အာဖဂန်နစ္စတန်မှာ နောက်ထပ် မိန်းကလေး ၃ သိန်း ကျောင်းတက်ခွင့် မရ - ယူနီဆက်

A graphic of a girl in head covering sits on floor reading a book

ဓာတ်ပုံ ရင်းမြစ်, Raess Hussain/ BBC

အာဖဂန်နစ္စတန်မှာ ဒီနှစ်ကျောင်းဖွင့်ရာသီမှာ နောက်ထပ် မိန်းကလေး ၃၃၀,၀၀၀ ကျော် ကျောင်းတက်ခွင့်မရဘဲ ပိတ်ပင်ခံရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ပြောပါတယ်။

၂၀၂၁ တုန်းက တာလီဘန်အစိုးရဟာ မိန်းကလေးတွေ Grade Six (ဆဌမတန်း) ပြီးရင် ကျောင်းမတက်ရတော့ဘူးလို့ ပြောခဲ့ပါတယ်။ ၆ တန်းဆိုတာ ၁၃ နှစ်အရွယ်လောက် ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ် အာဖဂန်ကျောင်းသူ လေး ဇိန်းနက်လည်း ဒီနှစ် ကျောင်းပြန်ဖွင့်ချိန် သူကျောင်းတက်ခွင့်မရသူတွေထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သူ ကြက်ဥမွှေကြော်တွေ့ရင် သူဒေါသဖြစ်နေပါတယ်။ မနှစ်တုန်းက သူကျောင်းတက်တဲ့အချိန်မှာဆို ကြက်ဥမွှေကြော်နဲ့ နွားနို့ အမြဲစားဖြစ်ခဲ့တာမို့ ကျောင်းကို ပိုသတိရစေပါတယ်။ ပြီးခဲ့တဲ့ ၆ လအချိန်ထိ သူပျော်ရွှင်နေခဲ့တုန်းပါ။ အဲဒီတုန်းက မနက်ခင်း ဝတ်ပြုသံကြားတာနဲ့ သူနိုးပါတယ်။ အဲဒီနောက် သူ့ရဲ့ အစ်ကိုနဲ့ ညီမတွေနဲ့အတူ ကျောင်းသွားပါတယ်။ အခုတော့ သူ့ကို ချန်ထားရစ်ခဲ့ပြီး မောင်နှမတွေ ကျောင်းသွားတက်ရတော့မှာပါ။ ကြက်ဥမွှေကြော်ကိုတော့ ဇိန်းနက် သတိအရဆုံးပါ။

မိန်းကလေးတွေ ၆ တန်းပြီးရင် ကျောင်းမတက်ရတော့ဘူးလို့ သူသိခဲ့ပေမဲ့ ဒီစနစ်ပြောင်းသွားမယ်လို့ သူမျှော်လင့်ခဲ့ပါတယ်။ စာသင်ရတာ သူပျော်သလို ကျောင်းမှာသင်တဲ့ သိပ္ပံရော ဝိဇ္ဇာ ဘာသာရပ်တွေမှာပါ သူ ထူးချွန်ပါတယ်။

“သူ့အတန်းထဲမှာ သမီးက အတော်ဆုံးပဲ” လို့ သူ့အဖေက ဂုဏ်ယူပြီး ပြောတော့ ဇိန်းနက်က ရှက်ပြုံးပြုံးနေပါတယ်။ တကယ်တော့ ဇိန်းနက်က ကျောင်းပြီးရင် ဘယ်အလုပ်မှာမဆို အောင်မြင်နိုင်သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ကျောင်းစာမေးပွဲတွေပြီးတော့ ကျောင်းအုပ်ကြီးက သူတို့စာမေးပွဲခန်းထဲဝင်လာပြီး ဇိန်းနက်တို့အတန်းသူအတန်းသားတွေ နောက်နှစ် မတ်လ ကျောင်းပြန်ဖွင့်ရင် ကျောင်းလာတက်လို့ မရတော့ဘူးလို့ ပြောခဲ့ပါတယ်။

“သူ အတော်ကြီး စိတ်ပျက်ဝမ်းနည်းသွားခဲ့တာပေါ့” လို့ သူ့ဖခင် ရှာဟီးယားက သူ့သမီး ကျောင်းက ပြန်လာချိန်ကို မြင်ယောင်ရင်း ပြန်ပြောပြပါတယ်။ “သူ့ကို ကြည့်ရတာ အတော် စိတ်မကောင်းဖြစ်ရတယ်။ သမီးတွေအတွက် ကျွန်တော် ဘာမှ လုပ်မပေးနိုင်ဘူး။ ဖခင်တစ်ဦးအနေနဲ့ အပြစ်ရှိသလို ခံစားရတယ်။”

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှာဟီးယားဟာ သူ့မိသားစုကို အာဖဂန်နစ္စတန်ကနေ ပြည်ပကို ခေါ်သွားဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်သေးပါဘူး။

“ကျွန်မရဲ့ အိပ်မက်တွေကို မှောင်နေတဲ့ ကျင်းကြီးထဲ မြှုပ်လိုက်ရသလို ခံစားရတယ်” လို့ ဇိန်းနက်က လေသံဖျော့ဖျော့လေးနဲ့ ပြောနေတာကို ဗီဒီယိုကောလ်နဲ့ ဘီဘီစီက စကားပြောစဉ် မြင်တွေ့ရပါတယ်။ အဲဒီလို ပြောပြီးနောက် စက္ကန့်အတော်ကြာ စကားမပြောနိုင်ဘဲ ငြိမ်သက်သွားပါတယ်။

သူ့ဖခင်ကလည်း သူ့သမီး ပြန်တည်ငြိမ်လာအောင်ထိ ခဏလေး စောင့်ပေးဖို့ ဘီဘီစီကို ပန်ကြားခဲ့ပါတယ်။

ဒီအကြောင်း ပြောရတာက တစ်မိသားစုလုံးအတွက်လည်း စိတ်ရှုပ်ထွေးညှိုးနွမ်းစရာ ဖြစ်နေပါတယ်။

အခုချိန်မှာ ဇိန်းနက်သွားခွင့်ရှိတဲ့ ကျောင်းဆိုလို့ အစိုးရထိန်းချုပ်တဲ့ ဘာသာရေးကျောင်းတွေ ဒါမှမဟုတ် မဒရာဆာကျောင်းတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် ရိုဇာ အိုတွန်ဘာယီဗာက အာဖဂန် မိန်းကလေးတွေဟာ မဒရာဆာကျောင်းတွေမှာ သင်္ချာနဲ့ အင်္ဂလိပ်လို ပညာရေးဆိုင်ရာ ဘာသာရပ်မျိုးတွေ သင်ကြားရတယ်ဆိုပြီး သူမကြားမိသေးကြောင်း ဒီဇင်ဘာလတုန်းက လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

ဇိန်းနက်ရဲ့ ဖခင်ကလည်း မဒရာဆာတွေက သူ့သမီးရဲ့ ဘက်စုံပညာရေးအတွက် အထောက်အကူ မပေးနိုင်ကြောင်း ပြောပါတယ်။

“ဒါက စာသင်ကျောင်းတွေ ပုံစံမျိုး မဟုတ်ဘူး။ ဘာသာရေးသင်ခန်းစာတွေကိုပဲ သင်ပေးကြတယ်။ သူ့ကို ဘာသာရေး မဒရာဆာကျောင်းကို ပို့ဖို့ လိုတယ်လို့ ကျွန်တော်မထင်ဘူး” လို့ သူက ပြောပါတယ်။

A graphic image of a man watching a group of Afghan school girls who walk with backpacks

ဓာတ်ပုံ ရင်းမြစ်, Raess Hussain/ BBC

ဓာတ်ပုံ ပုံစာ, တာလီဘန်တွေက ၂၀၂၁ ကစပြီး အာဖဂန်နစ္စတန်ကို အုပ်ချုပ်လာခဲ့

တာလီဘန်တွေဟာ ၂၀၂၁ သြဂုတ်လ ၁၅ ရက်တုန်းက ကာဘူးလ်မြို့တော်ကို သိမ်းယူခဲ့ပြီးနောက် အာဖဂန်နစ္စတန်ကို အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်တွေလည်း နိုင်ငံတွင်းက ထွက်ခွာခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း ပြောတုန်းကတော့ သူတို့ဟာ ၁၉၉၆ နဲ့ ၂၀၀၁ ခုနှစ်ကြား အုပ်ချုပ်ခဲ့တဲ့ သဘောထားတင်းမာတဲ့ တာလီဘန်တွေလိုမျိုး လုပ်ဆောင်မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။

"ကျွန်တော်တို့ မူဘောင်အတွင်းကနေ အမျိုးသမီးတွေ ပညာသင်ဖို့ နဲ့ အလုပ်လုပ်ဖို့ ခွင့်ပြုပေးမယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို တက်တက်ကြွကြွ ပါဝင်စေမယ်” လို့ ကတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသမီးအခွင့်အရေးတွေ မကြာခင် ပြန်ဆုံးရှုံးခဲ့ပါတယ်။ လပိုင်းအတွင်းမှာပဲ ၇ တန်း တက်နေတဲ့ မိန်းကလေးတွေ ဒါမှမဟုတ် အထက်တန်းတက်နေတဲ့ မိန်းကလေးတွေ ကျောင်းတက်ခွင့် မရကြတော့ပါဘူး။

အဲဒီနောက် တက္ကသိုလ်တွေနဲ့ လုပ်ငန်းခွင်အများအပြားဟာလည်း အမျိုးသားသီးသန့်ပဲ ဖြစ်ရမယ်ဆိုတဲ့ အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားအဖော်မပါဘဲ အိမ်ကနေ ထွက်ခွာခွင့် မရသလို အများပြည်သူ ပန်းခြံတွေကိုလည်း အမျိုးသားအဖော်မပါဘဲ သွားလို့ မရတော့ပါဘူး။

ဒါက စိတ်ပျက်ဖွယ် အခြေအနေတစ်ခုပါ။ ယူနီဆက်ကတော့ ၂၀၂၁ ကတည်းက ကျောင်းတက်ခွင့် ပိတ်ပင်ခံရတဲ့ အာဖဂန်မိန်းကလေး စုစုပေါင်းက ၁.၄ သန်း ရှိနေပြီလို့ ဘီဘီစီကို ပြောပါတယ်။ အဲဒီထဲက ၃၃၀,၀၀၀ က ၂၀၂၃ မှာ ၆ တန်းပြီးထားပြီး ဒီနှစ် ကျောင်းပြန်တက်ခွင့် မရတော့တဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။

BBC Dars

ဘီဘီစီကမ္ဘာတစ်လွှားအစီအစဉ်ကနေ အာဖဂန်ကလေးတွေအတွက် ရည်ရွယ်ပြီး BBC Dars ဆိုတဲ့ ပညာရေးအစီအစဉ်တစ်ခု ထုတ်လွှင့်ပေးနေပါတယ်။ ၂၀၂၁ မှာ တာလီဘန်တွေ အာဏာပြန်ရလာတဲ့အချိန် ကာဘူးလ်မြို့ကနေ ထွက်ခွာလာတဲ့ ဘီဘီစီ အမျိုးသမီးသတင်းထောက်တွေ တင်ဆက်ပေးထားတာပါ။

ဒီအစဉ်အစဉ်တွေကို ထုတ်လွှင့်နေတဲ့ နေရာတွေကတော့

  • ဘီဘီစီ အာဖဂန်နစ္စတန် တီဗီ နဲ့ ရေဒီယို ဂြိုဟ်တု ချန်နယ်
  • ဘီဘီစီ ပတ်ရှ်တူဌာန နဲ့ ဘီဘီစီ ဒါရီ ဖေ့စ်ဘွတ်ခ် နဲ့ ယူကျု ချန်နယ်
  • ဘီဘီစီ ပါရှန်း တီဗီ
  • FM, လှိုင်းတို နဲ့ လှိုင်းလတ်ရေဒီယို

ဒါပေမဲ့ တာလီဘန်ရဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်တာ အားလုံးတော့ မဟုတ်ပါဘူး။

ဇိန်းနက်တို့ အိမ်အနားမှာ ရပ်ကွက်အသိုင်းအဝိုင်းကနေ ဖွင့်ထားတဲ့ ပုဂ္ဂလိကသင်ကြားရေးနေရာတွေ ရှိတယ်လို့ သူ့တို့မိသားစုက ပြောပါတယ်။ ဇိန်းနက်က အဲဒီမှာ အင်္ဂလိပ်စာသင်နေပါတယ်။ ဒီမှာ ဘယ်လောက်ကြာကြာ သူသင်နိုင်မလဲ မသိပေမဲ့ လောလောဆယ်တော့ အဲဒီမှာ အင်္ဂလိပ်စာသင်ရသလို သူငယ်ချင်းတွေနဲ့လည်း တွေ့ခွင့်ရနေပါတယ်။

သူငယ်ချင်းတွေကိုလည်း စိတ်အားငယ်မနေဖို့ ဇိန်းနက်က အားပေးနေပါတယ်။ “သူတို့ ဝါသနာတွေအတိုင်း လိုက် လုပ်ကြဖို့ အားပေးတယ်။ ပန်းချီဆွဲကြဖို့လည်း ကျွန်မက သူတို့ကို အားပေးတယ်။”

A graphic image showing a drawing by Zainab, which shows a young girl in a hijab standing in front of a locked school. There are two covered up women in the background and a crumpled up piece of paper in the foreground.

ဓာတ်ပုံ ရင်းမြစ်, Raess Hussain/ BBC

ဓာတ်ပုံ ပုံစာ, ဇိန်းနက် ဆွဲထားတဲ့ ပန်းချီ

ဇိန်းနက်က ပန်းချီဆွဲရတာ ကြိုက်နှစ်သက်သူပါ။ သူတို့ကျောင်းပြန်တက်လို့ မရတော့ဘူးလို့ ကျောင်းအုပ်ကြီး ပြောတဲ့နေ့တုန်းက သူ အိမ်ပြန်ရောက်တဲ့အခါ ပန်းချီပဲ ဆွဲနေခဲ့ပါတယ်။

သူ့ရဲ့ ပန်းချီကား တစ်ကားကိုလည်း ဘီဘီစီကို ပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ မိန်းကလေးတစ်ယောက်က သော့ခတ်ထားတဲ့ ကျောင်းရှေ့မှာ ရပ်နေပါတယ်။ ဒီပန်းချီကား ခေါင်းစဉ်ကိုလည်း “အာဖဂန်မိန်းကလေးများရဲ့ အနက်ရောင်နေ့စွဲများ” လို့ နာမည်ပေးထားပါတယ်။

“ကျောင်းတက်ခွင့် ပိတ်ပင်ခံရပြီးနောက် ကျွန်မဆွဲခဲ့တဲ့ ပထမဆုံးပုံက သော့ခတ်ထားတဲ့ ကျောင်းတံခါးကို ငေးကြည့်နေတဲ့ ကျောင်းသူပုံပါ” လို့ ဇိန်းနက်က ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာတော့ သူဟာ အကောင်းဘက်ကနေ ကြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ရပါတယ်။ အခုတော့ သူက လှပတဲ့ ပုံရိပ်တွေ - ဥပမာ ကောင်းကင်ပုံ၊ အဆောက်အအုံမြင့်မြင့်ကြီးပုံ၊ ပန်းပုံ၊ နေမင်းကြီးရဲ့ပုံ၊ သူစိတ်ကူးယဉ်မိတဲ့ အနာဂတ်ကမ္ဘာပုံ စတာတွေ ဆွဲပါတယ်။

ကမ္ဘာကြီးကို သူပေးချင်တဲ့ သတင်းစကားကတော့ သူ့လို အာဖဂန်နစ္စတန်က မိန်းကလေးတွေကို မေ့မထားဖို့ပါ။

“အာဖဂန်မိန်းကလေးတွေရဲ့ အခွင့်အရေးတွေ ပြန်ရအောင် ကူညီပေးကြပါ။ အာဖဂန်ကလေးတွေက ထူးချွန်ကြပါတယ်။ ကျွန်မတို့ လိုနေတာက အခွင့်အလမ်းပါပဲ။”

ဘီဘီစီကနေ တာလီဘန်ရဲ့ တုံ့ပြန်ချက်ကို တောင်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။

ဒီသတင်းကို မာရီယမ် အန်မန် နဲ့ ဂျော်ဂျီနာ ပီးယပ်စ်က ပူးတွဲရေးထားပါတယ်။

ဒီသတင်းထဲက နာမည်တွေကိုတော့ လုံခြုံရေးအရ နာမည်လွှဲတွေ သုံးထားပါတယ်။