်းအကြား တိုက်ပွဲဖြစ်၊ အမ်းမြို့နယ်အတွင်းက စစ်တပ်တချို့ဆုတ်ခွာမှုတွေရှိနေ
  • ထိုးစစ်ဆင်လာတဲ့ကိုးကန့်တပ်ကို ဆွေးနွေးမှုနည်းနဲ့ပဲ ဖြေရှင်းလိုတယ်လို့ SSPP/SSA ထုတ်ပြန်
  • တရုတ်နိုင်ငံကိုကူးမယ့် ကူးတို့ဆိပ် TNLA ပိတ်ထားလို့ ကြံစိုက်တောင်သူတွေ အခက်တွေ့
  • ကျိုက်မရောမြို့နယ် အံကစင်ရွာကို ဒီနေ့မနက် လေကြောင်းက ဗုံးကြဲလို့ မီးလောင်
  • ဘော်တီမိုးတံတားပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၂ ဦးအလောင်း ရေထဲကနေ ပြန်တွေ့
  • နိုင်ငံတကာတရားရုံးတွေမှာ စစ်ဆေးဆဲအမှုတွေထဲက အစိတ်အပိုင်းတချို့ကို IIMM ထုတ်ပြန်
  • ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်နေတယ်လို့ သမ္မတဟောင်းကို စစ်ခေါင်းဆောင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၂၈ ရက် ဘီဘီစီရဲ့နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အမ်းမြို့နယ်နဲ့ မကွေးတိုင်းအကြား တိုက်ပွဲဖြစ်, အမ်းမြို့နယ်အတွင်းက စစ်တပ်တချို့ဆုတ်ခွာမှုတွေရှိနေ

    အမ်းမြို့နယ်နဲ့ မကွေးတိုင်းအကြား တိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, လုမှုကွန်ရက်

    တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ ခုကို အေအေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း အခုလအတွင်းမှာပဲ အမ်းမြို့နယ်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှာရှိတဲ့ နယ်မြေတွေအတွင်းမှာ တိုက်ပွဲတွေပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

    မတ်လ ၂၈ ရက် ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ် နိမိတ်နေရာတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်ကခြမ်းက ကံမြင့်ကံကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ အမ်းဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက အတည်ပြုပြောဆိုပါတယ်။

    ရခိုင်-မကွေးနယ်စပ်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဟာ အမ်းမြို့နယ်ရဲ့ အရှေ့မြောက်ဘက်မှာရှိပြီ မိုင် ၃၀ ကျော်ခန့်ကွာဝေးသလို ရခိုင်ရိုးမတောင်တန်းပေါ်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲဟာ အေအေ တစ်ဖွဲ့တည်းနဲ့ဖြစ်ပွားတာမဟုတ်ဘဲ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး တိုက်ပွဲရဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

    ဒါ့အပြင် မတ်လ ၂၇ ရက်မှာ အမ်းမြို့နယ်အတွင်းက ကြောင်သေကျေးရွာနဲ့ လုံးကျေးရွာအနီးဝန်းကျင်နေရာတွေမှာ အေအေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

    အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်အား ၈၀ လောက်ထိ အကျအဆုံးတွေရှိခဲ့သလို လက်ရှိအမ်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ တခြားမြို့နယ်တွေမှာလို အေအေဘက်က တပ်ရင်းတွေကို ဝင်ရောက်တိုက်ခိုက်နေတဲ့ မြို့ သိမ်း တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ အေအေတို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလို့ အမ်းဒေသခံတွေက ပြောဆိုကြပါတယ်။

    တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးဝန်းကျင်မှာရှိတဲ့နေတဲ့ ခမရ ၃၇၂ တပ်ရင်းနဲ့ ထောက်ပို့တပ်စခန်းတစ်ခုက စစ်သားတွေဟာ တပ်ရင်းတပ်စခန်းတွေကိုဆုတ်ခွာပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့နေရာကို ပူးပေါင်းသွားခဲ့ကြတယ်လို့သိရပါတယ်။

    အဲဒီအနီးဝန်းကျင်ကျေးရွာတွေမှာလည်း ဒေသခံတွေ ‌တိုက်ပွဲရှောင်နေကြရပါတယ်။

    ဒီနေ့မှာတော့ အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားတာမရှိပေမယ့် မနေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ လုံးရွာအနီးဝန်းကျင်နေရာတွေကို လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

  3. ဖာပွန်မြို့မှာ KNU တပ်စွဲပြီး ထိန်းချုပ်နေ

    KNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, KNLA

    ဓာတ်ပုံ ပုံစာ, KNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်(KNLA)က ဒီကနေ့ မြို့ထဲအထိဝင်ရောက်ပြီး တပ်စွဲထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေးက ဘီဘီစီကို အတည်ပြုပြောပြပါတယ်။

    ဖာပွန်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ တပ်ရင်းတွေအားလုံးကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၉ ရက် ကတည်းက ဝိုင်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ဒီကနေ့မှာပဲ စစ်တပ်က မြို့ကနေ စွ့န်ခွာသွားတယ်လို့ KNU ဘက်က အတည်ပြုချက်နဲ့အတူ ဒေသအခြေစိုက်မီဒီယာတချို့မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

    ဘီဘီစီက ကေအဲန်ယူဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ကျွန်တော့်လူတွေ မြို့ထဲကိုရောက်သွားပြီ။ ပြင်အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး”လို့ တုံ့ပြန်ပြောဆိုပါတယ်။

    မြို့ကနေ စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖာပွန်ကနေ ၃ မိုင်ဝန်းကျင်ကွာဝေးတဲ့ စစ်ကောင်စီတပ်ဗျူဟာကုန်းတစ်ခုပေါ်မှာ ပူးပေါင်းပြီး တပ်ပြန်စွဲထားတယ်လို့ မြေပြင်အခြေအနေသိတဲ့ ‌ဒေသခံတစ်ဦးရဲ့ အပြောအရသိရပါတယ်။

    စစ်ကောင်စီကတော့ ဖာပွန်မြို့အခြေအနေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  4. ထိုးစစ်ဆင်လာတဲ့ကိုးကန့်တပ်ကို ဆွေးနွေးမှုနည်းနဲ့ပဲ ဖြေရှင်းလိုတယ်လို့ SSPP/SSA ထုတ်ပြန်

    ရှမ်း‌မြောက်က SSPP/SSA စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, SSPP/SSA

    ဓာတ်ပုံ ပုံစာ, ရှမ်း‌မြောက်က SSPP/SSA စစ်ကြောင်း

    ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ထဲက နမ့်စလပ်ကျေးရွာအုပ်နဲ့ စယ်အူကျေးရွာအုပ်စုအတွင်းက SSPP/SSA စစ်ကြောင်းတွေကို မတ်လ ၂၆ ရက်နေ့မှာ ကိုးကန့်တပ်(MNDAA) က ဒရုန်းနဲ့ စတင်တိုက်ခိုက်ရာကနေ ထိတွေ့ တိုက်ပွဲဖြစ်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးတပ်(SSPP/SSA)က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

    ဒီလို MNDAA ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့ပုံစံမျိုးနဲ့သာ ခုခံတိုက်ခိုက်ခဲ့ပြီး အချင်းချင်း ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးတဲ့လမ်းစဉ်နဲ့ ပြဿနာကိုဖြေရှင်းဖို့ကြိုးစားသွားမယ်လို့ SSPP က ဆိုထားပါတယ်။

    ဒီလမ်းစဉ်နဲ့ဖြေရှင်းလို့မရခဲ့မှသာ ထိထိရောက်ရောက်ပြန်လည်တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပြောထားတာပါ။

    မနေ့က မနက် ၉ နာရီမှာလည်း စယ်အူကျေးရွာအုပ်စု၊ ပန်နားကျေးရွာအနီးက လယ်ကွက်ထဲကနေ ကိုးကန့်တပ်ဖွဲ့ က SSPP/SSA တပ်စခန်း တစ်ခုကို ဒရုန်းနဲ့အကြိမ် ၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSPP/SSA က ဆိုပါတယ်။

    အဲဒီနောက် မနက် ၁၁ နာရီကျော်မှာ MNDAA က အင်အား ၂၀၀ကျော်နဲ့ ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက် နေ့လည် ၁၂ ကျော်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

    ဒီလိုထိုးစစ်ဆင်တာနဲ့ပတ်သတ်ပြီး MNDAA က ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို ဘီဘီစီက စာပို့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

  5. တရုတ်နိုင်ငံကိုကူးမယ့် ကူးတို့ဆိပ် TNLA ပိတ်ထားလို့ ကြံစိုက်တောင်သူတွေ အခက်တွေ့

    တရုတ်နိုင်ငံကိုကူးမယ့် ကူးတို့ဆိပ် TNLA ပိတ်ထားလို့ ကြံစိုက်တောင်သူတွေ အခက်တွေ့

    ဓာတ်ပုံ ရင်းမြစ်, Shan News Burmese

    ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကနေ တရုတ်နိုင်ငံကို သွားပို့မယ့် ကြံကားတွေကို တအာင်းလွတ်မြောက်ရေးတပ် TNLA က မန်ဟောင်းနဲ့ နောင်တောင်း စက်လှေဆိပ်တွေကနေ ဖြတ်သန်းခွင့်မပေးတာကြောင့် ကြံစိုက်တောင်သူတွေ အခက်တွေ့နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီလို ဖြတ်သန်းခွင့်ပိတ်တာဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရောက်ကစပြီး ဒီနေ့အထိ ဖြစ်တာကြောင့် ၁၀ ရက်ကျော်ကြာနေပြီလို့လည်း ကြံစိုက်တောင်သူတွေက ပြောကြပါတယ်။

    နမ့်ခမ်းမြို့ကနေ တရုတ်ပြည်ကမ်းဘက်ကို လှမ်းမြင်နေရတဲ့ နေရာမှာရှိနေပေမဲ့ အခုလို ဖြတ်သန်းခွင့်မရတာကြောင့် ကချင်ပြည်နယ်ဘက်ကနေ ဖြတ်သွားကြရပါတယ်။

    “ဘာ့ကြောင့်ပိတ်တယ်ဆိုတာ မပြောဘူး၊ အထက်က ပိတ်ခိုင်းတယ်လို့ပဲ ပြောပါတယ်။ သူတို့ပိတ်ရပ်ထားတဲ့ကြံကား ရပ်တဲ့နေရာကနေ တရုတ်ဂိတ်ပေါက်ကို လှမ်းတောင်မြင်နေရပါတယ်။ ပုံမှန်ဆို ကြံခြံကနေ ဒီတရုတ်ကားကြီးပေါ်တင်ပြီး မန့်ဟောင်း ကူတို့ဆိပ်ကနေ တိုက်ရိုက် တရုတ်ပြည်ထဲကိုရောက်တယ်။ အဲ့ကူးတို့ဆိပ်နားမှာလည်း အခွန်တော့ ပေးရတယ်”လို့ ကြံစိုက်တောင်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ကြံတွေဟာ စောင့်ဆိုင်းရတဲ့ အချိန် တစ်ရက် ၊ နှစ်ရက်လောက်အတွင်းမှာပဲ အလေးချိန်လျော့လာသလို အခုလို မိုးရွာလိုက်၊ နေပူလိုက် ဖြစ်နေတဲ့ ရာသီဥတုမျိုးဆိုရင် ပုပ်သွားတတ်တာကြောင့် ကြံစိုက်တောင်သူတွေက ကချင်ပြည်နယ်ဘက်ကနေ ပတ်သွားကြရပါတယ်။

    ကချင်ပြည်နယ်ဘက်က ပတ်သွားတဲ့အခါ ရွှေလီကြိုးတံတားကို ကုန်တင်ကားကြီးတွေ ဖြတ်သွားလို့မရတာကြောင့် ကားကြီးတစ်စီးကနေ ကားအသေး လေးစီးကို ခွဲပြီးသယ်ကြရတဲ့အကြောင်း၊ နမ့်ခမ်းမြို့အထွက်မှာလည်း TNLA က ကားတစ်စီးကို ကျပ်တစ်သိန်းထပ်တောင်းသလို ရှမ်းပြည်နယ်အထွက်မှာလည်း လေးသောင်းကနေ ငါးသောင်းအထိ ထပ်တောင်းတာတွေရှိတဲ့အကြောင်း၊ အဲ့ဒီဂိတ်တွေကနေ ဖြတ်ပြီးသွားလို့ ကချင်ပြည်နယ်ဘက်ကိုရောက်ရင် ကချင်စစ်သားတွေကို တရုတ်ငွေ ၂၅ ယွမ် ( မြန်မာငွေ ၇ ထောင်ကျော် ) ပေးရတဲ့အတွက် လမ်းစရိတ်ခမှာတင် ကုန်ကျစရိတ် ထက်ဝက်ပိုများသွားတယ်လို့လည်း ပြောပြပါတယ်။

    အခုလို ကူတိုးဆိပ်တွေ ပိတ်ထားတာနဲ့ပတ်သက်လို့ TNLA သတင်းပြန်ကြားရေးကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

    ကိုဗစ်ကာလတုန်းက တရုတ်ဘက်ကနေ ဂိတ်တွေပိတ်ခဲ့တဲ့အတွက် ကြံစိုက်တောင်သူတွေ ဆုံးရှုံးမှုများခဲ့ပြီး အခုချိန်မှာလည်း TNLA က ပိတ်ထားတဲ့အတွက် အမြတ်မရနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် အဲ့ဒီကူးတို့ဂိတ်တွေကို အမြန်ဖွင့်ပေးဖို့ကိုလည်း ကြံစိုက်တောင်သူတွေ မျှော်လင့်နေတယ်လို့ ပြောကြပါတယ်။

  6. ကျိုက်မရောမြို့နယ် အံကစင်ရွာကို ဒီနေ့မနက် လေကြောင်းက ဗုံးကြဲလို့ မီးလောင်, လေကြောင်း၊ ရေကြောင်းနဲ့ပစ်လို့ ဓမ္မသကျေးရွာ မီးလောင်မှု နေအိမ် ၂၈၀ ကျော်ဆုံးရှုံး

    ဓမ္မသကျေးရွာ မီးလောင်မှု နေအိမ် ၂၈၀ ကျော်ဆုံးရှုံး

    ဓာတ်ပုံ ရင်းမြစ်, Ramon Nya

    ဓာတ်ပုံ ပုံစာ, ဓမ္မသကျေးရွာ မီးလောင်မှု နေအိမ် ၂၈၀ ကျော်ဆုံးရှုံး

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အံကစင်ရွာကို ဒီနေ့မနက် မတ် ၂၈ ရက်မှာ လေကြောင်းက ဗုံးကြဲလို့ နေအိမ် ၁၀ လုံးမီးလောင်ပြီး လူထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။လူဘယ်လောက်ထိခိုက်တယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။

    ဒ့ါအပြင် ကျိုက်မရောမြို့နယ်ထဲကပဲ ဓမ္မသကျေးရွာ ကို မတ် ၂၇ ရက် ညနေပိုင်းက ရေကြောင်းရော၊ လေကြောင်းနဲ့ပါ ပစ်ခတ်တာကြောင့် လူနေအိမ် ၂၈၀ ကျော် မီးလောင်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

    အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ မရှိဘဲ ဂျိုင်းမြစ်ထဲက ရေတပ်ကနေ လက်နက်ကြီးနဲ့ပစ်သလို လေကြောင်းတွေကလည်း ဗုံးကြဲခဲ့တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကြားမှာရှိတဲ့ ကော့ဘိန်းကျေးရွာ ရဲစခန်းကို မွန်ပြည်သစ်ပါတီ AD နဲ့ ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အခုလို လုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။

    “ရွာမှာ Mini Fighter မီးသတ်ကားရှိတယ်။ မီးစက်တွေရှိတယ်။ တစ်ခုက မီးစက်တွေက ဆီမရဘူး။ နောက်တစ်ခု တရနာဘက်ကနေ မီးသတ်ကားတွေလာဖို့ကို သူတို့က ပိတ်ချထားလိုက်တယ်။ လုံးဝမသွားရဆိုပြီးတော့ကို။ သွားခွင့်မပေးဘူးပေါ့နော်။ မီးကတော့ ရွာကလူတွေပဲ Fighter တစ်စီးနဲ့ပဲ နိုင်သလောက် ငြှိမ်းတယ်ပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဓမ္မသကျေးရွာ ဟာ ညနေ ၄ နာရီခွဲလောက်ကနေ ည ၇ နာရီခွဲလောက်အထိ မီးလောင်နေခဲ့တယ်လို့လည်း သိရပါတယ်။

    ဓမ္မသကျေးရွာဟာ အိမ်ခြေ ၃ ထောင်ဝန်းကျင်ရှိပြီး ဂျိုင်းမြစ်ဘေးမှာရှိသလို တောင်တွေဝန်းရံထားတာကြောင့် အလွန်လှပတဲ့ ရွာဖြစ်တယ်လို့လည်း ပြောပါတယ်။

    မြစ်ထဲက ရေတပ်က ပိတ်ဆို့ထားသလို တရနာရွာမှာလည်း စစ်တပ်က ပိတ်ထားတာကြောင့် အခု ရွာထဲမှာလည်း ပိတ်မိနေတဲ့သူတွေရှိနေပြီး ဆက်သွယ်ရေးလည်း ပြတ်တောက်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ဓမ္မသရွာ ဒေသခံတွေက ဘုရားဂူတွေနဲ့ မော်လမြိုင်မြို့တွေဘက်ကို တိမ်းရှောင်နေကြရပါတယ်။

  7. ဘော်တီမိုးတံတားပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၂ ဦးအလောင်း ရေထဲကနေ ပြန်တွေ့

    ပြိုကျတဲ့တံတားအနီးမှာ ရှာဖွေရေးတွေ ဆက်လုပ်နေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ပြိုကျတဲ့တံတားအနီးမှာ ရှာဖွေရေးတွေ ဆက်လုပ်နေ

    အမေရိကန်ပြည်ထောင်စု၊ ဘော်လ်တီမိုးမြို့မှာ ကီးတံတားကို ကွန်တိန်နာသင်္ဘောကြီး ဝင်တိုက်မှုအပြီး တံတားပြိုကျမှုမှာ ပျောက်ဆုံးနေသူတွေထဲက ၂ ဦးရဲ့ ရုပ်အလောင်းကို ရေအောက်ကနေ ပြန်တွေ့ပြီဖြစ်ပါတယ်။

    သင်္ဘောဟာ တံတားကို မတ်လ ၂၆ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ ဝင်တိုက်မိချိန်မှာ တံတားပေါ်မှာ ဆောက်လုပ်ရေးလုပ်သား ၈ ဦး ရှိနေခဲ့တာပါ။

    သူတို့ထဲက ၂ ဦးကို နေ့တွင်းချင်းမှာပဲ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး နောက် ၄ ဦးကိုတော့ သေဆုံးပြီလို့ အာဏာပိုင်တွေက မှတ်ယူခဲ့တာဖြစ်ပါတယ်။

    အခုတော့ မြစ်ထဲမှာ တဝက်နစ်မြုပ်အနေအထားနဲ့ပေါ်နေတဲ့ အနီရောင် ပစ်ကပ် ထရပ်ကားထဲကနေ လူ ၂ ဦးရဲ့ အလောင်းကို ရေငုပ်သမားတွေက ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

    သင်္ဘောတိုက်မိချိန် အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေအရေး ဖြေရှင်းနိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်တဲ့နေရာမှာ ဆက်ရှိနေသလို စုံစမ်းစစ်ဆေးသူတွေလည်း အဲဒီနေရာမှာရှိနေပါတယ်။

    စင်္ကာပူအလံလွှင့်ထားတဲ့ အဲဒီကွန်တိန်နာသင်္ဘောဟာ စက်ချို့ယွင်းပြီးနောက်မှာ လမ်းကြောင်းပြောင်းအောင် ပဲ့ထိန်းခဲ့ပေမဲ့ ရှိရင်းစွဲအရှိန်ကြောင့် လမ်းကြောင်းမထိန်းနိုင်ခဲ့ဘဲ တံတားရေလယ်အုတ်ခုံကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

  8. နိုင်ငံတကာတရားရုံးတွေမှာ စစ်ဆေးဆဲအမှုတွေထဲက အစိတ်အပိုင်းတချို့ကို IIMM ထုတ်ပြန်

    ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်အမုန်းစကားဖြန့်ဝေခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ

    ဓာတ်ပုံ ရင်းမြစ်, IIMM

    ဓာတ်ပုံ ပုံစာ, ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်အမုန်းစကားဖြန့်ဝေခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ

    နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေမှာ စုံစမ်းစစ်ဆေးဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် အထောက်အထားတွေ နဲ့ စိစစ်သုံးသပ်ချက်တွေထဲက အစိတ်အပိုင်းတချို့ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က အများပြည်သူဖတ်ရှုဖို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

    ပထမအစီရင်ခံစာမှာ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးကာလအတွင်းမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများတွေကို လူမှုကွန်ရက်ကနေ စနစ်တကျ လျှို့ဝှက် ဖြန့်ဝေခဲ့တဲ့အကြောင်း အသေးစိတ်ဖော်ပြထားပါတယ်။

    ဒုတိယအစီရင်ခံစာ မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေအပေါ် လိင်နဲ့ဂျင်ဒါအခြေပြုရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေကို မြန်မာအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေကို IIMM က ဆန်းစစ်ထားပါတယ်။

    နိုင်ငံတကာဥပဒေအရ မြန်မာအာဏာပိုင်တွေက အဆိုပါကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူရမယ့်တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာက ကောက်ချက်ချထားပါတယ်။

    ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး အထောက်အထားတွေကို တရားခွင်မှာမတင်ပြမီကာလမှာ လျှို့ဝှက်ထားရမှာဖြစ်ပေမယ့် အစီရင်ခံစာနှစ်စောင်ကို ခြွင်းချက်အနေနဲ့ ထုတ်ပြန်တာဖြစ်ပြီးIIMM က စုဆောင်း စိစစ် သုံးသပ်ထားတဲ့ အချက်အလက်အများစုကိုဆက်လက်သိမ်းဆည်းထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

  9. ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်နေတယ်လို့ သမ္မတဟောင်းကို စစ်ခေါင်းဆောင်ပြော

    (၇၉)နှစ်မြောက် တပ်မတော်နေ့မှာ သမ္မတဟောင်းဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို ဂါရဝပြုတဲ့ အခမ်းအနားကို စစ်ခေါင်းဆောင်တက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ သမ္မတဟောင်း ဦးသိန်းစိန်

    (၇၉)နှစ်မြောက် တပ်မတော်နေ့မှာ သမ္မတဟောင်းဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို ဂါရဝပြုတဲ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

    ပြည်တွင်းပြည်ပက အာဏာသိမ်းမှုအဖြစ်ရှုမြင်ထားတဲ့ လက်ရှိအခြေအနေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ အညီ နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင် နေတာ လို့ ပြောခဲ့ပါတယ်။

    စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြစ်ဖို့ခဲ့ပြီး တပ်မတော်က ဥပဒေနဲ့အညီ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေတဲ့အကြောင်း ပြောပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အခြေအနေတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

    သမ္မတဟောင်းဦးသိန်းစိန်ကလည်း သြဝါဒ စကားပြန်ပြောခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ စစ်ကောင်စီက မထုတ်ပြန်ခဲ့ပါဘူး။

    ဒီအခမ်းအနားကို သမ္မတဟောင်းဦးသိန်းစိန် နဲ့အတူ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေး လည်း တက်ရောက်ခဲ့ပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်က ညနေပိုင်းမှာပြုလုပ်တဲ့ စစ်ရေးပြပွဲကို မတက်ရောက်ခဲ့ပေမယ့် သူ့အစိုးရအဖွဲ့က ဝန်ကြီးဟောင်းတချို့ကတော့ စစ်ယူနီဖောင်းတွေဝတ်ပြီး တက်ရောက်ခဲ့ကြပါတယ်။