Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်မှုထမ်းပထမဆုံးအသုတ် ကိုယ်ပိုင်ဆန္ဒရှိသူများသာခေါ်ယူမည်" စစ်ကောင်စီပြောခွင့်ရ


၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကိုတက်ရောက်လာတဲ့ သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနဲ့ စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း။ (မတ် ၂၇၊ ၂၀၂၄)
၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကိုတက်ရောက်လာတဲ့ သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနဲ့ စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း။ (မတ် ၂၇၊ ၂၀၂၄)

မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးခေါ်ယူမယ့်အပတ်စဥ်မှာ “ကိုယ့်သဘာဆန္ဒနဲ့ ဗော်လန်တီယာ ဝင်ရောက်သူတွေသာ” ပါဝင်မှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

"ပထမဦးဆုံးအသုတ်ဖွင့်တဲ့နေရာမှာ သူတို့ကိုယ်တိုင်ဆန္ဒပြုတဲ့သူတွေပဲ တက်လိမ့်မယ်။ လူဦးရေ ဘယ်လောက် ရှိလဲ၊ ဘယ်လောက်တက်ကြွလဲဆိုတာ ကျနော်လက်တွေ့ပြမယ်။"

နေပြည်တော်မှာ ကျင်းပတဲ့ မတ်လ ၂၇ ရက်၊ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်မှုဥပဒေကြောင့် စိုးရိမ်နေတဲ့လူငယ်တွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီလို ပြန်လည်ဖြေကြားခဲ့တာပါ။ စစ်မှုထမ်းဥပဒေကြောင့် ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးလည်း တချို့ အချက်တွေက ပုံကြီးချဲ့ပြောတာဖြစ်ပေမဲ့ မီဒီယာတွေမှာ ရေးသားချက်တချို့ကတော့ မှန်ကန်ကြောင်းလည်း စစ်ကောင်စီပြောခွင့်ရ ဝန်ခံထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဘုတ်အဖွဲ့အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိန်းပေးနေတယ်လို့ မီဒီယာကို ဖြေကြားပါတယ်။

အရေးကြီးတဲ့လုပ်ငန်းစဥ်တွေဖြစ်လို့ အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားသိရတဲ့သတင်းတွေအတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ပထမအဆင့်အနေနဲ့ သတ်မှတ်လစာ ၁ သိန်းခွဲအပြင် ရိက္ခာ၊ အဝတ်အစားထောက်ပံ့မှုတွေ ပေးရမှာဖြစ်လို့ နိုင်ငံရဲ့ဘတ်ဂျက်နဲ့ ချိန်ညှိလုပ်ဆောင်ရမှာဖြစ်လို့ အရင် သတင်းထုတ်ပြန်ခဲ့တဲ့အတိုင်း တနှစ်မှာ လူဦးရေသောင်းဂဏန်းကိုသာ ခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံ ပြောပါတယ်။ မြန်မာနိုင်ငံလူဦးရေနဲ့တွက်ကြည့်ရင် လူ အယောက် ၂၀၀ မှာ ၁ ယောက်လောက်ပဲ ဆင့်ခေါ်ခံရမှာဖြစ်တဲ့အပြင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ ဗော်လန်တီယံ ကိုယ့်ဆန္ဒအလျောက် တာဝန်ထမ်းဆောင်သူတွေနဲ့ပဲ ပြည့်မီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သင်တန်းလေ့ကျင့်ရေးကျောင်းတွေမှာ မီဒီယာ ဝင်ရောက်သတင်းယူခွင့်နဲ့ပတ်သက်လို့ မေးမြန်းချက်ကိုတော့ “လုံခြုံရေး အခြေအနေနဲ့ ကျန်တဲ့အခြေအနေတွေအရ စီစဥ်နိုင်သလောက် စီစဥ်ပေးသွားမယ်” လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသွားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွမ်အင်ဒရူးစ်ကတော့ အာဏာသိမ်းစစ်ကောင်စီဟာ “စစ်မှုထမ်းဥပဒေကိုအသက်သွင်းဖို့ ကြိုးပမ်းပြီး နိုင်ငံတဝန်းက အရပ်သားတွေကိုထိခိုက်စေတဲ့ အဓမ္မ လူသူစုဆောင်းတဲ့ပုံစံ လုပ်ဖို့ ကြိုးစားနေတယ်” လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။ “ဒီအမိန့်ထွက်ပြီး မကြာမီ လူငယ်တချို့ မြို့ပေါ်မှာတင် ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီး ကျေးရွာတွေမှာလည်း လူထုကို အဓမ္မလုပ်အားပေးစေခိုင်း၊ ပေါ်တာဆွဲတာနဲ့ လူသားဒိုင်းတွေအဖြစ် အသုံးပြုနေကြောင်း” တွမ်အင်ဒရူးစ်က မတ်လ ၂၁ ရက်နေ့က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG