Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ရေရှည်စီမံကိန်းတွေအတွက် တရုတ်စိုးရိမ်ပူပင်ဖွယ်ရှိ


ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း။ (နိုဝင်ဘာ ၁၀၊ ၂၀၁၃)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တနိုင်ငံလုံး အုံကြွမှုတွေဖြစ်လာချိန် တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းက သူ့ရဲ့ ရေရှည်စီမံကိန်းတွေအတွက် စိုးရိမ်ပူပန်နေကြောင်း အရပ်ဘက် နိုင်ငံရေး၊ စီးပွားရေး စောင့်ကြည့် လေ့လာသူတွေက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်သတင်းထောက်ပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြပေးပါမယ်။

မတ်လ ၉ ရက်က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတချို့ကို စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးလိုက်ပြီး ဒါဟာ မကြာသေးခင်က နေပြည်တော်မှာလုပ်တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံကြား စီမံကိန်းတွေရဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေး မှတ်တမ်းတွေ အရပ်ဘက်ကို ပေါက်ကြားပြီးနောက် အရေးယူလာမှုတခုလို့ ယူဆရပါတယ်။

စာမျက်နှာ ၆ မျက်နှာပါတဲ့ ဒီအစည်းအဝေး မှတ်တမ်းမှာဆိုရင် ရပ်ဝန်းနဲ့ ပိုးလမ်းမ BRI စီမံကိန်း တစိတ်တပိုင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးရတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ ပြောဆိုချက်ကို ရေးသားထားပါတယ်။ မြန်မာ ပြည်ထဲရေး ဝန်ကြီးဌာနဘက်ကလည်း နှစ်ဘက်သဘောတူညီထားတဲ့ လုပ်ထုံးတွေအတိုင်း ဆက်လုပ်မယ့်အကြောင်း၊ ပိုက်လိုင်းလုံခြုံရေးဟာ ရဲတပ်ဖွဲ့နဲ့ မလုံလောက်ဘဲ တပ်မတော်ကပါ ပါဝင်ဆောင်ရွက်နေရကြောင်း ပြန်တုံ့ပြန်ခဲ့တယ်လို့ ရေးထားပါတယ်။

တရုတ်ဟာ အရင်က မြန်မာပြည်တွင်း ကျောက်မျက်နဲ့ သတ္ထုတူးဖော်ရေးမှာ အဓိကပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မီးရထားလမ်း၊ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်း ဒီလို ရေရှည်ရင်းနှီးမြှုပ်နှံမှုဘက် ပြောင်းလဲခဲ့တာပါ။ မပြီးပြတ်သေးတဲ့ စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကြပ်အတည်းမှာ တရုတ်ဘက်က စိုးရိမ်မှုတွေ သေချာပေါက်ရှိကြောင်း BRI စီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Sandhi Governance Institute (သန္ဓိအဖွဲ့) အမှုဆောင် ဒါရိုက်တာ ဦးခိုင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ ရှိနေတဲ့ဟာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကတော့ ထင်ရှားတယ်။ တော်တော်လေးကို စိုးရိမ်နေတယ်လို့ ထင်တယ်ပေါ့နော်... infrastructure က နိုင်ငံရေးတည်ငြိမ်ဖို့က အရမ်းအရေးကြီးတယ်လေ။ အရင်းကြေကာလကလည်း ကြာတယ်။ မိုင်ပေါင်းများစွာ ဆောက်ထားတဲ့ဟာကြီးတွေက ပဋိပက္ခတို့ ပြည်တွင်းစစ်တို့ ဖြစ်မယ်ဆိုရင် ထိခိုက်နိုင်တယ်ဆိုတော့ သူတို့က ဦးစားပေးနေရတာက တည်ငြိမ်မှုပေါ့။ ဒါကြောင့် သူတို့ရဲ့ အသုံးအနှုန်းတွေ ဘာတွေကလည်း တည်ငြိမ်စေချင်တယ်။ အရင်တုန်းက အခြေအနေ ပြန်သွားစေချင်တယ်ဆိုတဲ့ဟာမျိုးတွေ ပြောနေတာလေ။”

ဖေဖော်ဝါရီ ၂၃ ရက် မြန်မာ- တရုတ် အွန်လိုင်း အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြတ်သီတာအေး၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိုး၊ နိုင်ငံရေးရာဦးစီးဌာနက ဒေါ်ခင်နီလာစိုး၊ ပြည်ထဲရေး ဝန်ကြီးဌာနက ရဲမှူးချုပ် အောင်ဌေးမြင့်တို့ တက်ရောက်ခဲ့တာပါ။

တရုတ်ဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr Chen Hai၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်ပရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr Bal Tian နဲ့ မန္တလေးတိုင်း တရုတ် ကောင်စစ်ဝန်ချုပ် Mr Chen Chen တို့တက်ရောက်ပါတယ်။

ပြင်ပကိုပေါက်ကြားလာတဲ့ တရုတ်- မြန်မာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေရဲ့ အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေး မှတ်တမ်းဟာ တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိသေးပါဘူး။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိပြောဆိုချက်မှာဆိုရင် မြန်မာပြည်တွင်း ဆန္ဒပြမှုတွေနဲ့အတူ တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ မြင်နေရကြောင်း၊ ရေနံပိုက်လိုင်းအပေါ် အန္တရာယ်ပေးလာနိုင်တဲ့အပြင် မြောက်ပိုင်း လက်နက်ကိုင်တွေကြောင့် ထိခိုက်မှုရှိလာရင် တရုတ်ဝန်ထမ်းတွေရဲ့ လုံခြုံမှုကို စိုးရိမ်ရကြောင်း အစည်းအဝေး မှတ်တမ်းမှာ ရေးသားထားပါတယ်။

တကယ်တမ်းတော့ ဒီရေနံပိုက်လိုင်း လုပ်ငန်းစတွေကတည်းက လုံခြုံရေးကို တရုတ်ဘက်က သေချာပြင်ဆင်ထားခဲ့ကြောင်း ရေနံပိုက်လိုင်း စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့ (Myanmar-China Pipeline Watch Committee) က ကိုမြင့်ကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီဘက်က ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သူတို့ စိုးရိမ်တယ် ဆိုတာကတော့ ပေါ်တာပေါ့။ ဒီကောင်က ကုန်းပေါ်ကနေဖြတ်တဲ့နေရာ တချို့ပဲ အပေါ်က တော်တော်များများက မြေကြီးထဲကနေ သွားတာများတယ်လေ။ နောက် မြစ်ဆို မြစ်ကနေ၊ ချောင်းဆို ချောင်းကနေ ဖြတ်တာပေါ့။ အဲဒီလိုသွားကြတာများတယ်။ လုံခြုံရေးအရဆိုရင် ဘယ်မှာ သွားရှိနိုင်လဲဆိုရင် ထပ်ဆင့်တွန်း စက်ရုံရှိတယ်လေ... သူထိုင်တဲ့ မြို့တွေ ရှိကြတယ်။ အဲဒီလိုနေရာမျိုးတွေဆိုရင်တော့ နည်းနည်းအန္တရာယ် ရှိတာပေါ့။ အဲဒါမျိုးတွေဆိုရင် တမျိုး ဖြစ်နိုင်တယ်လေ။”

ကိုဗစ်ကပ်ရောဂါ အလွန်မှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဘက် အစည်းအဝေးတွေကို တရုတ်နိုင်ငံ ဘေဂျင်းမြို့၊ ဒါမှမဟုတ်ရင် နေပြည်တော်မှာ ကျင်းပနိုင်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိက ဆွေးနွေးခဲ့ကြောင်း ဒီအစည်းအဝေး မှတ်တမ်းမှာ ရေးသားထားတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG