Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓမ္မသကျေးရွာ ထပ်မံတိုက်ခိုက်ခံရ ဒေသခံတဦးသေဆုံး


စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/မတ်လ ၂၇၊၂၀၂၄)
စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/မတ်လ ၂၇၊၂၀၂၄)

မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် မွန်-ကရင်နယ်စပ်က ဓမ္မသကျေးရွာမှာ နေအိမ် ၃၀၀ လောက် မီးလောင်ပြာကျခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာလည်း ထပ်မံ ပစ်ခတ်တိုက်ခိုက်လာကြောင့် နေအိမ်တွေ ထပ်ပြီးမီးလောင်ကျွမ်းခဲ့ရပါတယ်။လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတဦးသေဆုံးပြီး တဦးအပြင်းအထန် ဒဏ်ရာရရှိတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းသတင်းပေးပို့ထားတကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့က နေအိမ် ၃၀၀ လောက် မီးလောင်ပြာကျခဲ့တဲ့ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ မတ်လ ၂၈ ရက်နေ့မှာလည်း စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်လာတာကြောင့် ညနေ ၅ နာရီလောက်မှာ နေအိမ်တွေ ထပ်မံမီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတာကြောင့် ဘယ်သူမှ မီး မငြှိမ်းသတ်နိုင်ဘဲ တရွာလုံး ပြာကျသွားနိုင်တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“သင်္ဘောကနေ ရွာထဲကို ပစ်ခတ်လာနေတယ်။ သူတို့ ပစ်ခတ်လို့ အိမ် ၂လုံးလောင်တာ၊ ဒီနေ့လောင်တဲ့အချိန်က မီးငြှိမ်းသတ်နိုင်တယ်။ ငြှိမ်းသတ်ပြီးမှ နောက်တခါ ထပ်ပစ်လာတယ်။ ခုနက ထပ်ပစ်လာလို့ မီးထတောက် ထပ်လောင်တယ်။ အခုမီးလောင်နေတုန်းပဲ။ ဘယ်သူမှ မီးဝင်မငြှိမ်းသတ်ရဲဘူး။ သူတို့တောက်လျှောက်ပစ်ခတ်နေတော့ ဘယ်သူမှ မီးဝင်မငြှိမ်းရဲဘူးလေ။ တကယ်လို့ သူတို့ထပ်ပစ်ခတ်လာရင် မီးလည်းငြှိမ်းသတ်လို့မရဘူးဆိုတော့ တရွာလုံး ပြာကျသွားနိုင်တယ်။ ရွာခံတွေကတော့ ရှောင်တဲ့လူက ရှောင်တယ်၊ တချို့က ရွာမှာကျန်ရှိနေသေးတယ်။ ဒါပေမယ့် မီငြှိမ်းသတ်ဖို့က ငြှိမ်းသတ်လို့မရဘူးလေ။ အနီးအနားရွာမှာလည်း လက်နက်ကြီးကျတာ ရှိတယ်။ ကော့သတ်ရွာတွေ၊ အံကမင်ရွာတွေမှာလည်း လက်နက်ကြီးကျည်ကျတယ်။” ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဓမ္မသရွာ စစ်ဘေးရှောင် တဦးသေဆုံးပြီး တဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ထပ် မျက်မြင်တွေ့ရှိတဲ့ ရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“တိမ်းရှောင်နေတဲ့သူက ဒဏ်ရာတယောက်ရတယ်။ လက်ဒဏ်ရာက ၁၀ ချက်လောက် ချုပ်လိုက်ရတယ်။ လည်ပင်းမှာရော၊ ဗိုက်မှာရော ရှသွားတယ်၊ ဗိုက်ဒဏ်ရာက ပိုနာကျင်နေတာတဲ့။ မနက်က ခြေထောက် ပြတ်ရှဒဏ်ရာထိထားတဲ့ တယောက် ဆေးရုံရောက်ပြီး သေသွားတယ်။ အဲ့သေတဲ့တယောက် ခြံမှာနေတဲ့ ဗမာအလုပ်သမားတွေပေါ့။” ဆိုပြီး မွန်ဘာသာနဲ့ ပြောဆိုသွားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ဘိန်းရဲစခန်းကို လက်လွှတ်ဆုံးရှုံးခံရပြီးတဲ့နောက် အနီးဝန်းကျင်ကို နေ့စဉ်ဆိုသလို စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အပြင် လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာလို့ ရွာခံတွေက ပြောပါတယ်။

“အိမ်တွေ ဘာပစ္စည်းမှ မကောက်နိုင်ဘူး။ အကုန် မီးလောင် ပြာကျကုန်တာ။ ဘယ်လိုပြောရမလဲ။ ခံစားချက်မကောင်းဘူးလေ၊ တရွာလုံးအဲ့လို ဖြစ်နေတယ်ဆိုတော့ ရင်ထဲ မကောင်းဘူး။ အခု နည်းနည်းကျန်နေတဲ့ အိမ်တွေ ထပ်ပျက်စီးအုံးမယ်ထင်တယ်။ သူတို့က အဲ့လို အကောင်းအတိုင်းမပေးနေဘူး၊ မြန်မာစစ်သားတွေက အဲ့လိုပြောထားတယ်။ ပြီးတော့ လမ်းတွေ သွားလာလို့လည်း မရဘူး၊ အကုန်လုံးပိတ်ထားတယ်။ ရွာသားတွေ အရမ်းဒုက္ခရောက်နေကြတယ်။” ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ကော့ဘိန်းကျေးရွာတဝိုက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ လှုပ်ရှားနေပြီး တရနာကျေးရွာတဝိုက်မှာတော့ စစ်ကောင်စီတပ်တွ တပ်စွဲနေရာယူထားပြီး နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။

ဓမ္မသကျေးရွာတိုက်ခိုက်ခံရပြီးတဲ့နောက် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပေမဲ့ ရွာထဲပိတ်မိနေသူ ရာနဲ့ချီ ရှိနေပါတယ်။ စစ်ကောင်စီဘက်က လမ်းကြောင်းတွေ ပိတ်ဆို့ကန့်သတ်ထားတာကြောင့် ဖြတ်သန်းသွားလာဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဓမ္မသရွာတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

မဟာမိတ်ပူးပေါင်းတပ်တွေ ကော့ဘိန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်း၊ ကော့ပနော၊ အံဂစင် နဲ့ အနီးအနားကျေးရွာတွေကို နေ့စဉ်ပဲ လေကြောင်း၊ ရေကြောင်းတွေသုံးပြီး ပစ်ခတ်နေတာကြောင့် ဘာသာရေးအဆောက်အအုံးနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးပြီး အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ် (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG