ယူကရိန်း စစ်ပွဲ - ရုရှား ကမ်းတပ် စစ်သင်္ဘောတွေကို ယူကရိန်း ဖျက်ဆီး

မြေအောက်ဘူတာရုံထဲမှာ ယူကရိန်းတွေ စစ်ဘေးရှောင်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြေအောက်ဘူတာရုံထဲမှာ ယူကရိန်းတွေ စစ်ဘေးရှောင်နေ

ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ထဲက ပင်လယ်နက် သင်္ဘောအုပ်စု အသုံးပြုနေတဲ့ ဆက်သွယ်ရေးစခန်း နဲ့ ဆိပ်ကမ်း အဆောက်အအုံတွေကို တိုက်ခိုက် ခဲ့ပြီး ရုရှားရဲ့ ကမ်းတပ် စစ်သင်္ဘော ၂ စီး ထိခိုက် ပျက်စီး မှုရှိခဲ့တယ်လို့ ယူကရိန်း ဘက်က ပြောပါတယ်။

ရုရှား စစ်တပ်ရဲ့ ကမ်းတပ် စစ်သင်္ဘောတွေ ဖြစ်တဲ့ ရာမဲလ် နဲ့ အက်ဇော့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ယူကရိန်း စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ဒေသက ဆီဗက်စတိုပိုးလ် မြို့ကိုလည်း ယူကရိန်းတို့က စနေနေ့မှာ ဒုံးကျည် ၁၀ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ခန့်အပ် ထားတဲ့ မြို့တော်ဝန်က ပြောပါတယ်။

ယူကရိန်းရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ရုံး အဆောက်အအုံတစ်ခု၊ ဂတ်စ်ပိုက်လိုင်း တစ်လိုင်း ပျက်စီးပြီး အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆီဗက်စတိုပိုးလ် မြို့တော်ဝန်ဟာ တယ်လီဂရမ် ချန်နယ်က တဆင့် ပြောဆိုပါတယ်။

ဆီဗက်စတိုပိုးလ် မြို့တော်ဝန်ရဲ့ ပြောကြားမှုဟာ ယူကရိန်းတို့ဘက်က ထုတ်ပြန်တဲ့ တိုက်ခိုက်မှုကို ရည်ညွှန်း ပြောဆိုတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူကရိန်းဘက်က ပြောတဲ့ ရုရှား ကမ်းတပ် စစ်သင်္ဘာတွေကို ဖျက်ဆီးနိုင်ခဲ့တယ် ဆိုတဲ့ အချက်ကိုလည်း ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရုရှား ကလည်း ယူကရိန်းမြို့တော်ကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး ဒုံးကျည် ၁၈ စင်း နဲ့ ဒရုန်း ၂၅ စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေသစံတော်ချက် မနက် ၅ နာရီလောက်မှာ တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ကိဗ် မြို့တော်မှာ နေထိုင်သူတွေဟာ မြေအောက် ရထားဘူတာရုံတွေထဲမှာ သွားနေကြရပါတယ်။ ထိခိုက်ပျက်စီးမှု အနည်းငယ်ပဲ ရှိတယ်လို့လည်း ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းအနောက်ပိုင်း လဗိမြို့က အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေပစ်မှတ် ထားပြီး ဒုံးကျည် အစင်း ၂၀ နဲ့ ဒရုန်း ၇ စင်း နဲ့ ရုရှားတို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ပဲထိန်း ဒုံးကျည် တစ်စင်းဟာ ယူကရိန်းရဲ့ အိမ်နီးချင်းလည်း ဖြစ်၊ နေတိုးအဖွဲ့ဝင် နိုင်ငံလည်း ဖြစ်တဲ့ ပိုလန် လေပိုက်နက်ထဲကို ဝင်ရောက်ခဲ့တယ်လို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အိုဆာဒိုးမြို့နားက ပိုလန် လေပိုင်နက်ထဲကို ဒုံးကျည် ဝင်ရောက်လာခဲ့ပြီး ၃၉ စက္ကန့်ကြာမြင့်ခဲ့တယ်လို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ ဒုံးကျည်ပျံသန်းချိန် ကို စစ်ဘက်ဆိုင်ရာ ရေဒါ စနစ်နဲ့ တချိန်လုံး စောင့်ကြည့်ခဲ့တယ်လို့ ပိုလန် စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း ရုရှားက ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ယူကရိန်း ထဲကို ပစ်ခတ်ခဲ့တာကြောင့် ရေလှောင်ဆည် တစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး သန်းနဲ့ချီတဲ့ ယူကရိန်းတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယူကရိန်း ဘက်က ခရိုင်းမီးယား ဒေသကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။

ကိဗ်မြို့နားက ဒုံးကျည် အပျက်အစီးများ
ဓာတ်ပုံ ပုံစာ, ကိဗ်မြို့နားက ဒုံးကျည် အပျက်အစီးများ

အထူးသဖြင့် ပင်လယ်နက်ထဲက ရုရှား စစ်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက် နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ မြင်တွေ့ခဲ့ရတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေ အရ ရုရှား စစ်သင်္ဘောတွေဟာ ခရိုင်းမီးယားကနေ ပင်လယ်နက်ထဲက ရုရှားဆိပ်ကမ်း နိုဗိုရော့ဆီးယက်ကို ပြောင်းရွှေ့သွားတာကို တွေ့မြင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့လကလည်း ရုရှား လေယာဉ်တင် သင်္ဘော ဆီဆာ ကုနီကော့ဗ်ကို ယူကရိန်းတို့က တိုက်ခိုက် နစ်မြှုပ် နိုင်ခဲ့တယ်လို့ ယူကရိန်း တပ်ဖွဲ့တွေက ပြောဆိုပါတယ်။

ဒီဇင်ဘာလတုန်းကလည်း သူ့ရဲ့ ညီအစ်မ သင်္ဘောဖြစ်တဲ့ နိုဗိုချားကာဆက် သင်္ဘောဟာ ယူကရိန်းတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ တုန်းက ယူကရိန်းတို့ဟာ ပင်လက်နယ်ထဲမှာ အကြီးမား ဆုံး တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့ပြီး ရုရှားရဲ့ စစ်သင်္ဘောတွေ၊ ဆိပ်ကမ်း အဆောက်အအုံတွေကို ဒုံးကျည် တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ဆီဗက်စတိုပိုးလ် သင်္ဘောကျင်းမှာ အကြီးအကျယ် မီးလောင် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ အရေးပါတဲ့ ပင်လယ်နက် ဒုံးကျည်တင် သင်္ဘော မော့ခ်ဗာ ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ နစ်မြုပ်နိုင်ခဲ့ပါတယ်။ ယူကရိန်းတို့ဟာ တောင်ပိုင်း ဒေသက ရုရှားရဲ့ ထောက်ပံ့ရေး လမ်းကြောင်းမှာ အရေးပါတဲ့ ကာ့ခ် တံတားကိုလည်း အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ဒေသနဲ့ ဆက်စပ်နေတဲ့ ဒေသ အစိတ်အပိုင်း တွေကို ပြန်လည်း သိမ်းယူမယ် ဆိုပြီး ယူကရိန်းတို့က ကြွေးကြော်နေတာပါ။

ဒါပေမဲ့ ယူကရိန်းတို့ အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတွေက ထောက်ပံ့ တဲ့ လက်နက်တွေကို အဓိက အားကိုးပြီး လက်နက်အင်အား နဲ့ ပစ်အား သာလွန်တဲ့ ရုရှားကို ပြန်လည် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ခရိုင်းမီးယား ဒေသဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုမှာ အရေးပါတဲ့ နယ်မြေဒေသ တစ်ခု ဖြစ်ပြီး ပင်လယ်နက် ဒေသက ရုရှားရဲ့ ရာစုနှစ်များစွာ ကြာအောင် စစ်ရေး တည်ရှိမှု သင်္ကေတ အဓိက အချက်အချာ နေရာလည်း ဖြစ်ပါတယ်။

ခရိုင်းမီးယားကို ကျူးကျော် မသိမ်းပိုက်ခင် ကတည်းက အငှား စာချုပ်နဲ့ အဲဒီမှာ ရုရှား စစ်သင်္ဘောတွေ အခြေစိုက်ပြီး ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ခရိုင်းမီးယား ဒေသကို အနောက်အုပ်စုရဲ့ စစ်ရေး အချက်အချာ နေရာ မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ပြန်လည် သိမ်းယူရမယ်ဆိုပြီး ရုရှား သမ္မတ ဗလာဒီယာ ပူတင်က ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။