မော်စကို ဂီတခန်းမ ပစ်ခတ်မှု

တိုက်ခိုက်သူတွေကို ခြေရာခံဖို့ အထူးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်သူတွေကို ခြေရာခံဖို့ အထူးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေပြီလို့ ရုရှားအမျိုးသားအစောင့်တပ်ကပြောပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့က ဂီတခန်းမတစ်ခုထဲ သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်လို့ လူ ၄၀ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရုရှားလုံခြုံရေးဌာနတွေက ပြောပါတယ်။

မော်စကိုမြို့ ဆင်ခြေဖုံးက ခရိုးကပ်စ်မြို့တော်ခန်းမမှာအခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ အနည်းဆုံးလူလေးဦးက တိုက်ခိုက်ခဲ့တာလို့ ဘီဘီစီက အတည်ပြုထားတဲ့ ဗီဒီယိုတွေအရ သိရပါတယ်။

မြို့တော်ခန်းမမှာ ရော့ခ်ဂီတပွဲတော်ကျင်းပခါနီးမှာ သေနတ်သမားတွေ ခန်းမထဲကို ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အဆောက်အအုံတစ်ခုလုံးနီးပါး မီးစွဲလောင်ပြီး ခေါင်မိုးတစိတ်တပိုင်းလည်း ပြိုကျခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးတွေလည်းပါဝင်တယ်လို့ သိရပြီး ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချထားပါတယ်။

ရော့ခ်ဂီတပွဲတော်ကျင်းပခါနီးမှာ သေနတ်သမားတွေ ခန်းမထဲကို ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရော့ခ်ဂီတပွဲတော်ကျင်းပခါနီးမှာ သေနတ်သမားတွေ ခန်းမထဲကို ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

စစ်သွေးကြွအဖွဲ့ အိုင်အက်စ်က တိုက်ခိုက်မှုကိုပြုလုပ်ခဲ့တာ ဆိုပြီး အွန်လိုင်းမှာ အတည်မပြုနိုင်သေးတဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။

အိုင်အက်စ်ဟာ ရုရှားကို တိုက်ခိုက်ချင်နေတယ်လို့ သတင်းရထားတဲ့အကြောင်း ဘီဘီစီရဲ့မိတ်ဖက်သတင်းဌာနဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု စီဘီအက်စ်သတင်းဌာနကို အမေရိကန်အစိုးရအရာရှိတွေက ပြောခဲ့ပါတယ်။

တိုက်ခိုက်သူတွေကို ခြေရာခံဖို့ အထူးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေပြီလို့ ရုရှားအမျိုးသားအစောင့်တပ်ကပြောပါတယ်။

အစွန်းရောက်တွေဟာ မော်စကိုက စုဝေးမှုကြီးတွေကို ပစ်မှတ်ထားမယ်ဆိုတဲ့ အစီအစဉ်တွေရှိနေတာမို့ အမေရိကန်နိုင်ငံသားတွေ လူစုလူဝေးကိုရှောင်ကြဉ်ဖို့ အမေရိကန်သံရုံးက လွန်ခဲ့တဲ့ နှစ်ပတ်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားရာနေရာတစ်ဝိုက်ကို အမေရိကန်နိုင်ငံသားတွေ ရှောင်ရှားဖို့ကိုလည်း သံရုံးက မတ် ၂၂ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဂီတပွဲကို ရုရှားနိုင်ငံသား ၆၀၀၀ ကျော် သွားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂီတပွဲကို ရုရှားနိုင်ငံသား ၆၀၀၀ ကျော် သွားခဲ့ကြပါတယ်။

ရော့ခ်ဂီတအဖွဲ့ Picnic ဖျော်ဖြေမယ့် ဂီတပွဲအတွက် ရုရှားနိုင်ငံသား ၆၀၀၀ ကျော်ဟာ ခရိုးကပ်စ်စီးတီးဟောဂီတခန်းမကို သွားခဲ့ကြပါတယ်။

ဂီတအဖွဲ့ စင်ပေါ်တက်ခါနီးလေးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ ဂီတအဖွဲ့ဝင်တစ်ဦးတစ်ယောက်မှတော့ ဒဏ်ရာမရခဲ့ပါဘူး။

လုံခြုံရေးတစ်ဦးကလည်း လက်နက်အပြည့်အစုံပါတဲ့ တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

‘’တခြားလုံခြုံရေးဝန်ထမ်းသုံးယောက်ရှိတယ်။ သူတို့လည်း ကြော်ငြာဆိုင်းဘုတ်နောက်မှာ ပုန်းနေကြတယ်၊ တိုက်ခိုက်ရေးသမားတွေက ကျွန်တော်တို့နဲ့ ၁၀ မီတာ(ပေ ၃၀) အကွာလောက်ကနေ ဖြတ်သွားပြီး မြေညီထပ်က လူတွေအကုန်လုံးကို မည်းမည်းမြင်ရာပစ်တော့တာပဲ’’ လို့ သူက ရုရှားတယ်လီဂရမ်ချန်နယ် Baza ကိုပြောပါတယ်။

ပစ်ခတ်သံတွေကြားပြီးနောက်မှာ ပရိသတ်က ထိုင်ခုံဘက်ကနေ စင်မြင့်ဘက်ကို ပြေးသွားကြတယ်လို့ အခင်းဖြစ်ပွားတဲ့နေရာမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လူနာတင်ယာဉ်တွေ ချက်ချင်းစေလွှတ်ခဲ့ပြီး အချိန်နည်းနည်းကြာတဲ့အထိ အပြင်ဘက်မှာ စောင့်နေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူနာတင်ယာဉ်တွေ ချက်ချင်းစေလွှတ်ခဲ့ပြီး အချိန်နည်းနည်းကြာတဲ့အထိ အပြင်ဘက်မှာ စောင့်နေကြရပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မီးတောက်မီးလျှံတွေနဲ့ မီးခိုးတွေ အဝေးကလှမ်းမြင်နိုင်ပြီး ခန်းမရဲ့ မျက်နှာစာဟာ မီးစွဲလောင်ခဲ့ပါတယ်။ အဆောက်အအုံအပေါ်ဆုံးထပ်နှစ်ထပ်က မှန်တွေ ပေါက်ကွဲထွက်ကုန်ပါတယ်။

တိုက်ခိုက်သူတွေဟာ မီးလောင်စေတဲ့ ပစ္စည်းတွေကို အသုံးပြုပြီးနောက် မီးစွဲလောင်ခဲ့တာဖြစ်ပါတယ်။

ဂီတခန်းမရဲ့ အပေါ်ထပ်ပွဲကြည့်စင်မှာရှိနေတုန်း တိုက်ခိုက်ရေးသမားတွေ ပစ်တာကို မြင်တွေ့ခဲ့ရတယ်လို့ ဗီတလီဆိုတဲ့ အမျိုးသားကပြောပါတယ်။

‘’သူတို့ ဓာတ်ဆီဗုံးတွေနဲ့ပစ်ပြီးတော့ မီးထလောင်တာပါပဲ၊ ကျွန်တော်တို့လည်း ထွက်ပေါက်ကနေ ထွက်လာခဲ့ရတယ်’’ ဟု သူက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ မြို့တော်ခန်းမမှာ အကပြိုင်ပွဲရှိနေလို့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ခန်းမထဲရှိနေတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

ဂီတခန်းမထဲက တချို့ဟာ စင်မြင့်ကနေ ကားရပ်နားကွင်းကို ထွက်ပြေးနိုင်ကြပေမယ့် တချို့ကတော့ ခေါင်မိုးဘက်ကို ဦးတည်ခဲ့ကာ လူ ၁၀၀ ကျော်လည်း မြေအောက်ခန်းကတစ်ဆင့် လွတ်မြောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်တွေ ချက်ချင်းစေလွှတ်ခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီး အချိန်နည်းနည်းကြာတဲ့အထိ အပြင်ဘက်မှာ ရပ်စောင့်နေကြပါတယ်။

မြို့တော်တွင်း ရုံးပိတ်ရက်မှာ ပြုလုပ်မယ့် အခမ်းအနားအားလုံးကို မော်စကိုမြို့တော်ဝန် ဆာဂေ ဆိုဗျာနင်က ဖျက်သိမ်းလိုက်ပါတယ်။

သေဆုံးသူတွေရဲ့ ကျန်ရစ်သူတွေအတွက် စိတ်မကောင်းဘူး လို့ သူကပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘတ်အပါအဝင် အခြားဒေသတွေမှာလည်း အခမ်းအနားတွေကို ဖျက်သိမ်းခဲ့ပါတယ်။

 ဘယ်လာရုစ်မှာရှိတဲ့ ရုရှားသံရုံးရှေ့က ဝမ်းနည်းခြင်းအထိမ်းအမှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂီတခန်းမ ပစ်ခတ်မှုမှာသေဆုံးခဲ့သူတွေအတွက် ဘယ်လာရုစ်မှာရှိတဲ့ ရုရှားသံရုံးရှေ့က ဝမ်းနည်းခြင်းအထိမ်းအမှတ်

ဒီအဖြစ်အပျက်ဟာ ယုတ်မာရက်စက်လွန်းတဲ့ ရာဇဝတ်မှုဖြစ်တာမို့ နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောပါတယ်။

တိုက်ခိုက်မှုမှာ သူတို့မပါဝင်ဘူးလို့ ယူကရိန်းအစိုးရက အချိန်မဆိုင်း တုံ့ပြန်ထားပါတယ်။

ယူကရိန်းအနေနဲ့ အရာရာကို စစ်မြေပြင်မှာပဲ ဆုံးဖြတ်မယ်လို့ သမ္မတ အကြံပေး ပိုဒိုယက်က တယ်လီဂရမ်မှာ ပြောပါတယ်။

လွန်ခဲ့တဲ့ခြောက်ရက်မှာပဲ ဗလာဒီမာ ပူတင်ဟာ သမ္မတရွေးကောက်ပွဲမှာ ငါးကြိမ်မြောက်အနိုင်ရပြီးအောင်ပွဲခံခဲ့ပါတယ်။ရွေးကောက်ပွဲမှာ တကယ့်ပြိုင်ဘက်မပါခဲ့လို့ အနောက်နိုင်ငံတွေကတော့ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ ပြောထားပါတယ်။

လက်ရှိတိုက်ခိုက်မှုဟာ ပူတင်ရဲ့ အထူးတပ်ဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ယူကရိန်းစစ်ထောက်လှမ်းရေးရဲ့ ပြောခွင့်ရှိသူ အန်ဒရေ ယူဆွတ်က ပြောထားပေမယ့် သက်သေအထောက်အထား မပြနိုင်သေးပါဘူး။

မတ် ၂၂ ရက် တိုက်ခိုက်မှုဟာ ဒီနှစ်တွေအတွင်း အရပ်သား ပစ်မှတ်ထားမှုတွေထဲ အဆိုးရွားဆုံးဖြစ်ပေမယ့် ချေချင်းစစ်သွေးကြွတွေက NordOst လို့ခေါ်တဲ့ ဂီတပွဲမှာ လူ ၉၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ၂၀၀၂ ခုနှစ် မော်စကိုဖြစ်ရပ်ကို ပြန်အမှတ်ရစေပါတယ်။

ပစ်ခတ်မှုရုပ်ပုံတွေက ကြမ်းတမ်းလွန်းလို့ ကြည့်ဖို့မဖြစ်နိုင်ဘူးလို့ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတွေအတွက် စိတ်မကောင်းဘူး လို့ သူက ပြောပါတယ်။