Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ပဋိပက္ခနဲ့ အလုပ်လက်မဲ့ပြဿနာတွေက အာရှရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်လာနေ


ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေသူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၃၁၊ ၂၀၁၈)
ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေသူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၃၁၊ ၂၀၁၈)

အရှေ့တောင်အာရှက ရာဇဝတ် ခြိမ်းခြောက်မှုတွေဟာ အခုအခါမှာ လူသန်းနဲ့ချီ ထိခိုက်နေတဲ့ တကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုပြဿနာ ဖြစ်လာကြောင်း အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့) ရဲ့ အကြီးအကဲက မနေ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ လူကုန်ကူးမှု၊ အွန်လိုင်းရာဇဝတ်မှုတွေမှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတွေက အဓိကပါဝင်နေပြီး အရပ်ဘက်အဖွဲ့တချို့ကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို အဓိက အကြောင်းအရင်းအဖြစ် ထောက်ပြနေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

တနှစ်ကို အမေရိကန်ဒေါ်လာ ၃ ထရီလီယံလောက် ရရှိနေတဲ့ အရှေ့တောင်အာရှက လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေဟာ အထူးသဖြင့် ကိုဗစ်ကာလမှာ ကြီးထွားလာပြီး တကမ္ဘာလုံးကို ပျံ့ပွားလာနေတဲ့ လူကုန်ကူး ကွန်ရက်ဖြစ်လာတယ်လို့ အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့) ရဲ့ အကြီးအကဲက မတ်လ ၂၇ ရက်မှာ ပြောပါတယ်။ သူတို့ရဲ့ ဒုစရိုက်လုပ်ငန်းတွေကို ကြည့်မယ်ဆိုရင် မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေကနေ လူကုန်ကူးတာ၊ လက်နက်မှောင်ခိုရောင်းတာ၊ ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ ခိုးထုတ်ပစ္စည်းတွေ၊ ကားခိုးတာတွေကို ကျူးလွန်နေတယ်လို့ အင်တာပိုရဲ့ အထွေထွေအတွင်းရေးမှူး Jurgen Stock ကပြောပါတယ်။

မြန်မာ၊ ကမ္ဘောဒီယားနဲ့ ထိုင်းနိုင်ငံက အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်စပ်နေတဲ့ လူကုန်ကူးခံရမှု အခြေအနေတွေကိုလည်း ရိုက်တာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရှောင်တိမ်းလာသူတွေ၊ စစ်မှုထမ်းဥပဒေကြောင့် မကြာသေးခင်က ထွက်ပြေးလာသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ခြေကုပ်ယူထားတဲ့ ကျားဖြန်လို့ခေါ်တဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်လာတယ်လို့ မြန်မာအဖွဲ့အစည်းတချို့ကလည်း ပြောပါတယ်။

လူကုန်ကူးမှု တားဆီးရေးကို ထိုင်းအစိုးရနဲ့ ပူးပေါင်းပညာပေးနေတဲ့ Arakan Workers Organization ရဲ့ ဒါရိုက်တာ နိုင်အောင်အောင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

" ထိုင်းနဲ့ မြန်မာက နယ်စပ်က တအားကြီးရှည်လျားတော့ ဝင်ပေါက်၊ ထွက်ပေါက်တွေက တအားကြီးများတော့ လူကုန်ကူးမှု ခံရနိုင်ခြေက ပိုများတယ်။ ထိုင်းနိုင်ငံဥပဒေအရ လူကုန်ကူးမှုမြောက်ပေမဲ့ တခြားသောနေရာတွေမှာ ထိုင်းအစိုးရက ပြန်လည်သုံးသပ်ပေးဖို့ လိုတယ်၊ ဒီလူငယ်တွေက ဘာကြောင့်ထွက်လာတာလဲ။ နယ်စပ်တလျောက်မှာ ပြန်ကြည့်မယ်ဆိုရင် လောင်းကစားဝိုင်းတွေက မြန်မာဘက်မှာ ပိုများလာတာတွေ့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတခုပဲ လူကုန်ကူးခံရတာမဟုတ်ဘဲ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တခြား ဥရောပတိုက်က လူတွေကအစ လူကုန်ကူးခံရတာတွေတွေ့တယ်။ ထိုင်းလူမျိုးတွေ အများစုကလည်း လောင်းကစားဝိုင်းတွေမှာ လုပ်တာကို တော်တော်များများ တွေ့ရတယ်။ ဒါတွေကို တားဆီးနိုင်ဖို့က အရပ်ဘက်အဖွဲ့တွေနဲ့တော့ သိပ်အဆင်မပြေဘူး၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့မှ ပိုပြီးတော့ အဆင်ပြေတာကို တွေ့ရတယ်ပေါ့။"

ကမ္ဘောဒီယား ကျားဖြန် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လူပေါင်း ၁၀၀,၀၀၀ လောက်ကို လူကုန်ကူးခဲ့တယ်လို့ ၂၀၂၃ ကုလသမဂ္ဂအစီရင်ခံစာတခုက ဖော်ပြပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ တရုတ်နိုင်ငံသား ၁၂၀,၀၀၀ လောက် လူကုန်ကူးခံရတယ်လို့ ဒီအစီရင်ခံစာက ပြောပါတယ်။ အဲဒီနောက် ၂၀၂၃ နိုဝင်ဘာလောက်မှာ မြန်မာကလည်း တရုတ်အစိုးကဆီကို ကျားဖြန်လုပ်နေတဲ့ ရာဇဝတ်သား ထောင်နဲ့ချီပြီး လွှဲပြောင်းပေးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေက ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ နေရာအနှံ့ကို ဖြန့်ပြီး ထွက်ပြေးသွားတဲ့ ရာဇဝတ်သားတွေ အများအပြားရှိနေပါတယ်။ တချို့ကတော့ ရန်ကုန်၊ မန္တလေးနဲ့ တာချီလိတ်လို နေရာမျိုးမှာ ဆက်ပြီး လုပ်ကိုင်နေတာပါ။ လက်နက်ကိုင်အဖွဲ့မျိုးစုံရှိနေတဲ့ ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာတော့ တရုတ်နိုင်ငံသားပိုင်တဲ့ ဒီလုပ်ငန်းတွေက အခုအထိရှိနေကြောင်း မြဝတီ၊ ရွှေကုက္ကိုလ်မြို့ ကျားဖြန့်အလုပ်တခုက ထွက်လာတဲ့ လူငယ်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ရှိနေတာ၊ မြဝတီမြို့ပေါ်မှာတင် လုပ်နေတာ။ ကျနော့ကိုခေါ်တဲ့ ကျနော့သူငယ်ချင်း အခုအချိန်အထိ အလုပ်ခေါ်စာတွေ တင်နေတုန်း။ သူတို့သည် ရွှေကုက္ကိုလ်မှာ အခုအချိန်အထိ အများကြီးပဲ။ ကျားဖြန်ကို ကျနော်ရွှေကုက္ကိုလ်ကို မသွားခင်တုန်းက ကျနော့ကို လာအိုမှာတခု၊ ကမ္ဘောဒီးယားမှာတခု ကျနော့ကို လာခေါ်ဖူးတယ်။ ရွှေကုက္ကိုလ်ကနေပြီးတော့လည်း သူတို့ ဒီဘက်မှာ နေရာအဆင်မပြေလို့ ထင်ပါတယ်၊ အဲဒါကြောင့်လားမသိ ဟိုဘက် ဖိလစ်ပိုင်တို့ လာအိုတို့ အဲလိုမျိုး ရွှေ့သွားတဲ့သူတွေလည်း ရှိတယ်။"

၂၀၂၁ ခုနှစ်ကစပြီး အာရှက နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး လူပေါင်း ၃,၄၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။ ဒီဖမ်းဆီးမှုကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၀လောက် သိမ်းဆည်း ရမိထားကြောင်းလည်း ပြောပါတယ်။

နိုင်ငံတကာကို ဖြန့်ကျက်ထားတဲ့ ဒီလို ရာဇဝတ်ဂိုဏ်းတခုရဲ့ တနှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ရှိနေပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် သူတို့ရဲ့ဝင်ငွေဟာ ၂ထရီလီယံကနေ ၃ထရီလီယံအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံရဲ့ တနှစ်တာ စီးပွားရေးပမာဏလောက် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG