Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီပူလာချိန် ကျန်းမာရေးစောင့်ရှောက်မှု


နွေရာသီအပူဒဏ်
နွေရာသီအပူဒဏ်

ဒီနှစ်နွေရာသီမှာ မြန်မာနိုင်ငံ ပိုပူလာနိုင်ပြီး၊ အပူဒဏ်ကြောင့် တိုက်ရိုက်နဲ့ တဆင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကြိုကာကွယ်နိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။

မြန်မာနိုင်ငံမှာလည်း အယ်နီညိုဒဏ်နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒီနှစ် အပူဒဏ် ပိုခံရနိုင်ပါတယ်။ ဒီအပူဒဏ်ကြောင့် ချွေးထွက် ရေဓာတ်ဆားဓာတ် ဆုံးရှုံးပြီး အပူရှပ်တာမျိုး တိုက်ရိုက်ပြဿာနာအပြင်၊ ပူလာချိန် ရေခန်းခြောက်ရှားပါးမှုရဲ့ တဆင့်အကျိုးဆက်အဖြစ် ဝမ်းရောဂါ၊ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ၊ အရေပြားရောဂါမျိုးတွေလည်း ပိုခံရနိုင်ပါတယ်။ အပူရှပ်တာကတော့ ပြင်ပအပူချိန်မြင့်လာချိန် ခန္တာကိုယ်အပူချိန်လည်း ရုတ်တရက်လိုက်တက် ဖျားသလို ဖြစ်လာတာမှာ၊ ချွေးထွက် ရေဓာတ်ဆားဓာတ် ဆုံးရှုံးတာများပြီး သွေးပေါင်ချိန်ကျ နုံးကာ မူးဝေကိုက်ခဲတာနဲ့ စတတ်ပါတယ်။ ဒီအပူဒဏ်ပြဿနာတွေ မြန်မာအလယ်ပိုင်းနဲ့ ကယား (ကရင်နီ) လိုဘက်မှာပါ စဖြစ်နေတာ တွေ့လာနေရပါတယ်။

အခုလို အပူရှပ်နိုင်တာကို ကြိုတင်သိရှိဖို့ အစပျိုးလက္ခဏာတွေကို သိထားလျှင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အပူဒဏ် အစပျိုး လက္ခဏာတွေကလည်း ချွေးထွက်များပြီး ရေဓာတ်ဆားဓာတ် ဆုံးရှုံးမှုများကာ ရေငတ် နုံးချိအားနည်း မူးဝေလာတာ၊ နှလုံးခုန်မြန်တာ၊ ခေါင်းကိုက်လာတာတွေပါ။ ဒီအဆင့်မှာ ရေဓာတ်ပြန်ဖြည့်ပေးဖို့ ရေများများသောက်ပြီး အေးတဲ့နေရာ (အရိပ်ကောင်း/ လေအေးစက်ရှိနေရာ) မျိုးကို ရွှေ့နားလိုက်ခြင်းဖြင့်၊ အပူရှပ် ကိုယ်အပူချိန် တက်တာကနေ ကာကွယ်နိုင်ပါတယ်။ ဒီအဆင့်ကို ကာကွယ်နိုင်လျှင် ကြွက်တက်ချင်သလိုဖြစ်ပြီး၊ ချွေးဆက်မထွက်နိုင်တော့ဘဲ ခြစ်ခြစ်တောက် ကိုယ်ပူတဲ့ အပူရှပ်တက်တာ၊ သတိလစ်တာကနေလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ဒါ့အပြင် အခုလို အချိန်မှာ အပူပြင်းတဲ့ ဒဏ်ခံနိုင်ဖို့ သင့်တော်တဲ့ နေထိုင်သွားလာမှုလုပ်ဖို့ ကြိုပြင်ထားသင့်ပါတယ်။ အဓိကကတော့ ရေများများပိုသောက်ပေးပြီး၊ နေပူထဲထွက်တာရှောင်ကာ၊ နေထိုင်အလုပ်လုပ်ကိုင်တဲ့ နေရာကိုလည်း အေးနေအောင် စီစဉ်ထားတာပါ။ ရေများများသောက်ခြင်းဖြင့် ချွေးထွက်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ပြန်ဖြည့်ပေးပြီး၊ ချွေးထွက်တာက ခန္တာကိုယ်အပူချိန်ကို လျှော့ချပေးတာမို့ ချွေးတွေကို ချက်ချင်း မသုတ်လိုက်သင့်ပါဘူး။ အပူချိန်မြင့်တဲ့ မနက် ၁၀ နာရီကနေ မွန်းတည့်နဲ့ နေ့လည်ပိုင်းပိုင်း၊ နောက် ညနေ ၄ နာရီလောက်အထိ မလိုအပ်ဘဲ အပြင်ထွက်တာ ရှောင်ပြီး၊ အေးတဲ့ (သို့မဟုတ်) အရိပ်ကောင်း၊ လေဝင်လေထွက်ကောင်းတဲ့ နေရာ အဆောက်အဦးထဲမှာပဲ နေသင့်ပါတယ်။

တချိန်ထဲမှာ ရှောင်ရန်ဆောင်ရန် တချို့လည်း ရှိပါသေးတယ်။ အဓိကကတော့ ရေဓာတ်ခန်းခြောက်စေတဲ့ အရက်သောက်တာ ဖြစ်နိုင်လျှင် မလုပ်ဖို့၊ လျှော့ချဖို့နဲ့၊ အပူဒဏ်နဲ့သင့်တော်တဲ့ ဝတ်စားဆင်ယင်မူအတွက် ကြိုပြင်ထားဖို့ပါ။ ဥပမာအားဖြင့် ပေါ့ပေါ့ပါးပါး ချောင်ချောင်ချိချိ အဝတ်မျိုးဝတ်ပြီး၊ အပူစုပ်ထားနိုင်တဲ့ နိုင်လွန်ထည်နဲ့ အရောင်တောက်တာ (အမဲ၊ နက်ပြာစတာ) မျိုးမဝတ်ဘဲ၊ လေဝင်လေထွက်ကောင်းတဲ့ ချည်သားထည်နဲ့ အရောင်ဖျော့တာ (အဖြူ) မျိုး ဝင်သင့်ပါတယ်။ ဒါ့အပြင် အပူဒဏ်ပိုခံရနိုင်တဲ့ သက်ကြီးနဲ့ ကလေးတွေကို ပိုဂရုစိုက် ကာကွယ်ပေးသင့်ပါတယ်။ တောထဲတောင်ထဲ စစ်ရှောင်နေရသူတွေအတွက်လည်း ပူလွန်းပြီး တောမီးလောင်နိုင်မျိုးကို သတိထားသင့်ပြီး အလားတူကာကွယ်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံထဲ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါတွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအိကလျာမိုး ကို မေးထားပါတယ်။

Forum

XS
SM
MD
LG