Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ဖြတ်ချင်သူတွေအတွက် အကြံပြုချက် (ကျန်းမာရေးအစီအစဉ်)


ဆေးလိပ်စဖြတ်သူတွေဟာ ပထမတပတ်မှာ အခက်ခဲဆုံးခံစားရပြီး၊ နောက် ၂ ပတ် ဆက် ထိန်းသွားနိုင်လျှင်တော့ နောက်ပိုင်းလွယ်ကူသွားနိုင်ပါတယ်။ ဒါက လူ့သဘာဝအရ အသစ်လုပ်တာတခုခုကို ၂၁ ရက် (၃ ပတ်) ကြာအောင် ဆက်တိုက်လုပ်နိုင်ပါက ဆက်လုပ်ချင်စိတ်ပေါက်စေတာကြောင့်ပါ။ ဒီအကြောင်း ကိုဝင်းမင်း ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆေးလိပ်စဖြတ်သူတွေအတွက် ပထမတပတ်က အခက်ခဲဆုံးဖြစ်ပေမဲ့၊ ကာလတစ်ခု ကျော်လွှားနိုင်ပြီးနောက်ပိုင်း လွယ်ကူသွားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။

လက်ရှိဆေးလိပ်စဖြတ်သူတွေဟာ ပထမတပတ်မှာ အခက်ခဲဆုံးခံစားရပြီး၊ နောက် ၂ ပတ် ဆက် ထိန်းသွားနိုင်လျှင်တော့ နောက်ပိုင်းလွယ်ကူသွားနိုင်ပါတယ်။ ဒါက လူ့သဘာဝအရ အသစ်လုပ်တာတခုခုကို ၂၁ ရက် (၃ ပတ်) ကြာအောင် ဆက်တိုက်လုပ်နိုင်ပါက ဆက်လုပ်ချင်စိတ်ပေါက်စေတာကြောင့်ပါ။ ဥပမာ အားကစား စလုပ်သူတွေ ၂၁ ရက်အထိ နေ့တိုင်းလုပ်သွားလျှင် ဆက်လုပ်ချင်အောင် စွဲသွားသလို၊ ဆေးလိပ်ဖြတ်တာမှာလည်း ဒီ ၂၁ ရက် ဆက်တိုက်မသောက်လျှင် ဆက်မသောက်ချင်စိတ်ဖြစ်ပြီး ဆေးလိပ်ပြတ်သွားနိုင်တာပါ။

ဆေးလိပ်ဖြတ်နေသူတွေ ပထမတပတ်မှာ ကိုယ်ကာယပိုင်း (Physical) စွဲလန်းမူ ဝေဒနာအပြင်းထန်ဆုံးခံစားရပေမဲ့ နောက်ပိုင်း ပျောက်သွားပြီး၊ စိတ်ပိုင်းထိန်းနိုင်မှုက ပိုအရေးပါလာပါတယ်။ ဥပမာ ဆေးလိပ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်း (မိတ်ဆွေသူငယ်ချင်း) နဲ့ ပစ္စည်းတွေ (သစ်ဆန်းလှပ အနံအရသာကောင်းတာမျိုး) ပြန်ကြုံရချင် စိတ်အလိုလိုက် ပြန်စမ်းမိတတ်တာပါ။ ဒါမျိုးကို ရှောင်နိုင်ဖို့ အရေးကြီးပါတယ်။ ပြန်စမ်းသောက်မိခဲ့လျှင်လည်း ချက်ချင်း ပြန်ဖြတ်သင့်ပါတယ်။ ပထမတစ်ကြိမ်မရလျှင်တောင် နောက်တစ်ကြိမ် ရနိုင်လိုပါ။ စိတ်ခိုင်ခိုင်မာမာထား ဆက်ကြိုးစားဖို့သာ အဓိကပါ။

တချိန်ထဲမှာ ဖြတ်နေစဉ် ဆေးလိပ်က ရိုးရာအစဉ်အလာသောက်လာတာ၊ မိမိနဲ့နီးစပ်သူတွေ သောက်ကြပေမဲ့ ရောဂါမဖြစ်ဘဲ အသက်ရှည်သူတချို့ ရှိတယ်ဆိုပြီး ပြန်လျှော့ချမိတာပါ။ ဒါပေမဲ့ တကယ်တမ်း ဆေးလိပ်က မြန်မာ့ရိုးရာ အစဉ်အလာယဉ်ကျေးမူ မဟုတ်ပါဘူး။ ဆေးရွက်ကြီးကို ကမာ္ဘ့အနောက်ပိုင်းကနေ စတွေ့ရှိ၊ သောက်သုံးလာပြီး၊ အရှေ့တိုင်းဘက်ကို တဖြည်းဖြည်းရောက်လာတာပါ။ ဒါ့အပြင် အရင်တုံးက ဆေးလိပ်ကြောင့် ကင်ဆာဖြစ်တာကို မသိခဲ့ကြသလို၊ သက်သေမပြနိုင်ခဲ့ကြလို့ ဆက်သောက်ခဲ့ကြတာပါ။ အခုကတော့ ကင်ဆာဖြစ်တာကို သိပ္ပံနည်းကျ တွေ့ရှိထားပြီးပါပြီ။

နောက် မိမိနဲ့နီးစပ်တဲ့ အဖိုးအဖွားတချို့ ဆေးလိပ်သောက်ခဲ့ပေမဲ့ ရောဂါမဖြစ်ဘဲ သက်ရှည်နေနိုင်ခဲ့လျှင်တောင် ရှားရှားပါးပါး ချွင်းချက်ဖြစ်တာမို့ နမူနာမယူသင့်ပါဘူး။ တကမ်တမ်း သိပ္ပံပညာတွေ့ရှိချက်တွေအရ ဆေးလိပ်သောက်ခဲ့ပြီး အခုလို ထူးထူးခြားခြား အသက်ရှည်သူက တစ်သောင်းမှာ တစ်ယောက်မျိုးမျှသာ တွေ့ရတာဖြစ်ကာ၊ ကျန်တဲ့ ဆေးလိပ်သောက်သူ အများစုမှာတော့ ကင်ဆာမျိုးစုံ ခံစားရပြီး သက်တမ်းစေ့ မနေနိုင်ခဲ့ကြတာကို တွေ့ရှိထားပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်နေစဉ် ဒီသိပ္ပံနည်းကျ အများလက်ခံထားတာကို မမေ့လိုက်သင့်ပါဘူး။

ဆေးလိပ်သောက်တာနဲ့ Vaping ဆေးလိပ်ငွေ့ရှူတာအပြင် ကွမ်းစားတာကိုလည်း အလားတူ မြန်မာ့ရိုးရာယဉ်ကျေးမူကို ထိန်းတာဆိုပြီး ဆက်မလုပ်သင့်ပါဘူး။ အကြောင်းကလည်း အလားတူပဲ၊ အရင်တုန်းက ကွမ်းစားတာကြောင့် ပါးစပ်ကင်ဆာအပါအဝင် ကင်ဆာတွေဖြစ်တာကို မသိခဲ့၊ သက်သေမပြနိုင်ခဲ့ပေမဲ့၊ အခုအချိန် သိပ္ပံနည်းကျ တွေ့ရှိလာတာကြောင့်ပါ။ အဓိကအားဖြင့် ကွမ်းထဲထည့်စားတဲ့ ဆေးရွက်ကြီးအပြင်၊ ကွမ်းသီးနဲ့ ထုံးတွေမှာလည်း ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါဝင်နေတာကို တွေ့ရှိထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ လူထုကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG