Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် မြန်မာ MoU အလုပ်သမားတွေ ထိုင်းနိုင်ငံကို လေကြောင်းကပို့မည်


MOU နဲ့ထိုင်းနိုင်ငံရောက်လာတဲ့ မြန်မာအလုပ်သမားများ (ယခင်မှတ်တမ်းပုံ)
MOU နဲ့ထိုင်းနိုင်ငံရောက်လာတဲ့ မြန်မာအလုပ်သမားများ (ယခင်မှတ်တမ်းပုံ)

ထိုင်းနယ်စပ်အနီး မြဝတီမြို့မှာဖြစ်ပွားနေတဲ့ မြန်မာစစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ပွဲတွေကြောင့် ထိုင်းကိုပုံမှန်စေလွှတ်နေတဲ့ MoU အလုပ်သမားတွေကို လေကြောင်းကနေ ပြောင်းလဲပို့ဆောင်ဖို့ ရှိနေပါတယ်။ အရေးပေါ်အခြေအနေအရ ထိုင်း-မြန်မာ နှစ်နိုင်ငံညှိနှိုင်းမှုနဲ့ အခုလာမဲ့ ဧပြီလ၂၉ ရက်ကစပြီး စေလွှတ်သွားမယ်လို့ မြန်မာအလုပ်သမားရေးဌာနကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

မြဝတီနယ်စပ်ကနေ ထိုင်းကိုစေလွှတ်နေတဲ့ မြန်မာ MoUအလုပ်သမားတွေကို လုံခြုံရေးအခြေအနေကြောင့် လေကြောင်းလိုင်းနဲ့ ပြောင်းလဲ စေလွှတ်ဖို့ရှိနေပါတယ်။ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း ထိုင်းကိုအချိန်မီစေလွှတ်ရမဲ့ အလုပ်သမားတွေအတွက် အခုလို ဖြစ်နိုင်တဲ့နည်လမ်းနဲ့ နှစ်နိုင်ငံညှိနှိုင်းပြီး လုပ်ခဲ့ရကြောင်း မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" အများစုသွားတာက မြဝတီလမ်းကြောင်း ဖြစ်တဲ့အတွက် မြဝတီလမ်းကြောင်းမှာ နှောင့်နှေးဖွယ်ရာ အခြေအနေတွေနဲ့ လက်ရှိမှာ တွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနဲ့ ထိုင်း Department of Employment နဲ့ ညှိနှိုင်းပြီးတော့ လေကြောင်းခရီးနဲ့ ထိုင်းနိုင်ငံကို MoU လုပ်သားတွေပို့ဖို့ မူအားဖြင့် သဘောတူညီချက် ရပြီးဖြစ်ပါတယ်။အကုန်အကျများတာ ဖြစ်ပါတယ်။ အကုန်အကျများရင် ရွှေ့ပြောင်းအလုပ်သမားတွေမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီး စိုက်ထုတ်ရတာ ရှိတဲ့အတွက် ဒီဟာကို ရေရှည်သွားဖို့ မဆောင်ရွက်ချင်ပါဘူး။ ဒါဟာ လောလောဆယ်အရေးပေါ် အခြေအနေအရ ဆောင်ရွက်သွားမဲ့ နည်းလမ်းတခုလို့ ပြောလို့ရပါတယ်။"

အလုပ်သမား ၁၅၀ လောက်ကို လေကြောင်းလိုင်းနဲ့ အရင်ဆုံးစေလွှတ်ဖို့ရှိပါတယ်။ မြန်မာပြည်အောက်ပိုင်း ကော့သောင်းမြို့ကို လေယာဉ်နဲ့သွားပြီး အဲဒီကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ကို စက်လှေနဲ့ကူးတဲ့ နည်းလမ်းကိုလည်း မျှပြီးအသုံးပြုနေကြောင်း သူကပြောပါတယ်။

ထိုင်းနိုင်ငံကတော့ အခုအချိန်အထိ မြန်မာနိုင်ငံသားတွေ အများဆုံးသွားရောက် အလုပ်လုပ်နေတဲ့ နိုင်ငံဖြစ်နေဆဲပါ။ ထိုင်းရောက် မြန်မာအဖွဲ့အစည်းတွေ အကြမ်းဖျင်းပြုစုထားတဲ့ စာရင်းတွေအရဆိုရင် ထိုင်းမှာ မြန်မာလုပ်သား ၄ သန်းကျော် နေထိုင်၊ အလုပ်လုပ်နေကြပါတယ်။ အများစုက ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းလို ဝင်ငွေနည်းတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတာပါ။ သူတို့က တရက်ကို ဘတ်၄၀၀လောက် အနည်းဆုံးရဖို့ မျှော်လင့်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

အခုနှစ်ရဲ့ ငွေကြေးဖောင်းပွနှုန်းကို ထည့်တွက်ပြီး မြို့အသီးသီးမှာရှိတဲ့ အခြေခံနေ့စားခတွေကို ဇန်နဝါရီလထဲမှာ ၁၀ ဘတ်စီ ထိုင်းအစိုးရက တိုးပေးခဲ့ပါတယ်။ ၂၀၂၂ တုန်းက တရက်ကို ၃၅၃ ဘတ်ရခဲ့တဲ့ ဘန်ကောက်က အလုပ်သမားတဦးက ၃၆၃ ဘတ်ကို တိုးရခဲ့တာပါ။ ဒီနှုန်းထားကို အခု ဧပြီလထဲမှာ ထပ်တိုးပေးမယ်လို့ ထိုင်းအစိုးရဘက်က ပြင်ဆင်ထားခဲ့ပေမဲ့ ခရိုင်ဆယ်ခုက ဟိုတယ်ဝန်ထမ်းတွေကိုပဲ ဘတ် ၄၀၀ သတ်မှတ်ပေးလိုက်တာပါ။

ထိုင်းအစိုးရအရင်ကတိုးပေးခဲ့တဲ့ လုပ်ခလစာကိုတောင် မဲဆောက်လိုနယ်စပ်မြို့တွေမှာ မရရှိတဲ့ မြန်မာနိုင်ငံသား အများအပြားရှိနေပါတယ်။ ဒါကြောင့် လစာတိုးတဲ့ကိစ္စတွေဟာ မြန်မာအလုပ်သမားတွေအတွက် မျှော်လင့်ချက်သိပ်မရှိကြောင်း မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက ဗွီအိုအေကို ပြောပါတယ်။

" လုပ်ခလစာ တိုးခဲ့တယ်ဆိုရင်တောင်မှ MoU နဲ့သွားတဲ့၊ အေးဂျင့်နဲ့သွားတဲ့ အလုပ်သမားတွေ အနည်းစုလောက်ပဲ ရပြီးတော့ အလုပ်သမားတွေအားလုံး ခံစားခွင့်ရမှာ မဟုတ်ဘူးပေါ့နော်။ လက်ရှိဆိုရင်လည်း မဲဆောက်မှာရှိနေတဲ့ အလုပ်သမားတွေက တနေ့အထည် ၁၀၀ ရဖို့အတွက်ကို ည၁၂နာရီ ၁ချက်အထိတောင် အိုတီတွေဆင်းနေပြီးတော့ ချုပ်နေရတာပေါ့နော်။ ဒီလိုမျိုး day ကြေးတွေ လုပ်ခလစာ အပြောင်းအလဲ ဖြစ်သွားတယ်ဆိုရင်လည်း ဒီမှာတော့ ပြောင်းလဲမယ်လို့ မမြင်ဘူးပေါ့နော်။ သူတို့တလစားဖို့ မရှိဘူးဆိုရင် သူတို့က နီးစပ်ရာစျေးဆိုင်တွေမှာ အကြွေးတွေယူပြီးတော့ စားတယ်။ လစာထုတ်ရင် ရတဲ့ ၁၀၀၀ ကျော် ၂၀၀၀ အဲဒီရတဲ့ဟာ အကြွေးတွေပြန်ဆပ်၊ အဲဒါနဲ့ပဲ အလုပ်သမားတွေက လည်နေကြတာပေါ့နော်။"

ထိုင်းနိုင်ငံရေးပါတီ Pheu Thai ပါတီကတော့ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ ၂၀၂၇ လောက်ရောက်ရင် တရက်ကို ဘတ် ၃၄၀ ကနေ ၆၀၀ ကြားရှိသင့်တယ်လို့ ၂၀၂၃ ရွေးကောက်ပွဲမဲဆွယ်တုန်းက ပြောခဲ့ပါတယ်။ ဘတ် ၄၀၀ အားလုံးတပြေးညီ တိုးမြှင့်ပေးဖို့ကတော့ ထိုင်းအစိုးရအနေနဲ့ စဉ်းစားလိမ့်မယ်လို့ တချို့ကသုံးသပ်ပါတယ်။ အကြောင်းကတော့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်လာနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့်လို့ သုံးသပ်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG