Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ထုတ်ပြန်ချက်အတုကို ကိုးကားပြောဆို


စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် NUG အမျိုးသားညီညွတ်ရေးအစိုးက ထုတ်ပြန်တယ်လို့ဆိုထားတဲ့ ထုတ်ပြန်ချက်အတု
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် NUG အမျိုးသားညီညွတ်ရေးအစိုးက ထုတ်ပြန်တယ်လို့ဆိုထားတဲ့ ထုတ်ပြန်ချက်အတု

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း

သူတို့ပြောနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းမှာပဲ သွေးကွဲမှုတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းမှာပဲ စစ်ကိုင်းဘက်မှာဆိုရင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ဘဲနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်နေတာ မျိုးတွေရှိတယ်။ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့ကကိုပဲ တချို့သောလက်နက် ကိုင်အဖွဲ့တွေကို လက်မခံဘူးလို့ သူတို့ကိုယ်တိုင်ကြေညာခဲ့တာတွေရှိတယ်။

ဒါကမှားယွင်းပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ CRPH ကိုယ်တိုင်က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အချို့သော လက်နက်ကိုင်တပ်ဖွဲ့တွေ လက်မခံဘူးလို့ ကြေညာခဲ့တာရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ(၂၇) ရက်နေ့မှာ ပြောပါတယ်။

“သူတို့ပြောနေကြတဲ့ လက်နက်ကိုင်အဖွဲ့အ စည်းတွေအတွင်းမှာပဲ သွေးကွဲမှုတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်းမှာပဲ စစ်ကိုင်းဘက်မှာဆိုရင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ဘဲနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်နေတာ မျိုးတွေရှိတယ်။ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့ကကိုပဲ တချို့သောလက်နက် ကိုင်အဖွဲ့တွေကို လက်မခံဘူးလို့ သူတို့ကိုယ်တိုင်ကြေညာခဲ့တာတွေရှိတယ်။” လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ CRPH တို့က စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်မခံဘူးလို့ ပြောဆိုခဲ့ခြင်း မရှိတာကို အချက်အလက်စစ်ဆေးမှုအရ တွေ့ရှိရပါတယ်။။ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၈)နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဗိုလ်နဂါးဦးဆောင်တဲ့ (MRDA)ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။ ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နာတွေမှာလည်း အဲ့ဒီထုတ်ပြန်ချက်အတုကို ဖြန့်ဝေခဲ့ကြပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ထားခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိခွင့်ရှိသူ ဦးမောင်မောင်ဆွေက မဇ္ဈိမသတင်းဌာနကို ဩဂုတ်လ(၂၉)ရက်နေ့မှာ ဖြေကြားထားပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်လို့ အွန်လိုင်းမှာပျံ့နှံ့နေသည့် ထုတ်ပြန်ချက်အတု
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်လို့ အွန်လိုင်းမှာပျံ့နှံ့နေသည့် ထုတ်ပြန်ချက်အတု

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက (NUG) နဲ့ CRPH အချို့သော လက်နက်ကိုင်တပ်ဖွဲ့တွေ လက်မခံဘူးလို့ ကြေညာခဲ့တာရှိတယ်လို့ စွပ်စွဲပြောဆိုထားပေမယ့် NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နိုဝင်ဘာလ (၂၈)ရက် အမျိုးသားညီညွတ်ရေးအစိုးရအစည်းအဝေးမိန့်ခွန်းအတွင်းမှာတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ဦးတည်တဲ့ မည်သည့် တော်လှန်ရေးမျိုးကိုမဆို ဝမ်းမြောက်စွာ ကြိုဆိုပွေ့ဖက်ကြဖို့ အမြဲ အသင့်ရှိနေရမယ်လို့ ထည့်သွင်းပြောဆိုထားတာ တွေ့ရပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်အတွင်းမှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့အဖွဲ့တွေဟာ ပြည်သူလူထုအပေါ် အကြိမ်ကြိမ် သတ်ဖြတ်တာ၊ လုယက်တာတွေ လုပ်ဆောင်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာ အမြင်မတူတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ စွပ်စွဲချက်တွေ ပါရှိပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက အမြင်မတူတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုပေမယ့် ဒေသခံများရဲ့ ပြောဆိုမှုတွေကို ကိုးကားထားတဲ့ သတင်းဖေါ်ပြချက်တွေမှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာနဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖေါ်ပြကြပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်အလုံးပေါင်း စစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံးအထိ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖေါ်ပြထားပါတယ်။

ISP Myanmar ရဲ့ အချက်အလက်ကောက်ယူဖေါ်ပြချက်တွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ပွဲများကြောင့် နိုင်ငံအနှံ့ နေအိမ်အဆောက်အအုံ(ဘာသာရေးအဆောက်အအုံများအပါအဝင်) ၈၆,၁၃၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုများက ခံစစ်အသွင်ပြောင်းလာပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ လျော့နည်းလာတယ်လို့လည်း ISP Myanmar က ဖေါ်ပြထားပါတယ်။

ဉာဏ်လင်းသစ် သုတေသန အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် မေလအတွင်းမှာ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ နိုင်ငံတဝန်းမှာ လူ (၅) ဦးထက်မနည်း သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း (၁၄၂) ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပါဝင်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၀၈ ဦး သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသအတွင်းက (၁၀)မြို့နယ်မှာတော့ (၃၃၂) သေဆုံးထားပါတယ်။

XS
SM
MD
LG