ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်အိမ်လေလံအမှု သိသင့်တဲ့ ၃ ချက်

မောင်နှမ နှစ်ယောက်အမွေခွဲတဲ့သမိုင်းဝင်ခြံ
ဓာတ်ပုံ ပုံစာ, မောင်နှမ နှစ်ယောက်အမွေခွဲတဲ့သမိုင်းဝင်ခြံ
  • ရေးသားသူ, ညိုလဲ့ရည်
  • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

အမွေခွဲဖို့အတွက် နှစ် ၂၀ ကျော်တရားရင်ဆိုင်ခဲ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း က ခြံနံပါတ် ၅၄ ကို ၂၀၂၄ မတ်လ ၂၀ ရက်မှာလေလံတင်ရောင်းချဖို့ တရားရုံးကဆုံးဖြတ်ထားပါတယ်။

အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်တို့ရဲ့ သားသမီးတွေဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ဒီ အိမ်နဲ့ခြံ ကို ‌အမွေခွဲဖို့ တရားရုံးအဆင့်ဆင့်ကနေ ပြည်ထောင်စုတရား လွှတ်တော်ချုပ်အထိရောက်ခဲ့တာပါ။

၂၀၂၁ စစ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဦးအောင်ဆန်းဦးက ဒီအိမ်နဲ့ခြံ တဝက်တိတိကို အမွေဆက်ခံခွင့်အတွက် တရားရုံး အဆင့်ဆင့်အပါအဝင် နောက်ဆုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထိအယူခံတက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အထိ အဲဒီအယူခံပယ်ချခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ အထူးအယူခံထပ်တင်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ အယူခံကို ပြန်လည်ကြားနာပြီး ဦးအောင်ဆန်းဦးတင်ပြတဲ့အတိုင်း အိမ်နဲ့ ခြံတန်ဖိုးကို တစ်ယောက်တဝက် ငွေကြေးနဲ့ခွဲဝေယူဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချခဲ့ပါတယ်။

ဒီအမှုမှာ သာမန်နိုင်ငံသားမောင်နှမ ၂ ဦးအမွေခွဲတဲ့ ပြဿနာထက်ပိုစေတဲ့နောက်တစ်ချက်က ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားဖြစ်နေတာကြောင့်ပါ။

အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဦးအောင်ဆန်းဦးက နိုင်ငံသားမိဘရဲ့ အမွေကို ဆက်ခံခွင့်ရှိသလား ဆိုတာကလည်း ဥပဒေပညာရှင်တွေနဲ့ ရှေ့နေရှေ့ရပ်အသိုင်းအဝိုင်းကြားမှာ ဆွေးနွေးစရာဖြစ်လာပါတယ်။

နိုင်ငံခြားသားအဖြစ်ခံယူသူ သားသမီးက အမွေခွဲဝေရပိုင်ခွင့်ရှိလား

ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦး

နိုင်ငံသားမိဘရဲ့ အမွေကို နိုင်ငံသား သားသမီးတွေခံစားခွင့်၊ အမွေခွဲဝေယူခွင့်စတဲ့ အမှုတွေကို တရားရုံးကဆုံးဖြတ်တဲ့အခါမှာ အမွေဆက်ခံခြင်းအက်ဥပဒေ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံး စတာတွေနဲ့ ကိုင်တွယ်ဖြေရှင်းပြီး ဆုံးဖြတ်ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီဥပဒေတွေအရ နိုင်ငံသားဗုဒ္ဓဘာသာ မိဘနှစ်ပါးရဲ့ အမွေကို ဗုဒ္ဓဘာသာ နိုင်ငံသားဖြစ်တဲ့ သားသမီး ဘယ်သူမဆိုက ခံစားခွင့်၊ ဆက်ခံခွင့်ရှိပါတယ်။

ဒါပေမဲ့ ထူးခြားချက်က နိုင်ငံခြားသားဖြစ်သွားတဲ့ သားသမီးနဲ့ ပတ်သက်တဲ့ အမွေဆက်ခံခွင့်၊ ခံစားခွင့်တွေကိုတော့ ၁၉၈၇ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေနဲ့ တားဆီးထားပါတယ်။

အဲဒီဥပဒေရဲ့ ပုဒ်မ ၃ နဲ့ ၄ အရ ဦးအောင်ဆန်းဦးအနေနဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ခံစားခွင့်မရှိဘူးလို့ ရှေ့နေ ၃ ဦးထက်မနည်းကပြောပါတယ်။ အဲဒီ ပုဒ်မတွေပါ ပြဋ္ဌာန်းချက်တွေက -

  • ပုဒ်မ ၃ - ''မည်သူမျှ နိုင်ငံခြားသားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီနှင့် ဖြစ်စေမရွှေ့မပြောင်းနိုင်သောပစ္စည်း ကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကိုလက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည် ကိုလက်ခံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့်လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းမပြုရ''
  • ပုဒ်မ ၄ - ''မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီမျှ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကိုလက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းမပြုရ''

ဒီပုဒ်မ ၂ ခုအရ ပစ္စည်းပိုင်ဆိုင်ခွင့် ကန့်သတ်ချက်တွေရှိပေမဲ့ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့်ကတော့ ဆုံးရှုံးတာမရှိပါဘူး။

‘’အမွေဆက်ခံခွင့်မဆုံးရှုံးတဲ့အခါကျတော့ ပစ္စည်းကမ‌ရွှေ့ပြောင်းနိုင်ပေမဲ့ ရောင်းရတဲ့ငွေက ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် အမွေတဝက်ကိုသူပိုင်ဆိုင်တဲ့အကြောင်း တရားရုံးကဆုံးဖြတ်ခဲ့တာ’’ လို့ အမှုအကြောင်းသိထားတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးကရှင်းပြပါတယ်။

ငွေကျပ် ၃၁၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၉၀ နီးပါး) တန် နှစ်ဧကနီးပါးကျယ်တဲ့ ခြံနံပါတ် ၅၄ ဟာ ငွေကြေးအားဖြင့်တန်ဖိုးမြင့်သလို နိုင်ငံရေးအရပါ ကြီးမားတဲ့ သင်္ကေတရှိနေတဲ့ အမွေဆိုင်အိမ် ဖြစ်ပါတယ်။

မြန်မာမှာ ဒီလို သမိုင်းကြောင်းနဲ့ နိုင်ငံရေးနောက်ခံရှိတဲ့ အမွေဆိုင်အိမ်အတွက် နိုင်ငံခြားသားဖြစ်သွားတဲ့ သားသမီးနဲ့ နိုင်ငံသားဖြစ်နေတဲ့ သားသမီးတို့ကြား ကြီးမားတဲ့ ငွေကြေးတန်ဖိုးနဲ့ အမွေခွဲဝေတဲ့ အမှုမျိုးမရှိသလောက်ဖြစ်ပါတယ်။

လေလံဆွဲသူ‌ပေါ်လာရင် ဒါမှမဟုတ် မရှိခဲ့ရင် ဘာဆက်ဖြစ်မလဲ

ခြံနံပါတ် ၅၄ အတွင်းပိုင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ခြံနံပါတ် ၅၄ အတွင်းပိုင်းမြင်ကွင်း

သမိုင်းကြောင်းဆိုင်ရာ တန်ဖိုးဖြတ်မရသလို ကျပ်ဘီလျံ ရာနဲ့ချီတဲ့ ကြမ်းခင်းစျေးဟာ အဲဒီခြံနဲ့ အိမ်ရှိနေတဲ့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ရှိတဲ့ တခြားအကွက်တွေထက် စျေးများနေတဲ့အကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

လေလံကြမ်းခင်းစျေးကို တရားရုံးကဆုံးဖြတ်ခဲ့တဲ့အခါ လက်ရှိပိုင်ဆိုင်သူက စျေးမြှင့်လျှောက်တဲ့နှုန်း၊ တရားနိုင်တဲ့သူက စျေးနှိမ့်လျှောက်တဲ့နှုန်း ဒီလိုစျေးနှစ်မျိုးကြားမှာ တရားသူကြီးက ကာလအခြေအနေနဲ့ ချိန်ဆပြီး ဖြစ်သင့်တဲ့နှုန်းကို သတ်မှတ်ပေးတာလို့ ရှေ့နေတွေကရှင်းပြပါတယ်။

‘’ဒီအိမ်ရဲ့ ကြမ်းခင်းလေလံစျေးက ဦးအောင်ဆန်းဦး တင်ပြတဲ့ တစ်စတုရန်းပေကို ကျပ် ၃၅ သိန်း အတိုင်းဖြစ်လာတာ’’ လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကတော့ တရားရုံးကို စာတစ်စောင်တင်ပြခဲ့ပါတယ်။အဲဒီစာထဲမှာ အခွန်စည်းကြပ်မှုနှုန်းထားနဲ့ ကာလပေါက်စျေးပါရှိပေမဲ့ အမှုသည်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးမှသာ ကြမ်းခင်းစျေးကို တင်ပြနိုင်မယ်လို့ လျှောက်ထားခဲ့တာပါ။

ဒီလို ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေနဲ့အညီ ပြင်ဆင်မိန့် တင်ထားပေမဲ့ "ဒီလေလံအမိန့်ကို ဒေါ်အောင်ဆန်းစုကြည် သိရှိတာ၊ ရှိမရှိ ကို အတိအကျမပြောနိုင်ဘူး" လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒီအမွေဆိုင်ခြံနဲ့ အိမ်ကို လေလံဆွဲဖို့ ကြိုးစားမယ့်သူတွေက ဘယ်သူတွေလဲဆိုတာကိုလည်း ကမ္ဘာရောမြန်မာကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဒါပေမဲ့ ဘယ်သူတွေက တရားရုံးမှာ လေလံဖောင်ဝယ်ကြသလဲဆိုတာကတော့တရားရုံးကလွဲလို့ သိခွင့်မရှိတဲ့ အခြေအနေပါ။ ဒီအိမ်ကို ဝယ်လိုသူတွေရှိသလို ဘယ်သူကဝယ်ရဲမှာလဲ ဆိုတဲ့ယူဆချက်တွေကြား အိမ်ကို လေလံတင်မယ့်နေ့ ၂၀၂၄ ခုနှစ် မတ် ၂၀ ရက်ကတော့ ရောက်ရှိလာပါပြီ။

သတ်မှတ်ကြမ်းခင်းစျေးနဲ့ လေလံဆွဲတဲ့သူပေါ်လာခဲ့ရင်တော့ လေလံအောင်သူဟာ ၁၅ ရက်အတွင်း တန်ဖိုးရဲ့ လေးပုံ တစ်ပုံကို ကနဦးပေးသွင်းတာ ဒါမှမဟုတ် အပြည့်ပေးသွင်းတာ လုပ်ရမှာဖြစ်ပါတယ်။

လေလံတင်တဲ့နေ့မှာ လေလံဆွဲမယ့်သူမရှိခဲ့ရင်တော့ လေလံကြမ်းခင်းစျေးကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ သတ်မှတ်တဲ့ကြမ်းခင်းစျေးနဲ့ လေလံဆွဲမယ့်သူမရှိတာ၊ ‌လေလံမအောင်တာဆိုရင် နောက်တစ်လမှာ ကြမ်းခင်းစျေးကို ပြင်ဆင်ဖို့ နှစ်ဖက်ရှေ့နေတွေက ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး အဲဒီစျေးနှုန်းနဲ့ ကြမ်းခင်းစျေး ပြင်ဆင်သတ်မှတ်တဲ့အမိန့်ကိုတရားသူကြီးက ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။

‘’စျေးချတဲ့အခါမှာ တန်ဖိုးကို တဖြည်းဖြည်း ချရတယ်။ တချို့အမွေဆိုင်တွေဆိုရင် လေလံစျေးမအောင်လို့ ၁၀ စုနှစ်ချီကြာတတ်ပြီး ဝယ်ယူသူပေါ်မှ လေလံအထမြောက်ကြတာရှိတယ်’’ လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘာဆက်လုပ်ခွင့်ရှိလဲ

၂၀၀၀ ခုနှစ်ကာလတွေက လမ်းပိတ်တားဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိတဲ့ တက္ကသိုလ်ရိပ်သာလမ်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၀၀ ခုနှစ်ကာလတွေက လမ်းပိတ်တားဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိတဲ့ တက္ကသိုလ်ရိပ်သာလမ်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဒီလေလံအမိန့်ကို ပြင်ဆင်ဖို့ မတ်လ ၅ ရက်နေ့တုန်းက ရန်ကုန်တိုင်းတရားလွှတ်တော်ကို တရားမမှုပြင်ဆင်ချက်တင်ထားပါတယ်။

တင်ထားတဲ့အချက်တွေထဲမှာ နေအိမ်နဲ့ခြံကို လေလံအမိန့်သတ်မှတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြမ်းခင်း‌စျေးတင်ပြရမှာဖြစ်ပေမဲ့ တင်ပြခွင့်မရခဲ့တာ၊ အမှုနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကိုပေးဖို့မှာလည်း အမှုသည်တစ်ဦးအနေနဲ့ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်မရတဲ့အခြေအနေမှာ တရားရုံးကလေလံတင်မယ့်စျေးကို သတ်မှတ်ခဲ့တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီလေလံအမိန့်ကိုပြင်ဖို့ ပြင်ဆင်ချက် လျှောက်ထားတာ ဖြစ်ပါတယ်။

ဥပဒေအရ တရားပြိုင်က အမွေခွဲဝေခွင့်ရသွားတဲ့အတွက် တရားရှုံး ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် သူ့ကို ချစ်ခင်လေးစားသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ "ဦးစွာဝယ်ပိုင်ခွင့်" ဆိုတဲ့ အခွင့်အရေးအရ ဒီခြံနဲ့ အိမ်ကို ပြန်ဝယ်ခွင့်ရှိပါတယ်။

ဒါ့အပြင် တစ်ယောက်ယောက်က လေလံအောင်သွားခဲ့တယ်ဆိုရင်တောင် အဲဒီ လေလံအောင်ထားတဲ့ ရက်ပေါင်း ၃၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးစွာဝယ်ယူပိုင်ခွင့်အခွင့်အရေးနဲ့အညီ တရားမကျင့်ထုံး အမိန့် ၂၁ နည်း ၈၉ အရ လေလံတင်ရောင်းချခြင်းကို ပယ်ဖျက်ပေးဖို့ လေလံစီမံခန့်ခွဲတဲ့ (bailiff) ဘိလစ်တရားရုံးအရာရှိကတဆင့် လျှောက်ထားနိုင်ပါသေးတယ်။

‘’ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့် တဝက်တန်ဖိုးကိုထုတ်နုတ်ပြီး ကျန်တဲ့ တဝက်ရဲ့ တန်ဖိုးကို ဦးအောင်ဆန်းဦးကို ပေးချေလိုက်ရင်လည်း ပြန်လည်ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရှိပါတယ်’’ လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ရှင်းပြပါတယ်။

ဒါအပြင် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက လေလံပစ်တာကို ရပ်ဆိုင်းပေးထားဖို့ဆိုတာမျိုးကိုလည်း တရားရုံးရဲ့ လေလံစီမံအရာရှိ (ဘိလစ်) ကတဆင့် လျှောက်ထားနိုင်ပါသေးတယ်။

‘’ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေက တရားမပြင်ဆင်မှုတင်သွင်းထားပါတယ်။ အပြီးသတ်အမိန့်မချသေးခင်မှာ ဒီဂရီကို အတည်ပြုခြင်း၊ တနည်းအားဖြင့် လေလံပစ်ခြင်းအားဖြင့် တရားရှုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကုစားမရနိုင်တဲ့ နစ်နာဆုံးရှုံးမှုတွေပေါ်ပေါက်လာနိုင်ပါတယ်။ အဲဒါကြောင့် တရားမပြင်ဆင်မှု အပြီးသတ်မချသေးခင်အချိန်မှာ လေလံပစ်တာကို ရပ်ဆိုင်းထားဖို့ဆိုပြီး လျှောက်လို့ရတယ်’’ လို့ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဥပဒေကြောင်းကို ရှင်းပြပါတယ်။

ဘိလစ်ရဲ့ တင်ပြချက်အပေါ်မှာ သက်ဆိုင်ရာတရားသူကြီးက ရပ်ဆိုင်းထားပါဆိုတဲ့ အမိန့်ရှိလာတယ်ဆိုရင်လည်း လေလံပစ်တာရပ်ဆိုင်းနိုင်တယ်လို့ သူကဆက်ရှင်းပြပါတယ်။

အဲဒီလေလံအမှုကို ကမာရွတ်ခရိုင်တရားရုံးမှာကြားနာခဲ့ချိန်တုန်းက တရားပြိုင်ဦးအောင်ဆန်းဦးက တရားခွင်ကို ၃ ကြိမ်ထက်မနည်းတက်ရောက်ခဲ့တယ်လို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။

‘’ဘယ်လိုလုပ်ညှိမလဲ။ စုကြည်က အကုန်လုံးလိုချင်ရင်တော့ ကျွန်တော်တို့ပိုင်တဲ့ အခြမ်းကိုဝယ်ပြီးတော့ ကျွန်တော်တို့ကို အမ်းမလား။ မဟုတ်ရင် ကျွန်တော်တို့မြေကြီးကို အမ်းဖို့ ပိုက်ဆံမရှိတဲ့အတွက် အိမ်မကြီးရှိတယ်။ အိမ်မကြီးအတွက် အမ်းမလား။ အဲဒါမှ ညှိလို့မရဘူးဆိုရင်တော့ အိမ်ရော ခြံရောကို လေလံပစ်ပြီး တစ်ယောက်တဝက်ခွဲမလား။ အကြမ်းအားဖြင့်က ဒါပဲဖြစ်ရမယ်’’ လို့ ၂၀၁၈ ခုနှစ်က ဘီဘီစီနဲ့ အင်တာဗျူးမှာဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းမလားဆိုတဲ့မေးခွန်းအပေါ် ဦးအောင်ဆန်းဦးက ဖြေကြားခဲ့ဖူးပါတယ်။

ခြံနံပါတ် ၅၄ ဟာ ဒေါ်အောင်ဆန်းစုကြည်ဆီ သမ္မတ အိုဘားမား၊ ကုလအထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဟီလာရီကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း စတဲ့ ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်တွေ လာရောက်ခဲ့တဲ့၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် သမိုင်း၀င်နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။

ဒီခြံနဲ့ အိမ်ကို ပြတိုက်လို ထိန်းသိမ်းထားစေတဲ့ ဆန္ဒတွေ လူထုအတွင်းရှိတဲ့အပေါ် ဦးအောင်ဆန်းဦးရဲ့ သဘောထားကို ၂၀၁၈ ခုနှစ်က ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။

ဦးအောင်ဆန်းဦးကတော့ ကမ္ဘာပေါ်မှာဒီလိုအိမ်မျိုးအများကြီးရှိပြီး ဥပဒေနဲ့မဆိုင်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ဟာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ခေါင်းချခဲ့တဲ့နေရာဖြစ်သလို မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်တဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးရှိတဲ့ နေအိမ်အကျယ်ချုပ်ကာလကို အဲဒီခြံထဲမှာပဲ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။