Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ တိုက်ပွဲနေရာတွေမှာ နေအိမ်တွေဖောက်ထွင်းခံရ


ရခိုင် ဒုက္ခသည်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ - Rakhine Ethnics Congress)
ရခိုင် ဒုက္ခသည်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်နေတဲ့မြို့နယ်တွေနဲ့ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ ဒေသခံနေအိမ်တွေ ဖောက်ထွင်းခံရတာ၊ နေအိမ်ပစ္စည်းခိုးယူခံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အလားတူလိုပဲ မြန်မာနိုင်ငံတွင်း တခြားတိုင်းနဲ့ပြည်နယ်တွေက တိုက်ပွဲဖြစ်ရာ မြို့နယ်တွေမှာလည်း ဒီဖြစ်စဉ်တွေရှိနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ရခိုင်အပါအဝင် မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ် ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးတာ၊ မီးလောင်းဆုံးရှုံးတာတွေ ရှိနေတာပါ။ ဒီကြားထဲမှာ အခုလို ကျန်နေတဲ့ နေအိမ်တွေဖောက်ထွင်းခံရပြီး နေအိမ်ပစ္စည်းခိုးယူခံရမှုတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်တွင်း AA သိမ်းပိုက်ထားတဲ့ ရသေ့တောင်မြို့နယ်မှာဆိုရင်လည်း တိုက်ပွဲကြောင့် မြို့တွင်းနေအိမ်တွေ တော်တော်များများ ပျက်စီးသွားကြသလို မပျက်စီးဘဲကျန်ခဲ့တဲ့နေအိမ်တွေမှာလည်း ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ရသေ့တောင်ဒေသခံတဦးကပြောပါတယ်။

“စိုးရိမ်တာပေါ့။ ကျနော်မိတ်ဆွေတယောက်ဆိုလို့ရှိရင် သူအိမ်မှာထားခဲ့တဲ့ ဆိုင်ကယ်တွေ၊ နောက်ပြီးတော့ စပါးတင်း ၄ဝ လောက် ပျောက်သွားတာတွေရှိတယ်၊ နောက်ပြီးတော့ အဝတ်အစားတွေ၊ ကျန်ခဲ့တဲ့ကုန်ပစ္စည်းတွေ ပျောက်သွားတာတွေရှိတယ်၊ ဒါလည်း ကျနော့ မိတ်ဆွေတယောက်တည်းမဟုတ်ဘူး၊ မြို့ပေါ်မှာ အများစုက ဖောက်ထွင်းခံနေရတာကြားတယ်လေ။ ကျနော်တို့ကတော့ တကယ်လည်း စိတ်မကောင်းဘူး၊ ဒီအနေအထားမှာလေ၊ မြို့ကလည်း မီးလောင်တာ တော်တော်များတယ်ဗျာ။ ပျက်စီးတာများတယ်။ လက်နက်ကြီးကျည်ထိတာတွေ အဲဒီကြားထဲ ကျန်တဲ့ပစ္စည်းတွေကို ဖောက်ထွင်းခံရတာတွေရှိနေတယ်ဆိုတော့ ဒါ တကယ်လည်း စိတ်မကောင်းဖြစ်စရာပါပဲ။”

ရသေ့တောင်မြို့နယ်ကို AA သိမ်းပိုက်ထားတယ်ဆိုပေမယ့် လုံခြုံရေးအခြေအနေအရ ဒေသခံတွေကို မြို့တွင်းမှာ ပြန်လည်နေထိုင်ခွင့်မပေးသေးပါဘူး။ ဒါကြောင့်လည်း အခုလို နေအိမ်ပစ္စည်းတွေ ခိုးယူခံနေရတာနဲ့ ပတ်သက်ပြီး AA တပ်ဖွဲ့တွေလားဆိုပြီး သံသယရှိကြတယ်လို့ ဒေသခံက ပြောပါတယ်။

“အခုလက်ရှိက သူတို့တိုက်ပွဲဖြစ်ကတည်းက အပြင်ကလူတွေကို ပေးမဝင်ဘူးလေ၊ သူတို့ပဲ စောင့်ရှောက်ထားတာရှိတယ်။ အဲဒီထဲကနေ ပစ္စည်းတွေပျောက်တယ်ဆိုတော့ အဲဒါကိုပဲ ပြည်သူတွေက သံသယဖြစ်နေကြတာ။ ULA/AAနဲ့ ပတ်သက်တဲ့လူတချို့နဲ့ ပတ်သက်မှုရှိနိုင် တယ်ဆိုပြီး သံသယဝင်နေကြတယ်။ အပြင်ကလာပြီးတော့ ခိုးယူတာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့၊ ဒီကြားထဲမှာပေါ့နော်။”

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာလည်း အလားတူ နေအိမ်ဖောက်ထွင်းခံရတာတွေ၊ ဒေသခံတွေရဲ့ပစ္စည်းတွေ ခိုးယူခံရတာတွေ ရှိနေတယ်လို့ ပေါက်တောဒေသခံတဦးကပြောပါတယ်။

“ပေါက်တောမှာ တိုက်ပွဲတွေစတော့ စစ်တပ်က ရွာထဲရောက်လာတယ်ပေါ့နော်။ အဲဒီကတည်းက အိမ်တွေက ဖောက်ထွင်းခံရတာပေါ့နော်။ စစ်တပ်က အိမ်တွေဖောက်ပြီး သူတို့လိုတာအကုန်ယူတယ်။ ရွှေတွေ ငွေတွေ ယူတာပေါ့နော်၊ နောက် တိုက်ပွဲဖြစ်နေတဲ့ စပ်ကြားကာလထဲမှာလည်း အခွင့်အရေးယူတဲ့သူတွေ ရှိတာပေါ့နော်၊ မြို့ထဲဝင်ပြီး ဖောက်တယ်။ အဲလိုဖောက်ထွင်းခံရတဲ့အိမ်တွေ အများကြီးရှိပါတယ်။ တိုက်ပွဲပြီးသွားတဲ့ကာလမှာလည်း ပြည်သူတွေက မြို့ထဲဝင်လို့ရတဲ့ အခြေအနေမရှိသေးတဲ့အနေအထားမှာ ခိုးယူကြတာတွေရှိတယ်။ နောက်တခုကတော့ ကိုယ့်အိမ်ကပစ္စည်း သွားယူမယ်ဆိုပြီးတော့ သူများအိမ်ကပစ္စည်းတွေ ယူလာတယ်။ ဒါမျိုးတွေ အများကြီးရှိပါတယ်။ ပိုက်ဆံတွေရော မီးခံသေတ္တာကအစ ရွှေ ငွေ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ခိုးခံရတယ်ဆိုတာ ကျနော်တို့ သိထားရပါတယ်။”

ရက္ခိုင့်တပ်တော် AA ဘက်ကတော့ ဒေသခံတွေအနေနဲ့ ပစ္စည်းခိုးယူခံရတာတွေအပေါ် တိုင်ကြားလာတာရှိရင် စိစစ်အရေးယူပေးမယ်လို့ ပြီးခဲ့တဲ့လ AA သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဒေသခံတွေအနေနဲ့ လက်ရှိမှာ အိမ်အိုးစွန့်ခွာထွက်ပြေးနေကြရသလို လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အခုလို နေအိမ်ဖောက်ထွင်းခိုးယူခံရမှုတွေ တိုင်ကြားဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း AA အနေနဲ့ သိမ်းပိုက်ထားတဲ့နယ်မြေအတွင်း အခုလိုဖောက်ထွင်းခိုးယူမှုတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်စေချင်တယ်လို့ ပေါက်တောနယ်ခံကပြောပါတယ်။

“ကျနော်တို့ နားလည်ပါတယ်။ ဒါတိုက်ပွဲကာလမှာ မအားမလပ် သူခိုးဖမ်းဖို့ ကိစ္စ၊ ဒါတွေ ဆောင်ရွက်နေဖို့လည်း သိပ်အားလပ်တဲ့ အခြေအနေမပေးတာတွေလည်းရှိမယ်။ ဒါပေမဲ့ ခိုးပြီးသွားတဲ့ သူတွေကို အဆင်ပြေတဲ့ကာလတခုမှာ ဖမ်းဆီးအရေးယူတာတွေ၊ ခိုးရာပါပစ္စည်းတွေ ပြန်ယူလို့ရရင် ပြန်ယူပေးတာတွေ၊ ဒါမျိုးတွေ လုပ်ပေးစေချင်တာပေါ့နော်၊ ကျနော်တို့ ကတော့ အဲလိုဖြစ်စေချင်ပါတယ်ဗျာ။”

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် AA ဟာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့ နယ်တွေကို လုံးဝထိန်းချုပ်သိမ်းပိုက်ထားတာပါ။ AA သိမ်းပိုက်ထားတဲ့ မြို့နယ်အားလုံးမှာ အခုလို နေအိမ်ဖောက်ထွင်းမှုတွေရှိနေသလို တိုက်ပွဲတွေဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တော၊ အမ်းစတဲ့ မြို့နယ်တွေမှာလည်း ဖောက်ထွင်းခိုးယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်း တခြားသော တိုင်းနဲ့ပြည်နယ်တချို့မှာလည်း နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတာ ဖျက်စီးခံရတာတွေ ရှိနေတယ်လို့ သက်ဆိုင်ရာဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG