တစ်ရက်ကို အရပ်သားနှစ်ဦး ထိခိုက်သေဆုံးနေတဲ့ ရှမ်းတောင်စစ်မျက်နှာပြင်

တစ်ရက်ကိုအရပ်သားနှစ်ဦးထိခိုက်သေဆုံးနေတဲ့ ရှမ်းတောင်စစ်မျက်နှာပြင်

ဓာတ်ပုံ ရင်းမြစ်, PNLA

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြင်တွေ့ရတဲ့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မြင်ကွင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသလို့ လူသိများတဲ့ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့တွေမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ နှစ်လကျော်လာတာနဲ့အတူ အရပ်သားထိခိုက်သေဆုံးမှုကလည်း ၁၀၀ ကျော်လာပါပြီ။

ရှမ်းတောင်မှာ စစ်မီးပြန်တောက်လာတာ ရက်ပေါင်း ၆၃ ရက်ကြာမြင့်ပြီဖြစ်ပြီး အရပ်သား ၅၃ ဦးသေဆုံး၊ ၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းက မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ တစ်ရက်ကို အရပ်သားနှစ်ဦး ထိခိုက်သေဆုံးနေရတဲ့အခြေအနေကို ကိန်းဂဏန်းတွေအရ ထင်သာမြင်သာတွေ့ရပါတယ်။

“ဖေဖော်ဝါရီ ဒုတိယအပတ်ကစလို့ သေဆုံးမှုတွေမြင့်တက်လာတယ်။ စစ်မြေပြင်မဟုတ်ဘဲ လက်နက်ကြီးကြောင့်၊ လေကြောင်းကြောင့် သေဆုံးတာတွေလည်း ပိုများပါတယ်” လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲအခြေအနေကိုကြည့်ရင်လည်း ဟိုပုံးမြို့ကလွဲလို့ ဆီဆိုင်နဲ့ ပင်လောင်းမြို့တွေမှာ ဒီကနေ့အချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ရှိနေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်ခိုလှုံရာကနေ စစ်တလင်းဖြစ်လာတဲ့ ဆီဆိုင်မြို့

စစ်ရှောင်ခိုလှုံရာကနေ စစ်တလင်းဖြစ်လာတဲ့ ဆီဆိုင်မြို့

ဓာတ်ပုံ ရင်းမြစ်, PNLA

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်ရေးအင်အားကောင်းပြီး တပြည်နယ်လုံးနီးပါး တိုက်ပွဲဖြစ်နေတဲ့ ကယား (ကရင်နီ) ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင် သောင်းချီ အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ဟာ ခိုလှုံရာ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။

“ကယားစစ်ရှောင်တွေကိုကူရင်း ကျွန်တော်တို့စစ်ရှောင်ပြန်ဖြစ်နေပြီ” လို့ စစ်ရှောင်ကူညီခဲ့တဲ့ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ဆီဆိုင်က လုံးဝပြာကျသွားပြီ” လို့ မြေပြင်မှာရှိနေတဲ့သူက ဆီဆိုင်မြို့မြင်ကွင်းကို ထင်သာမြင်သာရှိအောင် အခုလိုဖြေကြားခဲ့တာပါ။

အခုနှစ်အစမှာတော့ တစတစ စစ်ရေးတင်းမာလာခဲ့ပြီး ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLA ဝတ်စုံဝတ်ထားသူတွေရဲ့ လက်နက်တင် ကားတန်းကို စစ်ကောင်စီလက်အောက် ပအိုဝ်းပြည်သူ့စစ် (PNO) အပါအဝင် စစ်ကောင်စီတပ်က ကြားဖြတ်ဟန့်တားရာကနေ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြောခဲ့ပါတယ်။

အဲဒီနောက် ဆီဆိုင်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) နဲ့ တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီ ၂၄ ရက်ကစလို့ ဝင်ရောက်တိုက်ခိုက် ရာကနေ ရှမ်းတောင် စစ်မျက်နှာပြင် စတင်လာခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီနေ့ (မတ်လ ၂၆ ရက်) မနက် ၂ နာရီလောက်တင် တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ လာပစ်သွားလို့ အိမ်တွေ မီးလောင်နေတယ်” လို့ ဆီဆိုင်မြို့ထဲမှာ ဆက်ပြီးရှိနေသေးတဲ့ ဒေသခံက မြေပြင်အခြေအနေကို ပြောပြပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအခြေအနေကို ထုတ်ပြန်ပြောဆိုတာမရှိပေမဲ့ မတ်လ ၂၄ ရက်တုန်းက ကျရောက်တဲ့ ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ PNLA သတင်းထုတ်ပြန်ရေးအဖွဲ့က လူမှုကွန်ရက်ကနေတဆင့် ဘီဘီစီကို ပြောခဲ့ပါတယ်။

လက်နက်ကြီးတွေပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် အခုလိုနေအိမ်မီးလောင်ပျက်စီးတာအပြင် အရပ်သားထိခိုက်မှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, PNLA

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးတွေပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် နေအိမ်မီးလောင်ပျက်စီးတာအပြင် အရပ်သားထိခိုက်မှုတွေရှိနေ

နှစ်လတာ တိုက်ပွဲအတွင်း မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ မရှိတော့ပေမဲ့ မြို့မြောက်ဘက်မှာ ခြေကုပ်ယူထားတဲ့ တပ်ရင်းထဲကနေ လက်နက်ကြီးတွေပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် အခုလိုနေအိမ်မီးလောင်ပျက်စီးတာအပြင် အရပ်သားထိခိုက်မှုတွေရှိနေတာလို့ အရပ်ဖက်အဖွဲ့အစည်းတွေရော ဒေသခံတွေက တပြေးညီပြောကြပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရတော့ အရပ်သားထိခိုက်သေဆုံးမှုရဲ့ ၅၀ ရာခိုင်နှုန်းဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး လူနေအိမ်အဆောက်အအုံပျက်စီးမှုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။

“ဆီဆိုင်ကတော့ အများဆုံးစစ်ဘေးဒဏ်ခံရတယ်။ ဟိုပုံး ပြီးရင်တော့ ပင်လောင်းပေါ့။ လွိုင်လင်လေး မှာလည်း ကြုံရပေမဲ့ အဲဒီမှာတော့ တိုက်ပွဲငြိမ်လို့ စစ်ရှောင်တွေပြန်ကြပြီ” လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူက သူတို့ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရှောင်ဦးရေ တစ်သိန်းငါးထောင် ကျော်ရှိနေပြီး အဲဒီအရေအတွက်ထဲက နှစ်သောင်းကျော်ကတော့ ပအိုဝ်းဒေသမှာခိုလှုံနေတဲ့ ကရင်နီစစ်ရှောင်တွေပါ။

ကရင်နီစစ်ရှောင်အများစုဟာ ဒီးမော့ဆိုအနောက်ခြမ်းလို ကရင်နီဒေသထဲ ပြန်ခိုလှုံကြသူတွေရှိသလို ပအိုဝ်းစစ်ရှောင်တွေလိုမျိုး တောင်ကြီးမြို့၊ ညောင်ရွှေမြို့ဘက် ရှောင်တိမ်းကြတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ရင်း ရင်ဆိုင်လာရတဲ့ စစ်သားစုဆောင်းမှု

တနိုင်ငံလုံးကပြည်သူတွေကြ အုံးအုံးကျက်ကျက်ဖြစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီလို့ အာဏာသိမ်းစစ်ကောင်စီက မကြေညာခင် ဇန်နဝါရီနှောင်းပိုင်းကတည်းက ပအိုဝ်းဒေသခံတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီလက်အောက် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) က ခေါ်ယူနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

“တိုက်ပွဲစဖြစ်ပြီး ငါးရက်အကြာ ဇန်နဝါရီ ၂၉ ရက်နေ့ကတည်းက PNO က အချက် နှစ်ချက်နဲ့ စစ်သားစု ဆောင်းနေခဲ့တာပါ” လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း တာဝန်ရှိသူက ပြောပြပါတယ်။

၂၀၂၂ခုနှစ်၊ ဇွန်လနောက်ပိုင်း စစ်သင်တန်းတက်ရောက်ထားတဲ့ လူငယ်တွေ တာဝန်လာရောက်ထမ်းဆောင်ဖို့ နဲ့ မိမိအရပ်ဒေသလုံခြုံရေးအတွက် စစ်မှုထမ်းဖို့ ခေါ်ယူနေတာဖြစ်ပြီး ကျေးရွာတစ်အုပ်စုကို လူဦးရေ အချိုးကျခေါ်နေတာလို့ သူက ဆက်ပြောပါတယ်။

အိုဝ်းဒေသခံတွေကို စစ်မှုထမ်းဖို့  ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO)  က ခေါ်ယူနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြ

ဓာတ်ပုံ ရင်းမြစ်, PNO

ဓာတ်ပုံ ပုံစာ, ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) တပ်သားတွေ

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) ကလည်း တပ်သားခေါ်ယူနေကြောင်း ဝန်ခံထားပြီး ရပ်ရွာလုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ကာကွယ်နိုင်အောင် ဆောင်ရွက်တာလို့ ဘီဘီစီကို တုံ့ပြန်ပြောပါတယ်။

တပ်သားအင်အားဘယ်လောက်စုဆောင်းထားပြီလဲ၊ လက်နက်တပ်ဆင်မှုအပိုင်းကရော ဘယ်လိုဆောင်ရွက်ထားလဲလို့ မေးခွန်းထုတ်ခဲ့ရာမှာတော့ PNO ပြောရေးဆိုခွင့်ရ ခွန်စောကျော်ဝင်းက “ကျွန်တော်အတိအကျ မသိဘူး” လို့ ဖြေကြားပါတယ်။

“အချို့နေရာမှာဆိုရင် ကျွန်တော်တို့ ဦးဆောင်တာတောင်မဟုတ်ပါဘူး၊ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသလုံခြုံဖို့ အတွက် သူတို့ဘာသာ လုပ်ဆောင်တာပေါ့။ ရွာတိုင်းနီးနီးလို့တော့ ပြောလို့ရနိုင်တဲ့ အနေအထားလို့ ပြောနိုင်တယ်၊ အရေအတွက် ဦးရေတော့မသိဘူး” လို့ ခွန်စောကျော်ဝင်းက ပြောပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မြို့တွေဖြစ်တဲ့ ဆီဆိုင်၊ ဟိုပုံး နဲ့ ပင်လောင်း သာမက တောင်ကြီး၊ ညောင်ရွှေ၊ လွိုင်လင်လေးတို့ဘက်မှာ အခုလိုဆောင်ရွက်နေတာလို့ သူက ဆက်ပြောပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့အစည်း တာဝန်ရှိသူကတော့ “စစ်မှုထမ်းဥပဒေလည်းထွက်လာတော့ PNO ထဲ ဝင်မလား စစ်ကောင်စီတပ်ထဲဝင်မလားပေါ့။ အဲဒီလို ဒေသခံတွေကိုပြောဆိုတာတွေရှိလာတယ်” လို့ မြေပြင်အခြေအနေကို ပြောပြပါတယ်။

စစ်ဘေးရှောင်ရင်း ရင်ဆိုင်လာရတဲ့ စစ်သားစုဆောင်းမှု

ဓာတ်ပုံ ရင်းမြစ်, PNLA

စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကလည်း စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့၊ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ အင်အားစုဆောင်းနေပြီး ၁၀ အိမ်ကို ၁ ယောက်နှုန်းခေါ်ယူတာမျိုးဖြစ်လို့ “နှစ်ဖက်ခေါ်တဲ့ပုံစံမတူဘူး”လို့လည်း ပအိုဝ်းလူငယ်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက နှိုင်းယှဉ်ပြောပြပါတယ်။

အခုလို စစ်သားစုဆောင်းတဲ့အခြေအနေတွေကြောင့် ပအိုဝ်းစစ်ဘေးရှောင်တွေဖြစ်ကြောင်းထုတ်ဖော်ပြောဖို့ စိုးထိတ်နေကြသလို စစ်မှုထမ်းဖို့ ဖိအားပေးတာတွေပါ ရင်ဆိုင်နေရပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြတဲ့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ PNLA၊ PNO နဲ့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့တို့ကိုပါ ဘီဘီစီက မေးမြန်းဖို့ကြိုးစားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

သိန်းနဲ့ချီတဲ့ စစ်ရှောင်တွေ ရင်ဆိုင်ရတဲ့ နောက်ထပ်အခက်အခဲတွေကတော့ အတင်းအကျပ်နေရပ်ပြန်ခိုင်းတာ၊ စစ်ရှောင်ရာလမ်းတလျှောက်က ဂိတ်စခန်းတွေကနေ ငွေကြေးတောင်းခံမှုတွေနဲ့ ပစ်ခတ်မှုတွေကို ရင်ဆိုင်ရတာလို့ သိရပါတယ်။

“ဖေဖော်ဝါရီ ၂၉ ရက် နောက်ပိုင်းကစလို့ ပြည်သူ့စစ်အဖွဲ့တွေက စစ်ရှောင်တွေကို အိမ်မပြန်ရင် နေရပ်က အိမ်ကို ချိပ်ပိတ်မယ်ဆိုလို့ တချို့ အိမ်ထောင်ဦးစီးတွေအိမ်ပြန်ကြတယ်”

“ဂိတ်တွေကို ဖြတ်တာမှာ သတ်မှတ်တဲ့အချိန်ကျော်ရင် သေနတ်နဲ့အပစ်ခံရတာတွေရှိတယ်။ အခုလ ၁၈ ရက် နေ့မှာတင် ဆီဆိုင်၊ ဆိုက်ခေါင်အဝင်ဂိတ်နဲ့ ဟိုပုံးဘက်မှာ ဖြစ်ခဲ့တယ်” လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းတာဝန်ရှိသူက မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဆီဆိုင်မြို့ ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PNLA

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဆီဆိုင်မြို့ ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းမြင်ကွင်း

နောက်ဆက်တွဲကတော့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေအိမ်နဲ့ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေပြန်ရှိလာတဲ့အခါ အရပ်သားထိခိုက်သေဆုံးတာတွေရှိသလို သွားလာရာလမ်းကြောမှာ ပစ်ခတ်ခံရလို့ သေဆုံးတာတွေ အခုနောက်ပိုင်းမှာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် စားဝတ်နေရေးခက်ခဲနေပြီလို့ ဆိုကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြုံတွေ့ခဲ့ရတဲ့ စစ်ဘေးဒဏ်ထက် အခုတခါက ပိုပြီးဆိုးရွားတယ်လို့ ရင်ဖွင့်ပါတယ်။

“တိုက်ပွဲမဖြစ်ခင်လပိုင်းအလိုတုန်းကတော့ ဆီဆိုင်က ကရင်နီစစ်ရှောင်တွေအတွက် အာဆီယံလူသားချင်း စာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး(AHA Centre) က ဆန်လာထောက်ပံ့တာရှိတယ်။ ဒါလည်း မလုံလောက် ပါဘူး”

“အခုတော့ ဘာအထောက်အပံ့မှကိုမလာတော့ဘူး” လို့ စစ်ရှောင်ကူညီခဲ့သူ ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့်မြေပြင်မှာ အခက်အခဲတွေရင်ဆိုင်နေရတဲ့ စစ်ရှောင်တွေဆီ ထိရောက်တဲ့အကူအညီတွေ အမြန်ဆုံးပေးနိုင်အောင် ကြိုးစားပေးဖို့ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေကိုပါ တောင်းဆိုကြောင်းဒေသခံတွေက ပြောပါတယ်။

အမျိုးသားတွေသာမက ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေပါ ထိခိုက်သေဆုံးနေတာကြောင့် ရှမ်းတောင်စစ်မျက်နှာပြင်မှာ အရပ်သားတွေလုံခြုံဖို့ တော်လှန်ရေးအစုအဖွဲ့တွေက မသွားလာသင့်တဲ့ နေရာတွေအကြောင်း အရပ်သားတွေဆီ သတင်းအချက်အလက်ရရှိအောင် ပိုပြီးထိရောက်အောင် ဆောင်ရွက်ဖို့လိုသလို စစ်ကောင်စီတပ်အနေနဲ့ အရပ်သားတွေရှိတဲ့အရပ်တွေကို မတိုက်ခိုက်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။