Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းစကားလှုံ့ဆော်မှု မြန်မာစစ်တပ်ပါဝင်တဲ့အထောက်အထား IIMM ထုတ်ပြန်


ရခိုင်ပြည်နယ်မြောက်ပိုင်း ဂေါဒုဇာရာရွာမှာ နေအိမ်တွေ မီးလောင်ကျွမ်းနေပုံ။ (စက်တင်ဘာ ၇၊ ၂၀၁၇)
ရခိုင်ပြည်နယ်မြောက်ပိုင်း ဂေါဒုဇာရာရွာမှာ နေအိမ်တွေ မီးလောင်ကျွမ်းနေပုံ။ (စက်တင်ဘာ ၇၊ ၂၀၁၇)

၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ရခိုင်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး မတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေဖြန့်ချိနေပြီး အဲဒီလိုလုပ်ဆောင်နေတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ ဒါဇင်နဲ့ချီရဲ့နောက်ကွယ်မှာ မြန်မာစစ်တပ်ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမုန်းစကား ဖြန့်ချိ လှုံ့ဆော်မှုတွေကို မြန်မာစစ်တပ်က လျှို့ဝှက်ကြိုးကိုင်ခဲ့ကြောင်း ခိုင်မာရှင်းလင်းတဲ့အထောက်အထားတွေ တွေ့ရှိရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က ပြောပါတယ်။ အဲဒီစာမျက်နှာတွေကြား နည်းလမ်းအမျိုးမျိုးနဲ့ ချိတ်ဆက်နေတာတွေကို ဖော်ထုတ်တွေ့ရှိခဲ့ရပြီး စာမျက်နှာ ဖန်တီးသူတွေ၊ စီမံခန့်ခွဲသူတွေနဲ့ တည်းဖြတ်သူတွေအသုံးပြုတဲ့ အင်တာနက် IP လိပ်စာတွေဟာ မြန်မာစစ်တပ်အသုံးပြုတဲ့ IP လိပ်စာတွေနဲ့ တူညီနေတာကိုတွေ့ရကြောင်း IIMM က ပြောပါတယ်။ "တူညီတဲ့အကြောင်းအရာတွေကို ဒီကွန်ရက်ထဲက စာမျက်နှာတွေမှာ တခါတလေမှာဆိုရင် မိနစ်ပိုင်းသာခြားပြီး ဆက်တိုက် တင်ထားတာ” ကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို နည်းလမ်းတွေနဲ့ စစ်တပ်ဟာ ရိုဟင်ဂျာလူနည်းစုဝင်တွေကို အကြောက်တရားနဲ့ မုန်းတီးမှုဖြစ်စေဖို့ ရည်ရွယ်ပြီး "စနစ်တကျ ညှိနှိုင်း" တဲ့ပုံစံနဲ့ ဖြန့်ကြက်လုပ်ဆောင်ခဲ့ကြောင်း IIMM ရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။ "သန်းနဲ့ချီတဲ့ပရိသတ်ကို ထိုးဖောက် ရောက်ရှိနိုင်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ လျှို့ဝှက်စာမျက်နှာတွေ ဖန်တီး လုပ်ဆောင်ခဲ့တယ်" လို့ ဆိုပါတယ်။

အခု စုံစမ်းလေ့လာမှုက ၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း Facebook စာမျက်နှာ ၄၃ ခုမှာ တင်ထားတဲ့ အကြောင်းအရာတွေကို အသေးစိတ်လေ့လာထားတာပါ။ လေ့လာချက်အရ အများစုမှာ စစ်တပ်နဲ့ အပြင်ပန်းကြည့်ရင် လုံးဝဆက်စပ်မှုမရှိတဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ပေါ့ပ်သတင်းတွေတင်ဆက်တဲ့ စာမျက်နှာတွေထဲက နောက်ကွယ်မှာ စစ်တပ် ကွန်ရက်အဖြစ် ချိတ်ဆက်နေတာတွေ့ရှိရကြောင်း ဖော်ထုတ်တွေ့ရှိရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ Facebook မှာ ဖော်ပြတဲ့ အမုန်းစကားပါတဲ့ အကြောင်းအရာ ၁၀,၄၈၅ ခုကို ဖော်ထုတ်ခဲ့ပြီး ဒါတွေကို ဖော်ပြခဲ့တဲ့ စာမျက်နှာတွေကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက Facebook က သူ့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းကနေ ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

အမုန်းစကားကြောင့် ပိတ်ပင်ဖယ်ရှားခဲ့တဲ့ စာမျက်နှာ ခြောက်ခုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် Facebook က ပိတ်ပင်ထားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ နဲ့ ချိတ်ဆက်နေတာကိုလည်း စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီထဲက တခုကလွဲ ကျန်တာအားလုံက စစ်တပ်နဲ့ အလွန့် အလွန်ကို နီးစပ် ဆက်နွှယ်နေတာ တွေ့ရတယ်ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ ပြင်ပဆက်စပ်မှုမရှိတဲ့ တခြားစာမျက်နှာ ၃၇ ခုကိုလည်း စစ်ဆေးကြည့်ရှုခဲ့ပြီး အဲဒီ စာမျက်နှာတွေကလည်း အမုန်းစကားတွေ တင်ထားပြီး Facebook က "စစ်မှန်တဲ့ လုပ်ကိုင် ဆောင်ရွက်မှု" မရှိလို့ ဖြုတ်ချ အရေးယူခဲ့တယ် စာမျက်နှာတွေ ဖြစ်ပါတယ်။

ဒီလို စာမျက်နှာတွေပေါ်မှာ “ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းစကားတွေ မကြာခဏ ထည့်သွင်းဖော်ပြခဲ့ပြီး ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုအန္တရာယ်ကို ခြိမ်းခြောက်နေတယ် ဆိုတဲ့ သဘောတရားတွေကို သွတ်သွင်း ပြောကြားခဲ့ကြတယ်” ကိုတွေ့ရတယ်လို့ ဆိုပါတယ်။

တချို့အမုန်းစကားတွေထဲမှာတော့ “ရိုဟင်ဂျာတွေဟာ အလျင်အမြန် လူဦးရေ တိုးပွားနေပြီး မြန်မာလူမျိုးရဲ့ လူမျိုး မျိုးသန့်စင်မှုကို ခြိမ်းခြောက်နေတယ် ဆိုတဲ့ သဘောတရားတွေ” ကိုလည်း ရေးသား ဖော်ပြခဲ့တာတွေ့ရတယ်လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေ အတွင်းမှာ “ရိုဟင်ဂျာရွာတွေ အများအပြား မီးရှို့ခံရပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ရိုက်နှက်ခံရ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဒါမှမဟုတ် သတ်ဖြတ်ခံရမှုတွေ ကြုံတွေ့နေချိန်မှာလည်း စစ်တပ်ရဲ့ အမုန်းစကား လှုပ်ရှားမှုက ဆက်လက် လုပ်ဆောင်နေတယ်” လို့ စုံစမ်းစစ်ဆေးသူတွေက ထောက်ပြထားပါတယ်။

“အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးရမယ့်အစား မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူနည်းစုတွေအပေါ် အကြမ်းဖက်မှု အတွက် အကြောင်းပြချက်ပေးပြီး အကြမ်းဖက်မှုကို အားပေးမြှင့်တင်တဲ့ လှုံ့ဆော်မှုတွေကို လူမှုမီဒီယာပေါ် လှုပ်ရှားမှု တခုသဖွယ် လုပ်ဆောင်ခဲ့တယ်” လို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းကနေ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ၂၀၁၇ ဖြိုခွင်းမှုကိုတော့ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

Facebook လူမှုကွန်ရက်ဟာလည်း ရိုဟင်ဂျာတွေအပေါ် အမုန်းစကား အမြောက်အမြား ဖြန့်ကြက်ရာမှာ တားဆီးဖို့ပျက်ကွက်ပြီး အကူအညီပေးခဲ့တယ်လို့ အရင်ကတည်းက စွပ်စွဲခံနေရတာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရဲ့နစ်နာမှုတွေအတွက် Facebook ကို ဒေါ်လာ ၁၅၀ ဘီလီယံနဲ့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတုန်းက တရားစွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG