Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို နိုင်ငံတကာ မထောက်ခံဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တိုက်တွန်း


နေပြည်တော်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှည့်လည်ကြည့်ရှုစစ်ဆေးစဥ်။ (မတ်လ ၂၇၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှည့်လည်ကြည့်ရှုစစ်ဆေးစဥ်။ (မတ်လ ၂၇၊ ၂၀၂၄)

ကြားကာလအမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ကို နိုင်ငံတကာက အားပေးထောက်ခံတာမလုပ်ဖို့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်က တိုက်တွန်းတောင်းဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာလူမျိုးရေးဗန်းပြပြီး နောက်ကွယ်မှာ မူးယစ်ဆေး၊ လောင်းကစားနဲ့ သယံဇာတတွေ ခိုးထုတ်ယူနေတဲ့အဖွဲ့တွေဖြစ်တယ်လို့လည်း စွပ်စွဲပါတယ်။ ဒီအပေါ်တုံ့ပြန်ချက်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ညနေ ၅ နာရီခွဲကစလို့ ကျင်းပခဲ့တာပါ။ အဲဒီ အခမ်းအနားမှာပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ဟာ အကြမ်းဖက်အလုပ်တွေ လုပ်နေသူတွေဖြစ်လို့ နိုင်ငံတကာက အားပေးထောက်ခံတာမလုပ်ဖို့ ပြောဆို ခဲ့ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့လည်း CRPH, NUG, PDF နဲ့ NLD အစွန်းရောက်များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက် ခံမှု မပြုလုပ်သင့်သလို ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချဖို့လိုအပ်ကြောင်း ပြောကြားလိုတယ်။”

"CRPH ဆိုတာက ပြောရရင်တော့ မြန်မာနိုင်ငံရဲ့လွှတ်တော်ဖြစ်ပါတယ်။ NUG ဆိုတာကလည်း မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်။ တရားဝင်လွှတ်တော်နဲ့တရားဝင်အစိုးရကို မထောက်ခံပါနဲ့-ဆိုပြီး ဘာမှ တရားဝင်မှုမရှိတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်ကနေ ပြောတယ်လို့ပဲ ဒီလိုပဲ ပြောရမှာပါပဲ။" (ဦးနေဘုန်းလတ်)

NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတကာကို တောင်းဆိုမှုဟာ အရာထင်မှာမဟုတ်ဘူးလို့ ပြန်လည်တုံပြန်လိုက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUGနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ဟာ တရားဝင် အစု အဖွဲ့အနေနဲ့ ရပ်တည်နေတာဖြစ်တယ်လို့ ပြန်လည်ချေပ ပါတယ်။

"CRPH ဆိုတာက ပြောရရင်တော့ မြန်မာနိုင်ငံရဲ့လွှတ်တော်ဖြစ်ပါတယ်။ NUG ဆိုတာကလည်း မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်။ တရားဝင်လွှတ်တော်နဲ့တရားဝင်အစိုးရကို မထောက်ခံပါနဲ့-ဆိုပြီး ဘာမှ တရားဝင်မှုမရှိတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်ကနေ ပြောတယ်လို့ပဲ ဒီလိုပဲ ပြောရမှာပါပဲ။ အဲဒီတော့ ဖက်ဆစ်ကို တချိန်တခါတုန်းက ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ တော်လှန်တိုက်ထုတ်နိုင်ခဲ့သလိုပဲ လက်ရှိမှာလည်းပဲ ခေတ်သစ် ဖက်ဆစ်တော်လှန်ရေးဆင်နွဲနေတယ်လို့ပဲ ပြောရမှာပဲ။ ဒီ အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ဖြစ်နေပြီ၊​ အဲဒီဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ် ဖက်ဆစ်တော်လှန်ရေးကိုဆင်နွဲနေတယ်ဆိုတာကိုလည်းပဲ ကျနော်တို့ NUG အနေနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားတာ ရှိပါတယ်။"

ဒီနှစ်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ပုံမှန်နှစ်တွေလိုမဟုတ်ဘဲ ညနေပိုင်းမှာ ကျင်းပခဲ့တာပါ။ သုံးသပ်သူတွေကတော့ ဒါဟာ လုံခြုံရေးအရ ပြောင်းလဲကျင်းပတာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုံခြုံ ရေးကြောင့်မဟုတ်ဘဲ ရာသီဥတုကြောင့် ညနေပိုင်းမှာကျင်းပတာဖြစ်တယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အရင်နှစ်တွေတုန်းကလို စစ်ရေးပြပွဲမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်ဖော်ပြသတာမရှိသလို စစ်ရေးပြစစ်သည်အင်အားလည်း မနှစ်ကနဲ့ ယှဉ်ရင် လျော့နည်းလာခဲ့ပါတယ်။ နိုင်ငံရေးစစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးပြအခမ်းအနားဟာ အဖြစ်သဘောကျင်းပလိုက်တဲ့ပုံပေါ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီတခါတပ်မတော်နေ့ကတော့ ခါတိုင်းနှစ်တွေထက်တော့ အားကောင်းမောင်းသန် သိပ်ပြီးမပြနိုင်တဲ့အခြေအနေပေါ့ဗျာ။ လူအင်အားအရကော၊ တပ်ဖွဲ့ဝင် အင်အားအရကော ခါတိုင်းကတော့ ဒုံးပစ်စင်တော်တော်များများကို တွေ့ရတာပေါ့။ ခုကတော့ အဲဒီ ဒုံးပစ်စင်တော်တော် များများလည်းပါမလာတော့ဘူး။ အစဉ်အလာအရ မကျင်းပလို့မဖြစ်လို့ သူ့အားနည်းချက်ဖော်ပြရမှာဖြစ်တဲ့အတွက် ဒီလို ညနေပိုင်းရွေးပြီးတော့ ကျင်းပတာများလားလို့ ကျနော်တော့ စဥ်းသားကြည့်မိပါတယ်။”

စစ်ရေးပြအင်အား ၈,၀၀၀ ထက်မနည်းနဲ့ အကျဉ်းရုံးကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ အမျိုးသမီးစစ်သည် အင်အားအများအပြားကို အသုံးပြုခဲ့သလို လုံခြုံရေးစည်းထဲမှာလည်း အမျိုးသမီးလုံခြုံရေးအများအပြားအသုံးပြုလာတာကိုလည်း တွေ့မြင်ရပါတယ်။

စစ်ခေါင်းဆောင်ရဲ့မိန့်ခွန်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဝေဖန်စွပ်စွဲတာတွေရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လူမျိုးရေးဗန်းပြပြီး နောက်ကွယ်မှာ လူသစ်စု ဆောင်းမှုတွေ၊ အရှိန်မြှင့်နေသလို၊ ဘိန်း၊ မူးယစ်ဆေးနဲ့ သယံဇာတတွေကို ခိုးထုတ်‌ရောင်းချနေတဲ့ အန္တရာယ်ကြီးအဖွဲ့တွေလို့လည်း သုံးနှုန်းစွပ်စွဲခဲ့ပါသေးတယ်။ ဒီအပေါ်မှာ ဦးသန်းစိုးနိုင်ကတော့ သူ့အမြင်ကို ခုလိုပြောဆိုလိုက်ပါတယ်။

"တိုင်းရင်းသားဒေသတွေမှာ ..သံနဲ့ မြေရှားသတ္တု၊ သယံဇာတတူးဖော်တာတွေ၊ နောက် တရုတ်ငှက်ပျောခင်းလာစိုက်တာတို့၊ အထူးသဖြင့် ဖားကန့်ဆိုလို့ရှိရင် ကုမ္ပဏီကြီးတွေနဲ့ ယန္တရားမျိုးစုံနဲ့ တောင်တွေကိုဖြိုပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေကို တူးဖော်နေတာ။ အဲဒါတွေက တိုင်းရင်းသားတွေအဓိက မဟုတ်ပါဘူး။ စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် စစ်ခေါင်းဆောင်အများစုက အုပ်စိုးနေတဲ့သက်တမ်းတလျှောက်လုံး စစ်ကောင်စီရဲ့အဆက်ဆက်သော ကုမ္ပဏီတွေဖွင့်ထားတဲ့ ကုမ္ပဏီတွေနဲ့ အဲဒီသယံဇာတတွေကို လုယက်နေတာ စစ်ကောင်စီပါ။ အဲဒီမှာ အကျိုးစီးပွါးအများဆုံးကတော့ တပ်မတော်ရဲ့ဦးပိုင်ကုမ္ပဏီနဲ့ ခရိုနီကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။"

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ် ဥပဒေတို့ဟာ ကာကွယ်ရေးအင်အား အထိုက်အလျောက် မြင့်တက်လာဖို့ရည်ရွယ်ကြောင်းနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည် ဖော်ဖို့၊ ဒေသကာကွယ်ရေးအတွက် ဒီဥပဒေတွေပြဌာန်းတာလို့လည်း စစ်ခေါင်းဆောင်က မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေအကောင်အထည်ဖော်မယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်တွေကို တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ခဲ့တဲ့ ၁၉၄၅ ခု မတ်လ ၂၇ ရက်ကို အစွဲပြုပြီး ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် မူလက နှစ်စဉ်သတ်မှတ်ကျင်းပတာပါ။ ၁၉၅၅ ခုနှစ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့အဖြစ်ပါ ပူးတွဲသုံးဖို့ အဆိုပြုခဲ့ပြီး တပ်တွင်းအခမ်းအနားတွေမှာ တပ်မတော်နေ့လို့ သုံးပါတယ်။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းကာတွေမှာတော့ နိုင်ငံအဆင့် အခမ်းအနားတွေမှာပါ တပ်မတော်နေ့အဖြစ် ပြောင်းလဲ ခေါ်ဝေါ်လာပါတယ်။

ဒါပေမယ့်လည်း ဖက်ဆစ်ကို တော်လှန်ရာမှာ စစ်တပ်တခုတည်းမဟုတ်ဘဲ နိုင်ငံရေးအင်အားစုတွေရော ပြည်သူတရပ်လုံးကပါ ပါဝင်ခဲ့တာမို့ တပ်မတော်နေ့ဆိုတဲ့ သတ်မှတ်ခေါ်ဝေါ်မှုကို ခေတ်အဆက်ဆက်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက လက်မခံပါဘူး။ သူတို့ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ်ပဲ ဒီနေ့တိုင် သုံးစွဲ သတ်မှတ်ကျင်းပကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG