ဝေလမင်းသမီး ကိတ် မစ်ဒယ်တန်

ဝေလမင်းသမီး ကိတ်မစ်ဒယ်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝေလမင်းသမီး ကိတ်မစ်ဒယ်တန်

ဗြိတိသျှ ဝေလမင်းသမီး ကက်သရင်းက ဆေးစစ်ခဲ့မှုတွေအတွင်း သူ့မှာ ကင်ဆာရောဂါရှိနေကြောင်း သိခဲ့အပြီး အခုအခါ ကနဦးအဆင့် ကင်ဆာကုသမှု ခံယူနေတယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

မင်းသမီး ကက်သရင်းက ပြီးခဲ့တဲ့ နှစ်လအချိန်ဟာ အတော်လေးကို ခက်ခဲတဲ့လတွေ ဖြစ်ခဲ့ပြီး ထိတ်လန့်တုန်လှုပ်စရာကြီးတစ်ခု ဖြစ်ခဲ့ရတယ်လို့ ဗီဒီယိုကနေတဆင့် ပြောကြားခဲ့ပါတယ်။

ဗြိတိန်တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံ မင်းသားဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကိတ်ရဲ့ သာမန်အရပ်သူဘဝဖြတ်သန်းခဲ့မှုတွေတဲ့အကြောင်းကလည်း ကမ္ဘာတဝန်းစိတ်ဝင်တစားရှိကြပါတယ်။

ဝေလမင်းသမီးဟာ သာမန်အရပ်သူတစ်ဦးဘဝကနေ ဗြိတိန်တော်ဝင်မိသားစုထဲက အရေးပါထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာသူတစ်ဦး ဖြစ်ခဲ့ပါတယ်။

စိန့်အင်ဒရူးစ်တက္ကသိုလ်မှာ ကျောင်းတက်ချိန် တခြားသူငယ်ချင်းတွေနဲ့စုဖွဲ့ ငှားရမ်းနေတဲ့ အဆောင်အတူနေ သူငယ်ချင်းအဖြစ်ကနေ သူနဲ့ မင်းသားဝီလျံတို့ ၂၀၀၁ ခုနှစ်မှာ ချစ်သူစုံတွဲဖြစ်လာခဲ့ပါတယ်။ စကော့တလန်မှာရှိတဲ့ ယူကေရဲ့ နာမည်အကြီးဆုံး ကျောင်းကြီးတစ်ခုဖြစ်တဲ့ စိန့်အင်ဒရူးစ်တက္ကသိုလ်မှာ ကိတ်က အနုပညာသမိုင်း အဓိကနဲ့ သင်ယူခဲ့ပါတယ်။

သမီးရည်းစားသက်တမ်း ၁၀ နှစ်အကြာ ၂၀၁၁ ခုနှစ်၊ ဧပြီလမှာ သူတို့နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားကို ဝက်စ်မင်စတာ ဘုရားကျောင်းတော်ကြီးမှာ နန်းစဥ်နန်းဆက် ရိုးရာ မင်္ဂလာပွဲအတိုင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ သူတို့ရဲ့ တော်ဝင်မင်္ဂလာပွဲကို ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာက ရုပ်မြင်သံကြားကနေ ကြည့်ရှုခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာတော့ သူတို့ဇနီးမောင်နှံမှာ သားဦးလေး ကိုယ်ဝန်ရှိနေကြောင်း ကြေညာခဲ့ပါတယ်။ ဂျော့ မင်းသားကို ဖွားမြင်ပြီးတဲ့နောက်မှာတော့ နှမတော် ရှားလော့မင်းသမီးနဲ့ ညီတော် လူဝီ မင်းသားတို့ဟာ မင်းသားဝီလျံနဲ့ ကိတ်တို့အတွက် နောက်ထပ်တော်ဝင်မျိုးနွယ် သားသမီးရတနာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေက မင်းသားဝီလျံက ကိန်းဘရစ်ချ်မြို့စားနဲ့ ကိတ်က မြို့စားကတော်တို့ဖြစ်ပါတယ်။ ကိတ်အတွက် အရင်က မကြုံခဲ့ဖူးတဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံစားလာရချိန်ပါ။

တော်ဝင်မျိုးနွယ်ဖြစ်သွားတဲ့ လူချစ်လူခင်များသူ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိတ်လို့ခေါ်ကြတဲ့ ကက်သရင်း မစ်ဒယ်လ်တန်ကို ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

အင်္ဂလန်ပြည် အရှေ့တောင်ပိုင်း ဘာ့က်ရှိုင်းယားဒေသက ဘတ်ကယ်ဘယ်ရီရွာမှာ လူလတ်တန်းစား မိဘနှစ်ဦးဖြစ်တဲ့ မိုက်ကယ်မစ်ဒယ်လ်တန်နဲ့ ကာရိုလိုင်းမစ်ဒယ်လ်တန်က မွေးဖွားခဲ့တာပါ။ သူ့ဇာတိ ဘာ့က်ရှိုင်းယားကတော့ တော်ဝင်မိသားစုရဲ့ စံအိမ် ဝင်ဆာနန်းတော်ကြီးကြောင့် ထင်ရှားပါတယ်။

သူ့မိဘတွေဖြစ်တဲ့ မိုက်ကယ်နဲ့ ကာရိုလိုင်းက အိမ်ဘေးက ဂိုဒေါင်ထဲမှာ အလုပ်ရုံဖွင့်ပြီး ကလေးကစားစရာအရုပ်တွေနဲ့ ဂိမ်းတွေကို မှာယူသူတွေကို စာတိုက်က ပို့ပေးတဲ့လုပ်ငန်းလုပ်ကြပါတယ်။

သားသမီး သုံးဦးထဲမှာ ကိတ်က အကြီးဆုံးသမီးဖြစ်ပါတယ်။ လူချမ်းသာတွေတက်တဲ့ မားလ်ဘာရားကောလိပ်မှာ ပညာသင်ခဲ့ပြီး လူချစ်လူခင်များသူတယောက်ဖြစ်သလို ဉာဏ်ကောင်းပြီး စွယ်စုံအရည်အချင်းရှိသူ၊ တီထွင်ဖန်တီးတတ်ပြီး အားကစားမှာလည်း ထူးချွန်သူလို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ကိတ်ဟာ ကျောင်းဟော်ကီအသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။

မင်းသမီးရဲ့ ညီမ ပစ်ပါဟာ ကိတ်ရဲ့ တော်ဝင်မင်္ဂလာပွဲမှာ တော်ဝင် မင်္ဂလာပွဲရဲ့ အပျိုရံအဖြစ်လုပ်ခဲ့ပြီးတဲ့နောက် သူလည်း ထင်ရှားလာပါတယ်။ ပစ်ပါက ပါတီပွဲတွေဘယ်လို စီစဥ်ရတယ်ဆိုတဲ့အကြောင်း စာအုပ်ရေးပြီး ထုတ်ခဲ့သလို မဂ္ဂဇင်းတွေမှာလည်းရေးသားနေပါတယ်။

တကယ်တော့ ကိတ် ကိုယ်တိုင်လည်း ပါတီပွဲ အမျိုးမျိုးအတွက် ပစ္စည်းတွေ အွန်လိုင်းက ရောင်းချပေးတဲ့ သူ့မိသားစုရဲ့ Party Pieces ဆိုတဲ့ လုပ်ငန်းမှာ ဝင်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

ကိတ်ရဲ့ မောင်လေး ဂျိမ်းကတော့ ကုမ္ပဏီအမျိုးမျိုးထောင်လို့ စီးပွားရေးလုပ်ခဲ့သူဖြစ်ပြီး marshmallows လို အချိုတည်းသရေစာမုန့်တွေကို မှာယူသူစိတ်ကြိုက် ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဦးဆောင်သူလည်းဖြစ်ပါတယ်။

စိန့်အင်ဒရူးစ် တက္ကသိုလ်မှာ ဘွဲယူခဲ့ချိန်က ကိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စိန့်အင်ဒရူးစ် တက္ကသိုလ်မှာ ဘွဲယူခဲ့ချိန်က ကိတ်

စိန့်အင်ဒရူးစ် တက္ကသိုလ်မှာတွေ့ဆုံခဲ့ကြပြီး မေတ္တာသက်ဝင်ခဲ့ကြတဲ့နောက်မှာတော့ သူတို့နှစ်ဦးရဲ့ ပိတ်ရက်တွေကို ဘယ်မိုရယ်စံအိမ်ထဲက တော်ဝင်မိသားစုဝင်တွေအတွက် သီးသန့်စံမြန်းအပန်းဖြေကြတဲ့ နေရာမှာ ဖြတ်သန်းကြချိန်မှာ ဒီငယ်ရွယ်ပျိုမျစ်တဲ့ စုံတွဲဟာ လူတွေရဲ့ အာရုံစိုက်ခြင်းခံရပြီး ထင်ထင်ရှားရှားဖြစ်လာပါတယ်။

မင်းသားဝီလျံဟာ ကျောင်းသားဘဝက နန်းတော်နဲ့ မီဒီယာတွေကြား သဘောတူညီချက်တစ်ခုနဲ့ သူရဲ့ ကိုယ်ပိုင်ဘဝဖြတ်သန်းမှုကို မီဒီယာတွေမှာ ဖော်ပြတာမရှိခဲ့လို့ အချိန်ကာလတစ်ခုကို ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိရှိ ဖြတ်သန်းခဲ့နိုင်ပါတယ်။

ဒါပေမဲ့ မီဒီယာတွေရဲ့ ဆိတ်ဆိတ်နေမှုက တာရှည်မခံခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံက စကီးနှင်းလျှောစီး အပန်းဖြေစခန်းမှာ ကိတ်ကို မင်းသားဝီလျံနဲ့ အတူတွဲပြီး တွေ့ခဲ့ရပြီးတဲ့နောက် သူတို့ရဲ့ အချစ်ဇာတ်လမ်းကို မီဒီယာတွေက ပိုပြီး အာရုံစိုက်လာကြပါတယ်။

ကိုယ်ပိုင်အားလပ်ရက်အဖြစ် မင်းသား ဝီလျံရဲ့ နန်းတော်က တာဝန်ရှိသူတွေက တိတ်တိတ်ဆိတ်ဆိတ်နေနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့ ဓာတ်ပုံတွေက သတင်းစာတွေထဲ ပါလာခဲ့ပါတယ်။

သာမန်အရပ်သူ ကိတ်ဘဝနဲ့ ဘွဲ့ရပြီးတဲ့အချိန် လန်ဒန်ပြောင်းလာပြီး အမျိုးသမီး အသုံးအဆောင်တွေ ဖက်ရှင်တွေ ရောင်းတဲ့ Jigsaw စတိုးဆိုင်ကြီးမှာ အဝယ်တော် လုပ်ခဲ့ချိန်မှာလည်း သတင်းစာတွေရဲ့ အာရုံစိုက်ခံခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှာ လန်ဒန်က ဘတ်စ်ကားပေါ်မှာရှိနေတဲ့ကိတ်က ကားပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်နေတဲ့ဓာတ်ပုံ သတင်းစာတစ်စောင်မှာ ပါလာပြီးတဲ့နောက်မှာတော့ ကိတ်ရဲ့ ရှေ့နေက သတင်းစာ၊ မဂ္ဂဇင်းနဲ့ အယ်ဒီတာတွေဆီကို စာရေးပြီး လူပုဂ္ဂိုလ်တစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကိုလေးစားဖို့ တောင်းဆိုခဲ့ပါတယ်။

သူတို့နှစ်ဦး စုံမက်နေပြီဆိုတဲ့အကြောင်း ၂၀၁၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP / Getty Images

ဓာတ်ပုံ ပုံစာ, သူတို့နှစ်ဦး စုံမက်နေပြီဆိုတဲ့အကြောင်း ၂၀၁၀ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းပြီးကတည်းက ဓာတ်ပုံဆရာတွေက ကိတ်နောက်ကို နေ့ရောညရောလိုက်ပြီး ဓာတ်ပုံရဖို့ ကြိုးစားကြပါတယ်။

သာမန်အရပ်သူလေး ဘဝကနေ တော်ဝင်မိသားစုဝင်ဖြစ်လာတော့မယ် ကိတ်ကို မီဒီယာတွေက နောက်က အမြဲလိုက်နေတဲ့အတွက် လွတ်လပ်မှုတွေ ဆုံးရှုံးရတာကိုတွက်ဆပြီး ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကိတ်အတွက် တော်ဝင်လုံခြုံရေးပေးဖို့ အစီအစဥ် ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ ကိတ်နဲ့ သူ့မိခင်တို့ သတင်းခေါင်းစီးမှာ ထပ်ပါလာပြန်ပါတယ်။ ဆင်းဟတ်စစ်တက္ကသိုလ်ကနေ ဝီလျံမင်းသား ကျောင်းဆင်းပြီး အရာရှိအဖြစ် ခန့်အပ်ခံရတဲ့ပွဲကို ကိတ်နဲ့ သူ့မိခင်တို့ လာတက်ခဲ့ကြတာတွေ့ရပြီးတဲ့အခါမှာတော့ သူတို့ နှစ်ယောက် တကယ်တမ်း တွဲနေကြပြီလို့ အားလုံးက ယုံကြည်လက်ခံသွားကြပါတယ်။

ဘုရင်မကြီးနဲ့ အခြား အကြီးတန်းတော်ဝင်မိသားစုတွေ တက်ရောက်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ကိတ်ကို ပထမဆုံးအကြိမ် အတူမြင်တွေ့ခဲ့ရတာက ထူးခြားထင်ရှားခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေရဲ့ ဖိအားကြားက ကိတ်

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ကိတ်ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ ကိတ်တစ်ယောက် စေ့စပ်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းက မီဒီယာတွေမှာ စိတ်ဝင်စားမှုအထွတ်အထိပ်ရောက်ခဲ့ပြီး ချယ်ဆီးရပ်ကွက်မှာရှိတဲ့ ကိတ်ရဲ့ အိမ်အပြင်မှာ လာစောင့်ဆိုင်းနေကြပါတယ်။

ဒီလိုအဖြစ်တွေကြောင့်ပဲ ဝီလျံမင်းသားရဲ့ မယ်တော် ဒိုင်ယာနာလို ပါပါရာဇီတွေရဲ့ လက်ကလွတ်ဖို့ ရှောင်ရှားရင်း ပဲရစ်မှာ ကားတိုက်မှုနဲ့ အသက်သေဆုံးရတဲ့အထိ ဖြစ်ခဲ့ရတာကိုလည်း နှိုင်းယှဥ်ပြောလာကြပါတယ်။

အဲဒီအချိန်က မင်းသား ဝီလျံနဲ့ ခမည်းတော် ချားလ်စ်မင်းသားတို့က ကိတ်ကို မနှောက်ယှက်ဖို့ မေတ္တာရပ်ခံခဲ့ပြီး တချို့ မီဒီယာတွေကလည်း ပါပါရာဇီတွေပို့ပေးတဲ့ ကိတ်ရဲ့ ဓာတ်ပုံတွေ သုံးတာကို ဆက်မလုပ်ဖို့ သဘောတူခဲ့ပါတယ်။

မီဒီယာတွေရဲ့ ဖိအားတွေနဲ့ စိတ်ဖိစီးစရာတွေကပဲ ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ ကိတ်နဲ့ ဝီလျံတို့ ခွဲခွာခဲ့ကြရတဲ့အခြေအနေကို ရောက်သွားစေခဲ့ပါတယ်။ ဒီအကြောင်းကို နှစ်ယောက်စလုံးကတော့ တရားဝင် ထုတ်ပြောခဲ့တာ မရှိပါဘူး။

ဝက်စ်မင်စတာ ဘုရားကျောင်းတော်ကြီးမှာ ၂၀၁၁ ခုနှစ်လက်ထပ်ချိန်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဝက်စ်မင်စတာ ဘုရားကျောင်းတော်ကြီးမှာ ၂၀၁၁ ခုနှစ်လက်ထပ်ချိန်

၂၀၀၇ ခုနှစ် ဝင်ဘလေကွင်းကြီးမှာလုပ်ခဲ့တဲ့ ဒိုင်ယာနာအမှတ်တရ ဖျော်ဖြေပွဲမှာ သူတို့နှစ်ဦးကို တွဲလျက်ပြန်တွေ့ရပေမဲ့ ''သူငယ်ချင်းကောင်းတွေအဖြစ်ပဲရှိနေတယ်'' လို့ ဆိုပြီး ပြန်လည်ပေါင်းစည်းနေပြီဆိုတဲ့ သတင်းတွေကိုငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ကို လူအများရှေ့မှာ အကြိမ်ပေါင်းများစွာ အတူတွဲပြီး မြင်တွေ့ခဲ့ရပါတယ်။

၂၀၀၈ ခုနှစ် ဧပြီမှာ မင်းသား ဝီလျံ တော်ဝင်လေတပ်အရာရှိအဖြစ် လေယာဉ်ပျံသန်းခွင့်ရတဲ့ အခမ်းအနားကို ကက်သရင်းလည်းတက်လာခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာထဲမှာ ဝီလျံက သူနဲ့ ကိတ်တို့ စေ့စပ်လိုက်ပါပြီဆိုတာကို တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကိတ်က ''တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာမယ့်အရေးက စိုးရွံ့စရာပါပဲ'' လို့ပြောခဲ့ပါတယ်။

''ကျွန်မတည်တည်ငြိမ်ငြိမ်နဲ့ ဝင်ဆန့်နိုင်မယ်လို့ မျှော်လင့်ပါတယ်'' လို့လည်း ကိတ်က ပြောခဲ့ပါတယ်။

ပရဟိတလုပ်ငန်းတွေကို ထောက်ပံ့ကူညီတတ်သူ

မင်းသမီးဖြစ်လာတဲ့ ကိတ်ဟာ သူ့ရဲ့ ကိုယ်ပိုင် ပရဟိတအဖွဲ့ဖြစ်တဲ့ The Royal Foundation of The Prince and Princess of Wales က တဆင့် ပရဟိတအဖွဲ့များစွာကို ပံ့ပိုးကူညီလှူဒါန်းပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တော်ဝင် ဖောင်ဒေးရှင်းစင်တာရဲ့ အစောပိုင်းကလေးသူငယ်စောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီဖောင်ဒေးရှင်းက အစောပိုင်း ကလေးဘဝ အတွေ့အကြုံတွေရဲ့ အရေးပါမှုကို သတိပြုမိလာစေဖို့ အာရုံစိုက်လုပ်ဆောင်မယ့် ပရဟိတအဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဝေလမင်းသမီးဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ်ကျန်းမာရေး ဆိုင်ရာတွေကို မြှင့်တင်ပေးဖို့ စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ပါတယ်၊

ကလေးဆေးရုံတွေ၊ အနုပညာကျောင်းတွေနဲ့ အမျိုးသားပြတိုက်တွေ၊ အားကစားနဲ့ဆိုင်တဲ့ ထောက်ပံ့ကူညီမှုတွေစတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတွေမှာ အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့ ဦးဆောင် နာယကတစ်ဦးလည်းဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလကတော့ ကိမ်းဘရစ်ချ် မြို့စားကတော်ဟာ မနက်ခင်းမှာ ကိုယ်ဝန်ဆောင်စ မိခင်တွေ ခံစားရတဲ့ ရောဂါလက္ခဏာတွေကိုခံစားနေရပြီး ကိုယ်ဝန်ရှိတယ်လို့ မျှော်လင့်ရကြောင်း စိန့်ဂျိမ်းစ်နန်းတော်ကနေ ကြေညာခဲ့ပါတယ်။

မြို့စားကတော်ဟာ ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာကြောင့် ဆေးရုံမှာ ရက်အနည်းငယ်တက်ခဲ့ရပါတယ်။

မြို့စားနဲ့ မြို့စားကတော် တို့ရဲ့ သားဦးလေး ဂျော့ချ်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, မြို့စားနဲ့ မြို့စားကတော် တို့ရဲ့ သားဦးလေးဂျော့ချ်

ကိန်းဘရစ်ချ် မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်ဟာ တော်ဝင်နန်းလျာသားတော်လေး မင်းသား ဂျော့ချ် ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာ လန်ဒန်က စိန့်မေရီဆေးရုံမှာ အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း ကန်ဆင်တန်နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သားတော်လေးဟာ ရှစ်ပေါင်နဲ့ ခြောက်အောင်စရှိပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၄ မိနစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စိန့်မေရီဆေးရုံဟာ မင်းသားဝီလျံနဲ့ ညီတော်မင်းသား ဟယ်ရီတို့ကို မွေးဖွားခဲ့တဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။

တော်ဝင်စုံတွဲဟာ လက်ထပ်ထိမ်းမြားပြီးတဲ့နောက် သူတို့ရဲ့ အိမ်ထောင်သည်ဘဝ အစောပိုင်းနှစ်တချို့ကို မြောက်ဘက် ဝေလပြည်နယ်က အန်ဂယ်ဆီးကျွန်းမှာ နေခဲ့ကြပါတယ်။ အဲဒီမှာ ဝီလျံက ဗြိတိန်လေတပ်ရဲ့ RAF Valley ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ မြို့စားမင်းသား စစ်တပ်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာပြီးနောက်မှာ သူတို့လန်ဒန် ကန်ဆင်တန်နန်းတော်က ပြန်လည်ပြင်ဆင်ထားတဲ့ အိမ်ခန်းမှာ နေခဲ့ပါတယ်။

ဘုရင်မကြီးရဲ့ ဆန်ဒရင်ဂမ်စံအိမ်တော်ဝင်းထဲမှာလည်း သူတို့ရဲ့ အန်မာအဆောင်လို့ခေါ်တဲ့ အိမ်တစ်လုံး ရှိပါတယ်။

အဲဒီနောက် မင်းသားဝီလျံဟာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ East Anglian Air Ambulance မှာ လေကြောင်းလူနာတင်ယာဉ် ပိုင်းလော့တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

မင်းသားငယ်လေး လူဝီရောက်မလာခင် တော်ဝင် မိသားစု လေးဦးရဲ့ ပုံရိပ်များ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, မင်းသားငယ်လေး လူဝီရောက်မလာခင် တော်ဝင် မိသားစု လေးဦးရဲ့ ပုံရိပ်များ

မင်းသမီးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဒုတိယကိုယ်ဝန်ဆောင်ထားကြောင်း ကြေညာခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ကိုယ်ဝန်အဆိပ်သင့်ရောဂါလက္ခဏာ ဝေဒနာကို ထပ်ခံစားခဲ့ရပါတယ်။

မင်းသမီး ရှားလော့ အဲလစ်ဇဘက် ဒိုင်ယာနာကို ၂၀၁၅ ခုနှစ် မေလ ၂ ရက် မနက် ၈ နာရီ ၃၄ မိနစ်အချိန်မှာ ဖွားမြင်ပြီး ကိုယ်အလေးချိန်က ၈ ပေါင်နဲ့ ၅ အောင်စ ရှိပါတယ်။

မင်းသမီးလေးရဲ့ ဓာတ်ပုံတွေကတော့ တစ်ခါတလေမှ ထုတ်ပြန်ပေးလို့ သူ့ကို တွေ့ရခဲပါတယ်။ နန်းတော်က ထုတ်ပြန်တဲ့ ပုံတစ်ပုံမှာတော့ အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ နှစ် ၉၀ ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့က ဘွားတော်ကြီးရဲ့ ပေါင်ပေါ်မှာ ထိုင်နေတာကိုတွေ့ကြရပါတယ်။

တတိယမြောက် သားတော် လူဝီကို လန်ဒန် မြို့လယ်မှာ ရှိတဲ့ စိန့်မေရီ ဆေးရုံမှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၃ ရက် ဒေသ စံတော်ချိန် ၁၁ နာရီ ၁ မိနစ်မှာ မွေးဖွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလမှာတော့ မင်းသားနဲ့ မင်းသမီးတို့ဟာ အိန္ဒိယနဲ့ ဘူတန်ကို ခုနစ်ရက်ကြာ ပြည်ပ အလုပ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ခရီးစဉ်မှာ တာ့ချ်မဟာ ကိုသွားရောက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နှစ်က မင်းသားဝီလျံရဲ့မယ်တော် ဒိုင်ယာနာ ဓာတ်ပုံရိုက်ခဲ့တဲ့ ခုံတန်းရှည်ပေါ်မှာ မြို့စားနဲ့ မြို့စားကတော်ကလည်း ပြန်ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

တာ့ချ်မဟာရှေ့က မြို့စားနဲ့ မြို့စားကတော်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, တာ့ချ်မဟာရှေ့က မြို့စားနဲ့ မြို့စားကတော်

မြို့စားနဲ့မြို့စားကတော်တို့ဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း မြောက်အမေရိကနဲ့ ကနေဒါနိုင်ငံတွေကို အလုပ်ခရီးစဥ် သွားရောက်ခဲ့ပြီး ဘုရင်မကြီးရဲ့ သက်တော် စိန်ရတုအထိမ်းအမှတ်အဖြစ် ၂၀၁၂ က အရှေ့တောင်အာရှကို သွားရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းကိုလည်း သွားရောက်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ သူတို့နှစ်ဦးလက်ထပ်ထိမ်းမြားပြီးကတည်းက ပထမဆုံးနိုင်ငံတော်အဆင့် ညစာစားပွဲ အခမ်းအနားကို တက်ခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကို အဲလီဇဘက်ဘုရင်မကြီးက ဘာကင်ဟမ်နန်းတော်မှာ ဧည့်ခံတဲ့ အခမ်းအနားပါ။

မင်းသားဝီလျံနဲ့ မင်းသမီးကိတ်တို့ဟာ မင်းသား ဟယ်ရီနဲ့ အတူ အမေရိကန်သမ္မတ ဘားရက်အိုဘာမားနဲ့ သမ္မတကတော် မီရှဲတို့ရဲ့ ၂၀၁၆ ခုနှစ် ဗြိတိန်ခရီးစဥ်ကိုလည်း ပူးတွဲဧည့်ခံခဲ့ပါတယ်။

ဝေလမင်းသမီးနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဝေလမင်းသမီးနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်

မင်းသမီးဟာ ရေငုပ်တာကိုလည်းစိတ်ဝင်စားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ ရေငုပ်ကျွမ်းကျင်သူ ဖြစ်လာခဲ့ပါတယ်။ ဓာတ်ပုံရိုက်တာကိုလည်း လေ့လာခဲ့ပြီး သူကိုယ်တိုင်ရိုက်ထားတဲ့ သမီးတော် မင်းသမီး ရှားလေ့ာရဲ့ ဓာတ်ပုံတွေကိုလည်း ခြောက်လပြည့်မွေးနေ့မှာ ပထမဆုံးထုတ်ပြန်ခဲ့ပါတယ်။

မင်းသမီး ကိတ်ဟာ ၂၀၁၆ ခုနှစ် ဇွန်လထုတ် British Vogue မဂ္ဂဇင်းမှာလည်း မျက်နှာဖုံးသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

မင်းသမီး ကိတ်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အဲလစ်ဇဘက်ဘုရင်မကြီးနတ်ရွာစံခဲ့တဲ့နောက်မှာ မင်းသားဝီလျံအတွက် ကြီးမားသောအထောက်အပံ့ပေးသူဖြစ်လာပါတယ်။

အဖွားဖြစ်သူနတ်ရွာစံပြီးတဲ့နောက်မှာ ထုတ်ပြန်ခဲ့တဲ့ မင်းသားဝီလျံရဲ့ ပထမဆုံးထုတ်ပြန်ချက်မှာ ဝေလမင်းသားဟာ ဘွားတော်ဘုရင်မကြီးက မင်းသမီး ကိတ်အပေါ် "လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီမှု" ပေးခဲ့တဲ့ အကြောင်းကို ထည့်သွင်းပြောခဲ့ပါတယ်။

မင်းသမီး ကက်သရင်းဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက ဝမ်းဗိုက်ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ပြီး ဆေးရုံကို ၁၃ ရက်တက်ခဲ့ရပါတယ်။

ကန်ဆင်တန် နန်းတော်က အခုခွဲစိတ်မှုဟာ ကြိုတင်စီစဥ်ပြီးလုပ်ခဲ့တာဖြစ်ပြီး အောင်မြင်တယ်လို့ ပြောပေမဲ့ မင်းသမီး ကက်သရင်းဟာ တော်ဝင်မိသားစုရဲ့ တာဝန်တွေကိုတော့ ပြန်လည်ထမ်းဆောင်လာတာ မတွေ့ခဲ့ရပါဘူး။

၂၀၂၄ မတ် ၂၂ ရက်မှာတော့ ဝေလမင်းသမီး ကက်သရင်းက ဆေးစစ်ခဲ့မှုတွေအတွင်း သူ့မှာ ကင်ဆာရောဂါရှိနေကြောင်း သိခဲ့အပြီး အခုအခါ ကနဦးအဆင့် ကင်ဆာကုသမှု ခံယူနေတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

မင်းသမီးဟာ ကင်ဆာရောဂါကို ကာကွယ်ဖို့ ကီမို ဓာတုကုထုံးနဲ့ ကုသနေတယ်လို့လည်းဆိုပါတယ်။