Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွယ်ဂျယ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝိုင်းရံ ထိန်းချုပ်ထား


Google Earth မြေပုံက မြင်တွေ့ရတဲ့ ကချင်ပြည်နယ်အရှေ့ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံတည်ရှိရာ လွယ်ဂျယ်မြို့
Google Earth မြေပုံက မြင်တွေ့ရတဲ့ ကချင်ပြည်နယ်အရှေ့ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံတည်ရှိရာ လွယ်ဂျယ်မြို့

ကချင်ပြည်နယ်အရှေ့ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုံတည်ရှိရာ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းရံ ထိန်းချုပ်လိုက်ပြီး လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်ကို အပစ်အခတ်မရှိဘဲ ထွက်သွားဖို့အတွက် ညှိနှိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ KIA ဘက်ကတော့ ညှိနှိုင်းနေတယ်ဆိုတာကို အတည်ပြုပြောဆိုတာမရှိဘဲ ၂ရက်တာ တိုက်ပွဲအတွင်း မိုးမောက်-လွယ်ဂျယ် လမ်းတလျောက်က အရေးပါတဲ့ ဗျူဟာကုန်းဖြစ်တဲ့ ယောယုံ စခန်းအပါအဝင် စခန်း ၇ခုလောက် သိမ်းယူခဲ့ပေမဲ့ လွယ်ဂျယ်မှာ တိုက်ပွဲဖြစ်တာ မရှိကြောင်းပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

KIA နဲ့ ပူးပေါင်းတပ်တွေက မိုးမောက်-လွယ်ဂျယ် လမ်းတကြောက စစ်ကောင်စီ တပ်စခန်းတွေကို မတ်လ ၂၇ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ၂ရက်အတွင်း လွယ်ဂျယ်မြို့ကို စိုးမိုးထားတဲ့ ယောယုံ တပ်စခန်းကြီး အပါအဝင် တပ်စခန်း ၇ခုလောက်ကို သိမ်းယူခဲ့ပါတယ်။ ဒီကနေ့ မနက်ခင်းမှာတော့ KIA ပူးပေါင်းတပ်တွေဟာ လွယ်ဂျယ်မြို့ကို ဝိုင်းရံလိုက်ပြီး လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်ကို အတိုက်အခိုက်မရှိဘဲ ထွက်ခွာသွားဖို့ KIA ဘက်က ညှိနှိုင်းခဲ့ကြောင်း လွယ်ဂျယ်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ လွယ်ဂျယ်အခြေအနေကတော့ ဒီမနက် KIA/KIO နဲ့ PDF တွေကတော့ မြို့အားလုံးကို ဝိုင်းလိုက်ပြီပေါ့လေ။ သူတို့ စစ်တပ်တခုပဲ ကျန်တော့တယ်။ KIA/ KIO တွေကတော့ လွယ်ဂျယ်မှာ စစ်မဖြစ်ချင်ဘူးပေါ့လေ။ ကျနော်တို့ ကြားရတာကတော့ စစ်တပ်အဖွဲ့တွေကို မြန်မြန်ထွက်သွားပေါ့နော်။ သူတို့ဖက်က စပြီးတော့ သေနတ်မဖောက်ဘူးဆို ပြောထားတာ အခုချိန်ထိပဲ။ ပြည်သူတွေကို ထိခိုက်နစ်နာမှာ စိုးရိမ်တဲ့အတွက်ကြောင့်ပေါ့နော်။”

ဒီကနေ့ မနက်အစောပိုင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံအတွင်းက ဖြတ်ပြီး မူဆယ်ဘက်ကို သွားဖို့ ပြင်ဆင်ခဲ့ပေမဲ့ တရုတ်ဘက်က လက်မခံတာကြောင့် လွယ်ဂျယ်က မထွက်ခွာနိုင်သေးဘဲ ဆက်လက် ညှိနှိုင်းနေကြောင်း အခုလို ဆက်ပြောပါတယ်။

“ မနက် ၄နာရီခွဲမှာ သူတို့ ထွက်တယ်ပေါ့။ ၂သုတ်၊ ၃-၄ သုတ် အဲလို ထွက်တယ်ပေါ့နော်။ အဲဒီဂိတ်ကို သွားကြတယ်။ အားလုံးကတော့ သူတို့ ထွက်သွားပြီ ဆိုပြီးမှပဲ ထင်တာပေါ့လေ။ သို့သော်ငြားလည်းပဲ မိုးလင်းလာတဲ့အခါကျတော့ တပ်ထဲမှာ ပြန်ဝင်သွားတဲ့အနေအထားရှိတယ်။ တရုတ်ဘက်ကလက်မခံလို့။ ဒါပေမဲ့ သူတို့ ညှိနေကြတုန်းလို့တော့ ပြောတယ်။ သူတို့ လက်ခံနိုင်အောင်။ သူတို့ကတော့ တရုတ်ဘက်ကို ဝင်မယ်။ မူဆယ်အပေါက်ကို ပို့ပေးနိုင်ဖို့အတွက် အဲဒါတွေ ညှိနေကြတယ်။ ဒီဘက်ကလည်း သူတို့ကို ခွင့်ပြုပေးတယ်။ သွားမယ်ဆို မြန်မြန်သွားပေါ့နော်။”

KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီတပ်တွေ လွယ်ဂျယ်က ထွက်ခွာဖို့ ညှိနှိုင်းတာနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုတာ မရှိပါဘူး။

“ အဲဒါ ကျနော်တော့ မကြားဘူး။ ဘာမှ ထူးခြားမှု မရှိပါဘူး လွယ်ဂျယ်ဘက်ကတော့ ဒီတိုင်းဖြစ်ပါတယ်။ တိုက်ပွဲတွေလည်း မရှိဘူး အဲဒီဘက်မှာ။”

လောလောဆည်မှာတော့ လွယ်ဂျယ်မြို့ခံတွေအများစုဟာ နေရပ်စွန့်ခွာတိမ်းရှောင်တာ မရှိသေးပေမယ့် သက်ကြီးရွယ်အိုအချို့တွေကို အနီးအနား ကျေးရွာတွေမှာ ပြောင်းရွှေ့ပေးတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ လွယ်ဂျယ်မြို့က ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတော့ ပြီးခဲ့တဲ့ ၄-၅ရက်က စတင်ပြီး KIA က အသွားအလာမလုပ်ဖို့ ညွှန်ကြားထားခဲ့တာကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်နေပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်အနီး နယ်စပ်မျဉ်းတလျောက် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG