Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်


ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ မီးရှို့ခံရ (မတ်လ၊ ၂၀၂၄)
ခင်ဦးမြို့နယ်အတွင်း ကျေးရွာတချို့ မီးရှို့ခံရ (မတ်လ၊ ၂၀၂၄)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း စစ်တပ် နယ်မြေရှင်းလင်းရေးအတွင်း နေအိမ် ၁၀၀ နီးပါး မီးရှို့ခံရပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး အလိမ္မာက ပြောပြပါမယ်။

စစ်ကိုင်းတိုင်းအတွင်းက မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပုလဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိရာ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို မနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းကစလို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်က ၇၉ နှစ်မြောက် တပ်မတော်နေ့ ကျင်းပတဲ့ရက်မှာပဲ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တော်လှန်ရေးနေ့ဖြစ်တယ်ဆိုပြီး အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးတာတွေရှိပြီး မြို့တွင်းမှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ပုလဲပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“၈ နာရီလောက်က ဝင်တိုက်တာ ၁ နာရီခွဲလောက်မှာ ပြန်ပြီး ဆုတ်ခဲ့တယ်ပေါ့။ တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီတော်လှန်ရေးက တော်လှန်ရေးသမားတွေအတွက်ဆိုရင် People Defence Force အဖွဲ့တွေရဲ့ အထိမ်းအမှတ် ဖြစ်တယ်ဆိုပြီးတော့ သူတို့ဝင်တိုက်တာပါ။ အခြေအနေက ရဲစခန်းဘက်ကလည်း ထိခိုက်ကျရှုံးမှုရှိတယ်လို့ သတင်းရထားပါတယ်။ ထွေအုပ်ရုံးကလည်း ထိခိုက်ကျရှုံးမှုရှိတယ်။ ဒဏ်ရာရတဲ့သူရှိတယ်လို့ပြောတယ်။ (ည) ၉ ခွဲ ၁၀ လောက်ထိ တိုက်ပွဲဖြစ်နေတာပဲ။ ၂ ဖက်အပြန်အလှန်ပစ်နေကြတာ လက်နက်ကြီးတွေနဲ့ပေါ့။ ဒီနေ့တော့ သူတို့မြို့ထဲမှာ အင်အားနဲ့ နည်းနည်းတင်းကြပ်မှုလေးတွေနဲ့ ကင်းတွေချပြီး ကင်းဆိုတာ သူတို့အဝေးကြီးလည်း မလာရဲတော့ဘူး သူတို့နယ်နိမိတ်လေးမှာ တင်းတင်းကြပ်ကြပ် လုပ်နေတယ်လို့ သတင်းကြားပါတယ်။”

စစ်တပ်ဘက်က ထိခိုက် ကျဆုံးတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပုလဲမြို့ပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ကာကွယ်ရေး တပ်ဖွဲ့တွေက ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပြီး မကြာခဏ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

ဒီအတောအတွင်း ရေဦးမြို့က မတ်လ ၂၅ ရက်က ထွက်လာတဲ့ စစ်တပ်ဟာ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဒီကနေ့ မတ်လ ၂၈ ရက်အထိ နယ်မြေ ရှင်းလင်းရေး လုပ်နေပါတယ်။​ ဒီ နယ်မြေရှင်းလင်းရေးအတွင်း နေအိမ်တွေ မီးရှို့ဖျက်စီးခံရတာတွေရှိပြီး အရပ်သား ၁ ဦးလည်း သတ်ဖြတ်ခံရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။ နေအိမ်တွေမီးရှို့ခံရပြီး အရပ်သား သတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီပေးနေသူ တဦးက အခုလို ပြောပြပါတယ်။

“တဲစု ရွာကိုကူးသွားချိန် လူတယောက် ဖမ်းခံရတယ်။ ဖမ်းသွားပြီးတော့ ခေါင်းဖြတ်ပြီး စောင်နဲ့ပတ်ပြီး ကောက်ရိုးပုံထဲ မီးရှို့ပြီး သတ်ထားခဲ့တာ။ အလောင်းတော့ ဖျောက်ထားခဲ့တာပေါ့။ အိမ် ၃၀ လောက်လည်း မီးရှို့သွားတယ် တဲစု က။ ဒီနေ့ ၂၈ ရက် မနက်ကြတော့ မုံလှ ရွာထဲကိုဝင်ပြီးတော့ ဒီကနေ့ ရှို့တာက ၅၀ လောက် ပါသွားတယ်။”

နေအိမ် ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မုံလှရွာဟာ ဒုတိယအကြိမ် မီးရှို့ဖျက်စီးခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလ ပထမအကြိမ် မီးရှို့ခံရတုန်းကလည်း နေအိမ် ၁၀၀ ကျော် မီးရှို့ ဖျက်စီးခံခဲ့ရပါသေးတယ်။ မုံလှ ရွာဟာ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုရဲ့ မွေးရပ်မြေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG