၃၁ နှစ်ကြာ တပ်ချုပ်နှစ်ဦးတည်း အာဏာထူထောင်ခန်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာစစ်တပ်မှာ လွန်ခဲ့တဲ့ ၃၁ နှစ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးက တစ်ကြိမ်သာ အပြောင်းအလဲ ဖြစ်ဖူးပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သူ့ကိုဆက်ခံတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှစ်ဦးကပဲ စစ်တပ်ခေါင်းဆောင်နေရာကို အဲဒီကာလတွေမှာ ရယူထားခဲ့ကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ဦးတည်းကပဲ စစ်တပ်ရော တိုင်းပြည်ကိုပါ ၁၉ နှစ်ကြာတဲ့ အထိ အုပ်စိုးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်တပ်ကို ဦးဆောင်တာ ၁၃ နှစ်အထိ ရှိနေပြီး တိုင်းပြည်ရဲ့ အာဏာကို သိမ်းယူထားတာတော့ သုံးနှစ်ပြည့်ခဲ့ပါပြီ။

စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်တဲ့ကာလ ၅၇ နှစ်အထိ ရှိခဲ့တဲ့ မြန်မာပြည်မှာ နောက်ဆုံး စစ်ခေါင်းဆောင်နှစ်ဦးရဲ့ အာဏာသက်ရှည်အောင် ကြိုးစားကြပုံ အကြောင်းကို ဒီဆောင်းပါးမှာ လေ့လာတင်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ အာဏာထူထောင်ခန်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ ညနေခင်းမှာ မြန်မာ့အသံ နဲ့ မြန်မာ့ရုပ်မြင်သံကြားကနေ စစ်ချီတေးသံတွေကို ထုတ်လွှင့်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်တဲ့ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းအုပ်ချုပ်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် လေးနှစ်အကြာမှာပဲ ဗိုလ်ချုပ်ကြီး စောမောင် အာဏာပြန်သိမ်းခံရပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ တက်လာခဲ့ပါတယ်။

ဒါဟာ မြန်မာစစ်တပ်သမိုင်းမှာ ဒုချုပ်က တပ်ချုပ်ကို အောင်မြင်စွာဖယ်ရှားနိုင်တဲ့ ရှားရှားပါးပါးဖြစ်ရပ် ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စိတ်ဓာတ်စစ်ဆင်ရေး နဲ့ မဟာဗျူဟာချမှတ်ရာမှာ ကျွမ်းကျင်သူလို့ တပ်ထဲမှာ လူသိများတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ထင်ရှားတဲ့ စစ်ခေါင်းဆောင်တွေရော ထင်ရှားတဲ့ နိုင်ငံရေးသမားတွေပါ ရှိနေတဲ့ကြားကပဲ သူ့ရဲ့အာဏာကို ၁၉ နှစ် တိတိ ထူထောင်ချုပ်ကိုင်သွားခဲ့ပါတယ်။

သူ့ရှေ့က စီနီယာအာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ မြေးတွေကို ထိန်းသိမ်းခဲ့သလို လူထုလိုလားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခဲ့ပါတယ်။

သူနဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ်တွေကိုလည်း ရှင်းထုတ်ခဲ့ပြီး သြဇာအာဏာပြင်းတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေး တစ်ဖွဲ့လုံးကိုပါ ၂၀၀၄ ခုနှစ်မှာ ဖျက်သိမ်းပစ်ခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကိုဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နယက) လို့ ပြောင်းလဲဖွဲ့စည်းခဲ့ကာ သူနဲ့ အသက်ကွာတဲ့ စစ်ဗိုလ်ချုပ်တွေကို နေရာတွေပေးခဲ့ပါတယ်။

နယက ကို နအဖ လို့လည်း လူသိများပြီး စတင်ဖွဲ့စည်းစဉ်က ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး နဲ့ တိုင်းမှူးတွေအထိ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ခုနှစ် နယက ဖျက်သိမ်းချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် ၆ ဦးပဲ ကျန်တော့တဲ့အထိ အာဏာအဝန်းအဝိုင်းကို ချုံ့ခဲ့တာ တွေ့ရပါတယ်။

(အငြိမ်းစား နယက အဖွဲ့ဝင် တွေဖြစ်တဲ့ ဦးသန်းရွှေ၊ ဦးမောင်အေး၊ သူရဦးရွှေမန်း၊ ဦးသိန်းစိန်၊ သီဟသူရဦးတင်အောင်မြင့်ဦး နဲ့ ဦးတင်အေး တို့အတွက် နေပြည်တော်မှာ နေအိမ် ခြောက်လုံး ဆောက်ပေးခဲ့ပြီး ခြောက်လုံးတန်းလို့ လူသိများပါတယ်။)

ဦးသန်းရွှေဟာ အခြေခံဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်ကိုအသုံးချပြီး သူ့ရဲ့ အာဏာသက်ကို တရားဝင်မှုဖြစ်အောင် တပ်တွင်းမှာ ဝါဒဖြန့်နိုင်ခဲ့ပါတယ်။

ဒီအကြောင်းပြချက်က အသစ်အဆန်းတော့ မဟုတ်ပေမယ့် စစ်ခေါင်းဆောင်အတွက် အလုပ်ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြေခံဥပဒေမရှိသေးလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ စစ်တပ်က အာဏာမလွှဲပေးခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံခေါ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ခဲ့လို့ ၁၅ နှစ်ကြာမြင့်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး အသင်းကို တည်ထောင်ပြီး လူမှုရေးအသင်းအဖွဲ့တစ်ခုအနေနဲ့ စပြီးလှုပ်ရှားခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ခုနှစ်မှာတော့ အသင်းကနေ နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲကာ အထွေထွေ ရွေးကောက်ပွဲ ဝင်စေခဲ့ပြီး ပြည်ခိုင်ဖြိုးဟာ အနိုင်ရပါတီဖြစ်လာခဲ့ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲအတွက် တပ်က စစ်ဗိုလ်ချုပ်တွေကို ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကို ပို့ပြီး အရပ်သားတစ်ပိုင်းအစိုးရကို ကူးပြောင်းစေခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီချုပ်ပါတီ မပါဝင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်တွင်းရောပြည်ပကပါ မေးခွန်းထုတ်ခံရမှုတွေရှိခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့အစီအစဉ်အတိုင်း အသွင်ကူးပြောင်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ သူ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အစိုးရဖွဲ့ပြီး အာဏာရယူလာတေ့မယ့် ၂၀၁၁ ခုနှစ် မတ်လကုန်မှာပဲ သူ့ရဲ့ ဒုတိယလူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့အတူ အနားယူပြီး နိုင်ငံရေးကနေ ဆုတ်ခွာပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ၂၀၁၁ ခုနှစ် မတ်လကုန်မှာပဲ သူ့ရဲ့ ဒုတိယလူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့အတူ အနားယူပြီး နိုင်ငံရေးကနေ ဆုတ်ခွာပါတယ်။

သူ့ရဲ့ ၁၉ နှစ်ကြာသက်တမ်းမှာ နေပြည်တော်ကို တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့ခဲ့တာက ထင်ရှားတဲ့ လုပ်ရပ်တစ်ခုပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ရုံးခန်းထဲက အချိန်အများစုကို မြေပုံတွေကြည့်ပြီး ကုန်နေတတ်တယ် လို့ သူ့ရဲ့တပည့်အငြိမ်းစား တပ်အရာရှိကြီးတွေက ပြောပါတယ်။

ဒီမြေပုံတွေကြည့်ပြီး တစ်နိုင်ငံလုံးမှာ လမ်းဖောက်၊ တံတားဆောက်၊ ဆည်တွေ အများအပြားတည်ဆောက်ခဲ့သလို တပ်အသစ်တွေလည်း တည်ခဲ့ပါတယ်။

သူဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး နိုင်ငံရေးမှာ စစ်တပ်က အစဉ်တစိုက် ပါနေရအောင် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ သမ္မတ စနစ်ကို အဓိက ဦးတည်ရေးဆွဲပြီး တပ်ကိုတော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ ဦးဆောင်အခန်းကဏ္ဍက မပါဝင်စေတော့ပေမယ့် ဗီတို အာဏာသဘောမျိုး ပေးခဲ့တာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ‘’ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နေပြည်တော် အပါအဝင် လမ်း၊ တံတား၊ အခြေခံအဆောက်အအုံ စီမံကိန်း တွေကို တည်ဆောက်ဖို့ စိတ်ဝင်တစားဆောင်ရွက်ခဲ့ပေမဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်မှာလိုအပ်တဲ့ ခိုင်မာတဲ့ အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ အနည်းငယ်သာ အလေးပေးနိုင်ခဲ့တယ်’’ လို့ သူရေးသားတဲ့ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွှတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ စာအုပ်မှာ ထည့်ရေးထားပါတယ်။

‘’နိုင်ငံရေးအခင်းအကျင်းသစ်မှာပါဝင်ဖို့ သူပြင်ဆင်ထားတဲ့ တစ်ခုတည်းသော ခိုင်မာတဲ့ အင်စတီကျူးရှင်းဟာ တပ်မတော်ပဲ’’ လို့ ဦးရဲထွဋ်က ရေးပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ တပ်ထိပ်ပိုင်းခေါင်းဆောင် အားလုံး လိုလို ကို ရွေးကောက်ပွဲ ဝင်စေခဲ့ပြီး သူနဲ့ အသက် ၂၀ ကျော်ကွာဟ တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာ ကို ဆက်ခံစေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်ဗိုလ်ချုပ်တွေအများကြီးရှိတဲ့အထဲကမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ဘာကြောင့် ရွေးချယ်ခဲ့သလဲ ဆိုတဲ့ အဖြေကို တိတိကျကျသိသူ နည်းပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနီးကပ်တပည့်တွေဖြစ်ခဲ့တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေကတော့ အချက်အလက်တချို့ကို ထောက်ပြပါတယ်။

ကြံ့ခိုင်ရေးပါတီအတွက် နှစ် ၅၀ မဟာဗျူဟာ

ကြံ့ခိုင်ရေးအစိုးရကနေ NLD အစိုးရ ကို အာဏာလွှဲအပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးအစိုးရကနေ NLD အစိုးရ ကို အာဏာလွှဲအပ်

ပထမတစ်ချက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့တုန်းကလို အာဏာကို သူ့တစ်ယောက်ထဲလက်ထဲမှာကိုင်ထားသလိုမျိုး တခြားလူတစ်ယောက်ထပ်မပေါ်အောင် လုပ်ခဲ့တာလို့ သူ့တပည့်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးဆောင်တဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်၊ လွှတ်တော်ဥက္ကဋ္ဌတွေ ဦးဆောင်တဲ့ ဥပဒေပြုရေး မဏ္ဍိုင် နဲ့ တရားသူကြီးချုပ်တို့ ဦးဆောင်တဲ့ တရားရေးမဏ္ဍိုင် ၃ ခု နဲ့ တပ်မတော် ဆိုပြီး အာဏာကို ဖြန့်ခွဲခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးကနေဖယ်ထုတ်ထားခဲ့တဲ့ သူ့ရဲ့မဟာဗျူဟာက တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ နှစ်ပေါင်း ၅၀ (အထွေထွေရွေးကောက်ပွဲ ၁၀ ခု) အထိ အနိုင်ရရှိစေရေးဖြစ်ပါတယ်။

ဒီအကြောင်းကို ဦးသန်းရွှေအစိုးရရဲ့ ရေတပ်ဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်း (သမ္မတရုံးဝန်ကြီးဟောင်း) က သူနိုင်ငံရေးရာထူးက အနားယူပြီးတဲ့နောက်မှာ မီဒီယာတွေကိုဖြေကြားပြီး ဒီအကြောင်းကိုသိတဲ့နိုင်ငံရေးအကဲခတ်တွေကလည်း ဦးသန်းရွှေ ဒီလိုပြောခဲ့တာမှန်ကန်ကြောင်း ဘီဘီစီကိုအတည်ပြုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စဉ်းစားချက်အရ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က သူတို့ သက်တမ်းအလိုက် အနားယူကြရမှာဖြစ်ပါတယ်။

ဒီအတွက် အစိုးရသက်တမ်းတစ်ခုအပြီးမှာ အငြိမ်းစားယူရမယ့် အသက်ကန့်သတ်ချက်အရ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) က ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သူ့ရဲ့စီနီယာဗိုလ်ချုပ်များစွာကိုကျော်ပြီး တပ်ချုပ် ဖြစ်ဖို့လမ်းပွင့်သွားပါတယ်။

အဲဒီအချိန်က တပ်မတော်က နံပါတ် (၃) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတ ဒါမှမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ခုခုဖြစ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် နှစ်ခုလုံးနဲ့ လွဲပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးအတွက် စစ်တက္ကသိုလ်အပတ်စဉ် (၁၈) က ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင် နဲ့ ယှဉ်ပြိုင်ခဲ့ရတယ် လို့ အဲဒီအချိန်က စစ်ရုံးမှာ ရှိနေခဲ့သူ တပ်အရာရှိဟောင်းတွေက ဘီဘီစီကိုပြောပါတယ်။

‘’သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကို တပ်ချုပ်ရာထူးပေးမလဲဆိုတာကို လူကြီးတွေက စစ်ရုံးမှာအနီးကပ်စောင့်ကြည့်ပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီးမြင့်အောင်လွဲသွားခဲ့တယ်’’ လို့ စစ်ရုံးမှာရှိနေခဲ့တဲ့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပြပါတယ်။

တပ်ချုပ်ရာထူးနဲ့လွဲချော်မှုအတွက် မကျေလည်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင် အနားပေးခံရပြီး နေအိမ်အကျယ်ချုပ်ခံခဲ့ရတဲ့အကြောင်း အဲဒီအရာရှိဟောင်းက ဆက်ပြောပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် တပ်မတော်နေ့ညစာစားပွဲအပြီးမှာ တပ်ချုပ်ရာထူးကနေ အနားယူခဲ့ပြီး သူ့ရဲ့ အာဏာပြင်းမှုကြောင့် သူ့ရဲ့ အပြောင်းအလဲအစီအစဉ်တွေကို စောဒကတက်ဝံ့သူမရှိခဲ့ဘဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

အငြိမ်းစားမယူတဲ့ တပ်ချုပ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနှစ်ထဲမှာပဲ ၆၈ နှစ်ပြည့်မှာ ဖြစ်ပေမဲ့ အနားမယူသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနှစ်ထဲမှာပဲ ၆၈ နှစ်ပြည့်မှာ ဖြစ်ပေမဲ့ အနားမယူသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ နှစ် ၅၀ အစီအစဉ်ဟာ ၅ နှစ်အတွင်းမှာပဲ ကမောက်ကမ ရလဒ်တချို့ထွက်လာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ နဲ့ သူရဦးရွှေမန်း လွှတ်တော် အားပြိုင်မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ကြားဖြတ်ရွေးကောက်ပွဲဝင်လာမှုတို့က မြန်မာ့နိုင်ငံရေးမှာ ကြီးမားတဲ့အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလို ရှုပ်ထွေးနေတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ အာဏာကို တိတ်တဆိတ်တည်ဆောက်နေခဲ့ပါတယ်။

အငြိမ်းစားယူရမယ့်အသက်အရွယ်ကန့်သတ်ချက်ကြောင့် တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်တွေ့မှာ အနားမယူခဲ့ဘဲ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး သူ့ရဲ့ခေတ်တစ်ခေတ်ကို ထူထောင်ပါတယ်။

တပ်ချုပ် နဲ့ ဒုတပ်ချုပ် ဟာ အငြိမ်းစားယူရမယ့် အသက် ၆၀ ကိုကျော်လွန်ခဲ့ကြပေမယ့် အနားမယူခဲ့ကြဘဲ သူတို့ရဲ့ဂျူနီယာ စစ်ဗိုလ်ချုပ်တွေကတော့ စောစောစီးစီးအနားယူခဲ့ကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနှစ်ထဲမှာပဲ ၆၈ နှစ်ပြည့်မှာ ဖြစ်ပေမဲ့ အနားမယူသေးပါဘူး။

ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ အရ တပ်ချုပ်ရာထူးကနေ ၆၅ နှစ်ပြည့်ရင်အနားယူရမှာဖြစ်ပေမယ့် သူအာဏာသိမ်းပြီးနောက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို အကန့်အသတ်မဲ့အောင် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

စစ်တပ် အင်္ဂါစဉ်အရ တပ်ချုပ် နဲ့ ဒုတပ်ချုပ် ပြီးရင် ညှိုနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) က ရာထူးအမြင့်ဆုံးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ ညှိုနှိုင်းကွပ်ကဲရေးမှူး ဖြစ်ခဲ့ပြီး တစ်ဦးက တပ်ချုပ်ဖြစ်လာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်လက်ထက်မှာ ညှိနှိုင်းကွပ်ကဲရေးမှူးက လေးဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပြီး တစ်ဦးမှ တပ်ချုပ်ဖြစ်မလာခဲ့ပါဘူး။

အဲဒီလေးဦးက ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး နဲ့ လက်ရှိညှိကွပ် ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်းက ၂၀၁၅ ရွေးကောက်ပွဲအတွက် အငြိမ်းစားပေးခံရပြီး လွှတ်တော်ထဲရောက်ခဲ့ရသလို လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကလည်း ရာထူးဆက်တက်မလာဘဲ အငြိမ်းစားယူခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူပြီးတဲ့နောက် အနာဂတ်တပ်ချုပ်အဖြစ်မျှော်မှန်းခံရသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ညှိကွပ်ကနေ ဝန်ကြီးအဖြစ်ရွှေ့ပြောင်းခံရပါတယ်။

လက်ရှိညှိကွပ် ဗိုလ်ချုပ်ကြီးမောင်မောင်အေး က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူရင်းဖြစ်ပေမဲ့ အရန်အင်အားပို့ခံရပြီးမှ ညှိကွပ်ပြန်ဖြစ်လာလို့ သူ့ရဲ့ရာထူးတက်လမ်းကလည်း မှန်းဆရခက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ ညှိကွပ်လို ဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တွေကိုလည်း အနားပေးတာ၊ အရန်အင်အားပို့တာတွေရှိခဲ့ပြီး အဲဒီလိုမျိုး အလုပ်ခံရသူ စုစုပေါင်း ဗိုလ်ချုပ်ကြီး (၇) ယောက်အထိ ရှိပါတယ်။

ဒီဗိုလ်ချုပ်ကြီးတွေထဲမှာ ရေချုပ်ဟောင်း ဦးဉာဏ်ထွန်းတစ်ယောက်ပဲ ဒုတိယသမ္မတ အဖြစ်ပြောင်းရွှေ့ခံရတာဖြစ်ပြီး ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ အငြိမ်းစားပေးခံရတာ နဲ့ အရန်အင်အား အပို့ခံရတာတွေ ကြုံခဲ့ရတာပါ။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

၂၀၁၅ အထွေထွေရွေးကောက်ပွဲကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာထူထောင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပါတယ်။

အပတ်စဥ်မတိမ်းမယိမ်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ကို အနားပေးခဲ့ပါတယ်။

အဲဒီအငြိမ်းစားစစ်ဗိုလ်ချုပ်တွေကို ရွေးကောက်ပွဲကို လွှတ်ပေမယ့် တပ်ကတစ်နေရာစာရထားတဲ့ ဒုတိယသမ္မတနေရာကို မပေးခဲ့ဘဲ ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ (လက်ရှိယာယီသမ္မတ) ကို ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း ဒုတိယသမ္မတနေရာကို သွားလို့ရပေမဲ့ မသွားခဲ့တာတွေ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးအစိုးရကထပ်နိုင်ခဲ့ရင် နိုင်ရင် ဦးသိန်းစိန်က သမ္မတ သုံးနှစ်လုပ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နှစ်လုပ်ဖို့ လျှို့ဝှက်သဘောတူခဲ့ကြတယ် လို့ ဝန်ကြီးဟောင်းတစ်ဦးက ဘီဘီစီကို ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်လို့ သူတို့ အစီအစဉ်ပျက်ခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NLD အစိုးရလက်ထက်မှာ တပ်ချုပ်သက်တမ်းဆက်တိုးပြီး ဆက်နေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားမယူဘဲ တပ်ချုပ်သက်တမ်းဆက်တိုးတာကို NLD အစိုးရ ဘက်က လည်းမကြိုက်ခဲ့ဘဲ တပ်ရဲ့ အခန်းကဏ္ဍအရေးကြီးတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး ကိုတောင် အစိုးရသက်တမ်းအတွင်း တစ်ကြိမ်မှမခေါ်ခဲ့ပါဘူး။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြားမှာလည်း ဆက်ဆံရေးအဆင်မပြေသလို NLD လွှတ်တော်ထဲမှာလည်း ရွေးကောက်ခံအမတ်တွေ နဲ့ တပ်လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာလည်း ထိပ်တိုက်တွေ့မှုတွေ မကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာတော့ မဲမသမာမှုကို အကြောင်းပြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပါတယ်။

သမ္မတအာဏာကို လျှော့ချခြင်း

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာတွေ့ရတဲ့ ယာယီသမ္မတဦးမြင့်ဆွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာတွေ့ရတဲ့ ယာယီသမ္မတဦးမြင့်ဆွေ

၂၀၂၁ မှာ အာဏာသိမ်းယူလိုက်ပြီးချိန်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ကောင်စီလို့ ခေါ်ကြတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး သမ္မတရုံးရဲ့ အခန်းကဏ္ဍကို လျှော့ချခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်သမ္မတရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖြစ်အမည်ပြောင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးအဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေကို အရေးပေါ်ကာလသက်တမ်းတိုးတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးတွေမှာသာ လူမြင်ကွင်းကိုထွက်ပေါ်လာရလေ့ရှိလို့ ပုံမှန်အားဖြင့် ခြောက်လတစ်ခါသာ မြင်ရလေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကာလမှာ စစ်ကောင်စီကအမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပါတယ်။

စစ်ကောင်စီမှာ အတွင်းရေးမှူးက စစ်ဥပဒေချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးက ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်ပါတယ်။

နှစ်ဦးလုံးက စစ်ခေါင်းဆောင်ရဲ့လူယုံတွေဖြစ်ပေမယ့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်လည်း ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့အနီးမှာထားပြီး ပိုယုံကြည်အားကိုးတာကိုတွေ့ရပါတယ်။

အာဏာသိမ်းပြီးလို့ ၆ လပြည့်တဲ့ သြဂုတ် ၁ ရက်မှာ စစ်ကောင်စီက အိမ်စောင့်အစိုးရအဖွဲ့လို့ အမည်ပြောင်းဖွဲ့စည်းပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ် ရာထူးကိုထပ်ယူပါတယ်။

နောက်ပိုင်းမှာ အိမ်စောင့်အစိုးရအဖွဲ့ ဆိုတဲ့ အမည်ကို ဆက်မသုံးတော့ဘဲ ဝန်ကြီးချုပ် ရာထူးကိုပဲ ဆက်လက်သုံးစွဲပါတယ်။

စစ်ကောင်စီ နဲ့ အစိုးရအဖွဲ့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ချုပ်ကိုင်ထားပြီး ကောင်စီဝင်တွေ နဲ့ အစိုးရအဖွဲ့ဝင် တွေကို မကြာခဏ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

စစ်ကောင်စီ နဲ့ အစိုးရအဖွဲ့ဟာ တပ်ထဲက စစ်ဗိုလ်ချုပ်တွေကို အရပ်ဘက်အုပ်ချုပ်ရေးကိုရွှေ့တဲ့ နေရာတစ်ခုဖြစ်လာပြီး ဗိုလ်ချုပ်ကြီးမိုးအောင် လို ရေချုပ်ရာထူးပါ ရွှေ့ပြောင်းခံခဲ့ရပါတယ်။

တပ်ချုပ် ၂ ယောက် တူတာ နဲ့မတူတာတွေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အတူတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အတူတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဦးသန်းရွှေဟာ စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်မဟုတ်ဘဲ ၁၉၅၂ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉) Officer Training School က ဆင်းပါတယ်။

သူ့ရဲ့ ဒုတိယလူဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး က ၁၉၅၅ မှာ စတင်ဖွင့်လှစ်တဲ့ စစ်တက္ကသိုလ်အပတ်စဉ် (၁) ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပေါ် အာဏာခွဲဝေမှုဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး လို မဟုတ်ဘူး လို့ ထောက်ပြကြပါတယ်။

‘’ဦးသန်းရွှေ နဲ့ ဦးအေး က ပိုအတွဲညီတယ်။ ပိုယုံကြည်ကြတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဘယ်သူ့ကိုမှ မယုံကြည်တဲ့လူမျိုး’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုချုပ်ထက် သူ့ရဲ့အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် မိုးမြင့်ဆွေ နဲ့ စရဖချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ကို ဝန်းရံထားတဲ့အကြောင်း သူက ထောက်ပြပါတယ်။

နိုင်ငံခြားရေးမူဝါဒမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က အိမ်နီးချင်းတရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် အဓိကတည်ဆောက်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရုရှား၊ ထိုင်း တို့နဲ့ ပိုနီးစပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူတခဲနက်ထောက်ခံတဲ့ နိုင်ငံရေးသမား နဲ့ ရင်ဆိုင်ခဲ့ရတာချင်းလည်း တပ်ချုပ်နှစ်ယောက်လုံးတူကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိချမှတ်ထားတဲ့နှစ်ရှည်ထောင်ဒဏ်တွေကိုကြည့်ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပိုပျော့ပြောင်းတာ တွေ့ရမှာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် နှစ်ဦးလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးက ဖယ်ရှားပစ်တဲ့ သမိုင်းချင်းလည်းတူကြပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနေအထိုင်သိုသိပ်ပြီး သူ့ရဲ့အသံကို အများပြည်သူက ကြားရခဲလှပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ ရုပ်နဲ့အသံပါ ကြိမ်ဖန်များစွာ တွဲမြင်ရလေ့ရှိပြီး တပ်အရာရှိတချို့က သူ့ကို ဗိုလ်ချုပ်ကြီးခင်ညွန့် နဲ့ အကြိုက်ဆင်တူတယ်လို့ ဆိုကြပါတယ်။

‘’TV မင်းသားကြီးပေါ့’’ လို့ တပ်အရာရှိတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့သက်တမ်း ၁၉ နှစ်အတွင်း အတိုက်အခံတွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဗျူဟာမြောက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားတဲ့အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ၂၀၂၃ အောက်တိုဘာမှာ လုပ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစလို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ် နဲ့ ကယား(ကရင်နီ) ပြည်နယ် တွေမှာ စစ်စခန်းပေါင်းများစွာကို ဆုံးရှုံးခဲ့ရခြင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်တုန်းက မကြုံခဲ့ရဘဲ လက်ရှိစစ်ကောင်စီလက်ထက်မှာပဲ ကြုံရတဲ့အခြေအနေဖြစ်ပါတယ်။

အာဏာကိုဘယ်လိုစွန့်ခွာမလဲ

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ သူ့ရဲ့ အာဏာကို အန္တရာယ်ကင်းကင်းနဲ့ စွန့်လွှတ်နိုင်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ သူထားခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းက ကန့်ကွက်သူတွေ အများရှိသလို ပြည်တွင်းပြည်ပ ထောက်ခံမှုတချို့လည်း ရခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အဲဒီလောက်အခြေအနေမပေးပါဘူး။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ကတိပေးထားပေမယ့် လက်ရှိလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲဆိုတာ ကျင်းပနိုင်ဖို့ အခက်အခဲများစွာရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လထဲ ရုရှားသတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ရွေးကောက်ပွဲကို တပြိုင်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက် ကျင်းပသွားမယ် လို့ ဖြေကြားထားပါတယ်။

ရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး နိုင်ငံရေးဘက်ကို ကူးမလား (သမ္မတလုပ်မလား) ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

သူ့မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ ၂၀၂၀ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားဖူးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုတော့ တပ်အာဏာရော အရပ်ဘက်အာဏာပါစွန့်ပြီး အနားယူသွားဖို့ကတော့ ဖြစ်နိုင်ခြေ နည်းလွန်းတယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝင်မပါတော့မယ့် ပြုပြင်ပြောင်းလဲမှုက အလုပ်ဖြစ်ဖို့ မျှော်လင့်နိုင်တယ် လို့ နိုင်ငံရေးအကဲခတ် တစ်ဦးကသုံးသပ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နဲ့ စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရတဲ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေ ရောက်မလာခဲ့ဘဲ အလုပ်မဖြစ်ခဲ့တာကို သူက ဥပမာပေးပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာပါ စစ်တပ်ကို တရားစွဲထားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အရှိဆုံးဖြစ်ပါတယ်။

‘’ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်တွင်းပြည်ပ အကုန်လုံးရဲ့ ပစ်မှတ် ဖြစ်နေတယ်။’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လို အာဏာအလုံးစုံလက်လွှတ်ဖို့ ခက်လိမ့်မယ် လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ၂၆ ရာခိုင်နှုန်းကျင်းပပြီး တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်း အစိုးရဖွဲ့ သမ္မတ လုပ်ခဲ့ရင်တောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူယုံကြည်စိတ်ချသူ တစ်ဦးကို တပ်ချုပ်နေရာ လွှဲခဲ့ရမှာဖြစ်ပါတယ်။