Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ကန်အကူအညီ နွေဦးတော်လှန်ရေးအတွက်အကျိုးရှိရှိသုံးစွဲမည်" NUG ဒုနိုင်ငံခြားရေးဝန်ကြီး


 NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး (ယခင်မှတ်တမ်းဓာတ်ပုံ)
NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး (ယခင်မှတ်တမ်းဓာတ်ပုံ)

အမေရိကန်အစိုးရကပေးမည့်ဘတ်ဂျက်ငွေ ချက်ချင်းရဖို့မရှိသေးပေမဲ့ ရတဲ့အချိန်မှာ နွေဦးတော်လှန်ရေးအတွက် အကျိုးရှိအောင်သုံးစွဲမှာဖြစ်တယ်လို့ NUG ဒုနိုင်ငံခြားဝန်ကြီးက ဗွီအိုအေကို ပြောပါတယ်။ NUG ၊ NUCC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် မြန်မာ့ဒီမိုကရေစီရေးကို ကူညီမည့် BURMA ACT ကို NDAA ရဲ့နောက်ဆက်တွဲအဖြစ်အမေရိကန်လွှတ်တော်မှာ ၂၀၂၃ ခုနှစ်က ပြဌာန်းပြီးနောက် ၂၀၂၄ ခုနှစ်အတွက် မြန်မာဆိုင်ရာ ဘတ်ဂျက်ငွေကို ဒေါ်လာ ၁၂၁ သန်းထက်မနည်းသုံးစွဲဖို့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ အမေရိကန်က သတ်မှတ်လိုက်တာပါ။ သက်ဆိုင်သူတွေဘက်က ဒီငွေတွေကို ဘယ်လို သုံးစွဲခွင့်ရမလဲဆိုတဲ့ နောက်ဆုံးအခြေအနေတွေကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်ရဲ့ စီးပွားရေးအကူအညီပေးမှု ရန်ပုံငွေဆိုတဲ့ ခေါင်းစဥ်အောက်မှာ 'မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းထက် မနည်းစေရ' လို့ သတ်မှတ်ပြဌာန်းလိုက်တာပါ။ အဲဒီဘတ်ဂျက်ထဲမှာ ခေါင်းစဥ်အလိုက်ခွဲဝေသုံးစွဲဖို့ သတ်မှတ်ထားတာဟာ အတော်လေးကျယ်ပြန့်ပြန့်ရှိတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ဗွီအိုအေကိုပြောပါတယ်။

လက်ရှိမှာတော့ မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းကို ဘယ်လိုပုံစံနဲ့ ဘယ်အဖွဲ့အစည်းကတဆင့် အမေရိကန်အစိုးရက ခွဲဝေပေးမလဲဆိုတာ မသိကြရသေးဘူးလို့ ဆိုပါတယ်။ NUG ကတော့ ဘတ်ဂျက်ငွေကို ချက်ချင်းရနိုင်တဲ့အခြေအနမျိုးမရှိပေမဲ့ ရလာတဲ့အချိန်မှာတော့ တော်လှန်ရေးအတွက် အကျိုးရှိအောင်အသုံးပြုသွားမယ်လို့ ဝန်ကြီးဦးမိုးဇော်ဦးက ဗွီအိုအေကိုပြောပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း ကျနော်တို့လိုအပ်တဲ့အကူအညီတွေအားလုံးကို သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးကိုလည်း ကျနော်တို့ တင်ပြထားပြီးသားဖြစ်တယ်၊ ဘယ်ကိစ္စဆိုလို့ရှိရင်တော့ ဘယ်လိုအကူအညီတွေလိုတယ်ဆိုတာကို တွက်ထားပြီးသားပေါ့လေ။ အဲဒီတော့ ဒီနှစ်အတွက် သတ်မှတ်ပြဌာန်းချက်က တကယ်တန်းပြောမယ်ဆိုလို့ရှိရင်တော့ ၆ လလောက်တောင် နောက်ကျနေပြီပေါ့လေ။ အဲဒီတော့ သက်ဆိုင်ရာ အမေရိကန်အစိုးရက အကူအညီပေးမဲ့အဖွဲ့အစည်းတွေအနေနဲ့ကလည်း သူတို့ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အစီအစဥ်တွေချမှတ်တာတို့၊ ညှိနှိုင်းတိုင်ပင်တာတို့- ဒါမျိုးတွေလည်း ဆောင်ရွက်ရမှာ ရှိနိုင်တယ်ပေါ့လေ၊ အဲဒီတော့ ကျနော့အနေနဲ့ပြောချင်တာကတော့ ဒီလိုမျိုးအကူအညီတွေ သတ်မှတ်လိုက်တယ်၊ ဥပဒေအားဖြင့်တော့ ပြဌာန်းလိုက်တယ်ဆိုပေမဲ့လည်း အကူအညီတွေက ချက်ခြင်းရောက်ရှိလာမယ်လို့တော့ ကျနော်တို့ မျှော်လင့်လို့မရသေးဘူး။ ဒီကြားထဲမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ ကျနော်တို့ရဲ့တာဝန်ရှိတဲ့ ဝန်ကြီးဌာနများနဲ့ အတတ်နိုင်ဆုံးညှိနှိုင်းပြီးတော့ ကျနော်တို့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်အောင် အကူအညီရရှိအောင်၊ ကျနော်တို့ပြည်သူလူထုအတွက်၊ ကျနော်တို့အရပ်သားတွေအတွက် အထောက်အပံ့အကူအညီရရှိအောင် ကြိုးစားသွားမယ်လို့တော့ပြောလို့ရပါတယ်ခင်ဗျ။"

မြန်မာအတွက်သုံးမည့် ဒေါ်လာ ၁၂၁ သန်းထက်မနည်းတဲ့ပမာဏကို ဘယ်လို ခွဲဝေအသုံးပြုရမလဲဆိုတာကို အထက်လွှတ်တော် ဘတ်ဂျက်ခွဲဝေရေးကော်မတီမှာ အသေးစိတ်ပြဌာန်းထားတာကို ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှု (LA2M)အဖွဲ့တာဝန်ခံ James Shwe က ဗွီအိုအေကို ပြောပါတယ်။

"Senate Appropriations Committee - ပေါ့၊ senate ဘတ်ဂျက်ချတဲ့ကော်မတီရဲ့ သူတို့ ရပို့ထဲမှာ ကျနော်တို့တွေ့တာကတော့ ယိုးဒယားနဲ့ အိန္ဒိယကနေပြီးတော့ cross ....program ပေါ့ဗျာ၊ နယ်စပ်ဖြတ်ကျော်ပြီးတော့ ပေးတဲ့ humanitarian assistance အတွက်က ၇၅ သန်းဗျ။ ပြီးတော့ governance and federalim programs ,..နော်၊ including at the local and State level၊ အဲဒါကျတော့ အစိုးရအုပ်ချုပ်ရေးပိုင်းနဲ့ governance ပေါ့နော်၊ အုပ်ချုပ်ရေးပိုင်းတွေမှာ သူတို့ သင်တန်းတွေ ဘာတွေ ပေးဖို့ပေါ့နော်၊ အဲဒီအတွက်ကိုက 10 million ။ ပြစ်မှုကျူးလွန်ထားတဲ့အထောက်အထားတွေကိုစုဆောင်းဖို့အတွက်ဆိုပြီးတော့ 7 million ၊ ရိုဟင်ဂျာတွေအတွက် ဝန်ဆောင်မှု- အဲဒီအတွက်က one million ၊ လူကိုသေစေနိုင်တဲ့ကိစ္စမျိုးမဟုတ်တဲ့အကူအညီပေါ့နော်၊ ပြီးတော့မှ အဲဒီ ကျွမ်းကျင်မှု လုပ်ငန်းဆိုင်ရာအကူအညီတွေအတွက်က ၂၅ သန်း၊ နိုင်ငံရေးအကျဥ်းသားတွေ အဟောင်းတွေအတွက်က 1.5 moillion၊ ဒီ စကစစစ်တပ်ကထွက်ပြေးလာတဲ့ စစ်တပ် CDM တွေအတွက်က 1.5 million ပေါ့။ အဲဒါတွေပေါင်းလိုက်ရင် hundred and twenty-one မီလီလျံရှိတယ်ဗျ။ အဲဒါကတော့ ဆီးနိတ်က လျာထား ထားတာပေါ့လေ။ သူတို့ပေးနေကျပုံစံက USAID က ပိုက်ဆံကို USAID ပါတနာလို့ခေါ်တဲ့ သူတို့နဲ့တွဲလုပ်နေတာကြာတဲ့အဖွဲ့အစည်းတွေ၊ သူတို့ယုံကြည်တဲ့အဖွဲ့အစည်းတွေ၊ ဥပမာ-UN တို့လို၊ Catholic Relief Services တို့လို အဲဒါမျိုးအဖွဲ့အစည်းတွေကိုပဲ သူတို့က ပေးမှဗျ။ အဲဒီတော့ အဲဒါက ပထမတဆင့်ပေ့ါနော်၊ ဒုတိယတဆင့်ကကျတော့ အဲဒီအဖွဲ့အစည်းတွေလက်အောက်မှာ implementation partner ဆိုပြီးတော့ အဲလို local NGO တွေ၊ CSO တွေ ရှိတယ်။ ကြားထဲမှာ adminstration cost တွေ ရှိမှာပေါ့နော်။ အဲဒီတော့ ထုံးစံအတိုင်းဆိုရင် ၄၅ % လောက်က adminstration cost နဲ့ပဲ သွားပြီးတော့ အောက်ကို ၅၅ % လောက်ပဲ ရောက်ဖို့အလားအလာ ရှိတယ်ဗျ။

BURMA ACT အရပေးမယ့်အားသာချက်ကတော့ အမေရိကန်အစိုးရ လက်အောက်ခံ အေဂျင်စီတွေအနေနဲ့ NUG အစိုးရနဲ့ NUCC တို့ကို ဘေးဖယ်ထားလို့မရတဲ့အပြင် ဘတ်ဂျက်ခွဲဝေရေးမှာ သူတို့အကြုံပြုချက်တွေ အရေးပါလာမှာဖြစ်တယ်လို့ James Shwe က ပြောပါတယ်။ အခုလို အမေရိကန်အစိုးရက မြန်မာ့နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးအရ တရားဝင်ထောက်ပံ့မည့်ကိစ္စအပေါ် စစ်ကောင်စီက သဘောထား တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG