Svoboda | Graniru | BBC Russia | Golosameriki | Facebook

အကျဉ်းရုံးပြီး တပ်မတော်နေ့ အခမ်းအနားကျင်းပ

စစ်ကောင်စီတပ်ဟာ ၇၉ နှစ်မြောက် တပ်မတော်နေ့မှာ အရင်နှစ်တွေကထက် စစ်ရေးပြအင်အားနဲ့ လက်နက်အင်အား ‌‌တောင့်တင်းမှုအခြေအနေကို လျှော့ချ ကျင်းပသွားတဲ့သတင်းအပါအဝင် မတ်လ ၂၇ ရက် မြန်မာနဲ့ကမ္ဘာက ထိပ်တန်းရောက်သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်ကောင်စီက ၇၉ နှစ်မြောက် တပ်မတော်နေ့ကို နေပြည်တော်မှာ ဒီနေ့ ညနေပိုင်း အကျဉ်းရုံးကျင်းပခဲ့ပြီး စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအင်အားအထိုက်အလျောက် မြင့်တက်လာမယ်လို့ စစ်ခေါင်းဆောင်က သူ့မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်
  • မြဝတီ-ကော့ကရိတ်အစပ်က ထီးကပလယ်စခန်းကို ကရင်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေပါတတယ်
  • ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်အသိအမှတ် ခွင့်ပြုတဲ့ဥပဒေမူကြမ်းကို ထိုင်းအောက်လွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်
  • မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကော့ဘိန်းရွာအနီးမှာ မွန်နဲ့ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီနေ့မှာ တိုက်ပွဲပြင်းထန်နေပါတယ်
  • နဘူး၊ ပိုင်ကျုံနဲ့ သာမညကို ထိုင်းအစိုးရရဲ့လူသားချင်းစာနာထောက်ထားမှုအကူညီတွေ ရောက်ပြီ
  • ရိုဟင်ဂျာ နိုင်ငံရေးအတိုင်ပင်ခံအင်အားစုတစ်ရပ် ပေါ်ပေါက်ရေး ယာယီ ဦးဆောင်လှုပ်ရှားမှုအဖွဲ့ပေါ်ပေါက်လာ
  • စစ်တပ်လက်အောက် ပြည်သူတွေ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေ ရင်ဆိုင်ခံစားနေရတယ်လို့ ဗြိတိန်ဝန်ကြီးပြော
  • မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်၊ ဘူးသီးတောင်မြို့နယ်ထဲက စစ်တပ်စခန်းကို အေအေက သိမ်းထားပြီး နယ်ခြားစောင့်တပ်စခန်းတွေကိုလည်း ထိုးစစ်အရှိန်မြှင့်နေ
  • ဆယ်စုနှစ်တစ်ခုအတွင်း ‌နေရပ်စွန့်ခွာရွှေ့ပြောင်းရင်းသေဆုံးရသူထဲ မြန်မာက ဒုတိယအများဆုံးဖြစ်နေ
  • လေ့ကျင့်ရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ် ရဟတ်ယာဥ် တစ်စီး မိတ္တီလာမြို့နယ်ထဲမှာ ပျက်ကျ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၂၇ ရက်အတွက် ဘီဘီစီမြန်မာပိုင်းရဲ့တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ

    အခုရက်ပိုင်းအတွင်းမြင်တွေ့ရတဲ့ ဆီဆိုင်မြို့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, PNLA

    ဓာတ်ပုံ ပုံစာ, အခုရက်ပိုင်းအတွင်းမြင်တွေ့ရတဲ့ ဆီဆိုင်မြို့ အခြေအနေ

    တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် တင့်ကားပါအသုံးပြု တိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

    ရက်ပေါင်း ၆၀ ကျော်လာတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေအတွင်း အရပ်သား ၂ ဦး နေ့စဥ် ထိခိုက်သေဆုံးမှု အခြေအနေအပါအဝင် ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးက အခြေအနေတွေအကြောင်း ဆောင်းပါးကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  3. အကျဉ်းရုံးပြီး တပ်မတော်နေ့ အခမ်းအနားကျင်းပ, စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအင်အားအထိုက်အလျောက် မြင့်တက်လာမယ်လို့ စစ်ခေါင်းဆောင်ပြော

    စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးအင်အားအထိုက်အလျောက် မြင့်တက်လာမယ်လို့ စစ်ခေါင်းဆောင်ပြော

    ဓာတ်ပုံ ရင်းမြစ်, Screengrab

    ဒီကနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ညနေ ၅ နာရီခွဲကစလို့ ကျင်းပနေပါတယ်။

    ဒီနေ့ စစ်ရေးပြပွဲမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်ဖော်ပြသတာမရှိသလို စစ်ရေးပြ စစ်သည်အင်အားလည်း မနှစ်ကနဲ့ ယှဉ်ရင် တစ်ထောင်ကျော်လျော့နည်းလာပါတယ်။

    စစ်ရေးပြအင်အား ၇,၀၀၀ ‌ကျော်နဲ့အကျဉ်းရုံးကျင်းပနေတဲ့ ဒီအခမ်းအနားမှာ အမျိုးသမီးစစ်သည် အင်အားအများအပြားအသုံးပြုထားတာကိုလည်း တွေ့မြင်ရပါတယ်။

    စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ် ဥပဒေတို့ကြောင့် ကာကွယ်ရေးအင်အားအထိုက်အလျောက် မြင့်တက်လာမှာဖြစ်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တဆင့်ပြီးတဆင့် ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, screen grab

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည် ဖော်ဖို့၊ ဒေသကာကွယ်ရေးအတွက် ဒီဥပဒေတွေပြဋ္ဌာန်းတာလို့လည်း မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။

    ဒါအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ (EAO)တွေကလည်း လူသစ်စုဆောင်းမှုတွေ၊ အရှိန်မြှင့်နေတယ်လို့ပြောခဲ့ပြီး ဒီအဖွဲ့တွေဟာ ဘိန်း၊ မူးယစ်ဆေးတွေကို ရောင်းချ၊ သံယံဇာတတွေကို ခိုးထုတ်‌ရောင်းချနေတဲ့အန္တရာယ်ကြီးအဖွဲ့တွေလို့လည်း သုံးနှုန်းသွားခဲ့တာပါ။

    စစ်အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက်ကျင်းပတဲ့ အခုတပ်မတော်နေ့ မိန့်ခွန်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေကို နေရပ်ဒေသအသီးသီးကို ပြန်လွှတ်ပေးခဲ့ရာကနေ CRPH၊ NUG နဲ့ PDF ပေါ်ပေါက်လာခဲ့တဲ့အကြောင်း စစ်ခေါင်းဆောင်က ပထမဆုံးအကြိမ် အကျယ်ချဲ့ ပြောခဲ့ပါသေးတယ်။

  4. ဘော်လ်တီမိုး Key တံတားကို ဝင်တိုက်တဲ့သင်္ဘောကြီးပေါ်က မှတ်တမ်းတင်စက်ကို ဆောင်ယူနိုင်ပြီ

    ဘော်လ်တီမိုး Key တံတားကို ဝင်တိုက်တဲ့သင်္ဘောကြီးပေါ်က မှတ်တမ်းတင်စက်ကို ဆောင်ယူနိုင်ပြီ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    အမေရိကန်ပြည်ထောင်စု၊ ဘော်လ်တီမိုးမြို့မှာ တံတားတစ်စင်းကို ဝင်တိုက်မှုဖြစ်ခဲ့တဲ့ ကွန်တိန်နာတင် သင်္ဘောကြီးပေါ်ကို စုံစမ်းစစ်ဆေးတဲ့အရာရှိတွေ တက်ရောက်နိုင်ခဲ့ပြီး သင်္ဘောခုတ်မောင်းမှုအချက်အလက်မှတ်တမ်းတင်စက်ကိုလည်း တွေ့ရှိပြီဖြစ်ပါတယ်။

    စင်္ကာပူနိုင်ငံအလံလွှင့်ထားတဲ့ ဒါလီကွန်တိန်နာသင်္ဘောကြီး ဘော်လ်တီမိုးမြို့က ဖရန့်ဆစ် စကော့ ကီး တံတားကို ဝင်တိုက်မိချိန် တံတားပြိုကျမှုကြောင့် လူခြောက်ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။

    ပျောက်ဆုံးနေသူတစ်ယောက်ရှိပြီး သူဟာ တံတားပြိုကျမှုဖြစ်ချိန်မှာ တံတားပေါ်မှာအလုပ်လုပ်နေတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။

    သင်္ဘောဟာ တံတားရေလယ်တိုင်အုတ်ကို ဝင်တိုက်မှုမဖြစ်ခင် ဓာတ်အားပြတ်တောက်ပြီး အရေးပေါ် အကူအညီတောင်းခံတာရှိခဲ့ပေမဲ့ မြန်မြန်ခုတ်မောင်းနေခဲ့ချိန်ဖြစ်တာကြောင့် ပဲ့မထိန်းနိုင်ဖြစ်ခဲ့တာပါ။

    သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်အစိုးရဟာ တံတားပြန်လည်တည်ဆောက်တဲ့ကုန်ကျစရိတ်အားလုံးကို အစိုးရက စိုက်ထုတ်သုံးစွဲသွားမယ်လို့ ပြောထားပါတယ်။

  5. ကချင်က စစ်တပ်စခန်း ၄ ခုကို KIA နဲ့ PDF သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို  ဒီနေ့ မတ် ၂၇ ရက် တစ်ရက်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ KIA/PDF သိမ်းထားတဲ့ တပ်စခန်း ၄ ခုကတော့ ရှန်တိုင်းဘွမ်၊ ဘန်ယောင်း၊ ဖလမ်းဘွမ်နဲ့ ‌ယော်ယုံဘွမ်တပ်စခန်းတွေလို့ သိရပါတယ်။ တစ်ဖက်မှာလည်း မိုးမောက်မြို့နဲ့ မိုင်ဂျာယန်ကြားက စိန်လုံတောင်ဗျူဟာကုန်းနဲ့ လွယ်ဂျယ်က တပ်စခန်းတွေကိုလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ မနေ့ မတ် ၂၆ ရက်မှာလည်း မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ် ၂ ခုကို KIA/PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ မတ် ၇ ရက်ကစတင်ခဲ့တဲ့ ကချင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ထက်မနည်းကို KIA/PDF တပ်ဖွဲ့တွေဘက်က သိမ်းထားနိုင်တယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ ကချင်ပြည်နယ်ကတိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သိမ်းခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုထဲက တစ်ခု

    ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ဒီနေ့ တစ်ရက်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    KIA/PDF သိမ်းထားတဲ့ တပ်စခန်း ၄ ခုကတော့ ရှန်တိုင်းဘွမ်၊ ဘန်ယောင်း၊ ဖလမ်းဘွမ်နဲ့ ‌ယော်ယုံဘွမ်တပ်စခန်းတွေလို့ သိရပါတယ်။

    တစ်ဖက်မှာလည်း မိုးမောက်မြို့နဲ့ မိုင်ဂျာယန်ကြားက စိန်လုံတောင်ဗျူဟာကုန်းနဲ့ လွယ်ဂျယ်က တပ်စခန်းတွေကိုလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

    မနေ့ မတ် ၂၆ ရက်မှာလည်း မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ် ၂ ခုကို KIA/PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

    မတ် ၇ ရက်ကစတင်ခဲ့တဲ့ ကချင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ထက်မနည်းကို KIA/PDF တပ်ဖွဲ့တွေဘက်က သိမ်းထားနိုင်တယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီကတော့ ကချင်ပြည်နယ်ကတိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  6. မြဝတီ-ကော့ကရိတ်အစပ်က ထီးကပလယ်စခန်းကို ကရင်ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

    KTLA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Kaw Thoo Lei Army

    ဓာတ်ပုံ ပုံစာ, KTLA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

    ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်မြို့အစပ်မှာရှိတဲ့ ဝေါလေဒေသအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ထီးကပလယ်တပ်စခန်းကို ကော်သူးလေတပ်မတော်(KTLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ KTLA ပြန်ကြားရေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာ ၁၀ ရက်ကျော်ကြာမြင့်နေပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    တိုက်ပွဲအတွင်း စခန်းမကျရေးအတွက် စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတဝိုက်ကို ပစ်ခတ်နေတယ်လို့ သိရပါတယ်။

    ဒါအပြင် လေကြောင်းကနေလည်း ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကရင်ပြည်နယ်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  7. လိင်တူလက်ထပ်ခွင့်ဥပဒေမူကြမ်းကို ထိုင်းအောက်လွှတ်တော် အတည်ပြု

    လိင်တူလက်ထပ်ခွင့်ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ မဲပေးပြီးနောက် ဆယ်ဖီဓာတ်ပုံရိုက်နေကြတဲ့ Move Forward ပါတီလွှတ်တော်အမတ်တွေ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, လိင်တူလက်ထပ်ခွင့်ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ မဲပေးပြီးနောက် ဆယ်ဖီဓာတ်ပုံရိုက်နေကြတဲ့ Move Forward ပါတီလွှတ်တော်အမတ်တွေ

    ထိုင်းနိုင်ငံမှာတော့ လိင်တူလက်ထပ်ခွင့်ကို တရားဝင်အသိအမှတ် ခွင့်ပြုတဲ့ဥပဒေမူကြမ်းကို ထိုင်အောက်လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီဥပဒေမူကြမ်း အတည်ဖြစ်လာဖို့ အထက်လွှတ်တော်နဲ့ တော်ဝင်ထောက်ခံချက်လိုအပ်နေပါသေးတယ်။

    အဲဒီလိုမဲပေးအတည်ပြုတာဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာနိုင်ခြေရှိပြီး အဲဒီအခါ ထိုင်းဟာ လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုတဲ့ အရှေ့တောင်အာရှမှာ တစ်ဦးတည်းသောနိုင်ငံဖြစ်လာနိုင်ပါတယ်။

    အောက်လွှတ်တော်အမတ် ၄၁၅ ဦးရှိတဲ့အထဲက အမတ် ၄၀၀ ကျော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေမူကြမ်းအသစ်ဟာ အမျိုးသားနဲ့ အမျိုးသမီး လက်ဆက် ထိမ်းမြားမှုအစား လူနှစ်ဦး လက်ဆက်မှုအဖြစ် ပြဋ္ဌာန်းသတ်မှတ်မှာဖြစ်ပါတယ်။

    ဒါ့အပြင် LGBTQ+ စုံတွဲတွေအနေနဲ့ အမျိုးသားနဲ့အမျိုးသမီး အကြင်လင်မယားလိုပဲ အခွန်သက်သာခွင့်၊ အမွေဆက်ခံခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူတဲ့အခါ တစ်ဦးအတွက် တစ်ဦးက သဘောတူလက်ခံပေးခွင့်တွေလည်း ရရှိမှာဖြစ်ပါတယ်။

    ''ဒါဟာ တန်းတူညီမျှမှုရဲ့ ကနဦးအစ ဖြစ်ပါတယ်။ ဒါဟာ ပြဿနာအတိုင်းအတွက် စံထားဖြေရှင်းနိုင်မယ့် ကုသနည်းမဟုတ်ပေမဲ့ တန်းတူညီမျှမှုကိုဦးတည်တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်'' လို့ အောက်လွှတ်တော်အမတ်လည်းဖြစ်၊ တန်းတူညီမျှလက်ထပ်ခွင့်ဆိုင်ရာအောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဓနုပွန်း ပန်နာကန်တာက ပြောပါတယ်။

  8. ကော့ဘိန်းရွာအနီးမှာ တိုက်ပွဲပြင်းထန်

    မတ် ၂၅ ရက်က PDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းသိမ်းပိုက်ထားတဲ့ ကော့ဘိန်းရဲစခန်း

    ဓာတ်ပုံ ရင်းမြစ်, Albino Tiger Column

    ဓာတ်ပုံ ပုံစာ, မတ် ၂၅ ရက်က PDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းသိမ်းပိုက်ထားတဲ့ ကော့ဘိန်းရဲစခန်း

    မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကော့ဘိန်းရွာအနီးမှာ မွန်နဲ့ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီနေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသံတွေက ဘီဘီစီကို ပြောပါတယ်။

    ကော့ဘိန်းရွာကနေ ၅ မိုင်ဝန်းကျင်လောက်သာဝေးတဲ့ ဂျိုင်းမြစ်အနီး၊ သံကလောင်ရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာလို့သိရပါတယ်။

    မြစ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကနေ တိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

    PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ ကော့ဘိန်းရဲစခန်းကို မတ် ၂၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်လည်း လက်နက်ချခဲ့ပါတယ်။

    အဲဒီတိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်က မတ် ၂၆ ရက်မှာ ကော့ဘိန်းအနီးက နောင်ခေတ်ရွာဘက်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

    ကော့ဘိန်းရွာအပါအဝင် အနီးနားရွာတွေက ‌ဒေသခံတော်တော်များများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်အိမ်မှာ အိမ်စောင့်တစ်ယောက်လောက်ပဲ ကျန်ခဲ့တဲ့အခြေအနေလို့ ရွာခံက ဆိုပါတယ်။

    လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက ကော့ဘိန်းတစ်ဖက်ကမ်း၊ ဂျိုင်းမြစ်ခြားထားတဲ့ ဇာသပြင်ရွာဘက်မှာ တပ်စွဲထားတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးအခြေအနေသိရှိသူက ပြောပြပါတယ်။

    စစ်ကောင်စီကတော့ ကော့ဘိန်းရွာက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အခုအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  9. မြန်မာတပ်ချုပ်နှစ်ဦး နှစ်‌ပေါင်း ၃၀ ကျော်ကြာ အာဏာထူထောင်မှု

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဝဲ) နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ယာ)
    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ဝဲ) နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ယာ)

    မြန်မာစစ်တပ်မှာ လွန်ခဲ့တဲ့ ၃၁ နှစ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးက တစ်ကြိမ်သာ အပြောင်းအလဲ ဖြစ်ဖူးပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သူ့ကိုဆက်ခံတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှစ်ဦးကပဲ စစ်တပ်ခေါင်းဆောင်နေရာကို အဲဒီကာလတွေမှာ ရယူထားခဲ့ကြတာ ဖြစ်ပါတယ်။

    စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်တဲ့ကာလ ၅၇ နှစ်အထိ ရှိခဲ့တဲ့ မြန်မာပြည်မှာ နောက်ဆုံး စစ်ခေါင်းဆောင်နှစ်ဦးရဲ့ အာဏာသက်ရှည်အောင် ကြိုးစားကြပုံ အကြောင်းကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

  10. လွှတ်‌တော်သံခင်းတမန်ခင်းကို ကျင့်သုံးပြီး မြန်မာ့အရေးအကူညီပေးဖို့ CRPH က IPU မှာတောင်းဆို

    IPU ဆွေးနွေးပွဲကို CRPH ကိုယ်စားပြုပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, CRPH

    ဓာတ်ပုံ ပုံစာ, IPU ဆွေးနွေးပွဲကို CRPH ကိုယ်စားပြုပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တက်ရောက်

    လွှတ်တော် သံခင်းတမန်ခင်းကို အသုံးပြုပြီး မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က နိုင်ငံတကာလွှတ်တော်များညီလာခံ(IPU) မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပတဲ့ အဲဒီညီလာခံကို CRPH ကိုယ်စားလှယ်အဖွဲ့တက်ရောက်ချိန် အဖွဲ့ကို ဦးဆောင်သွားတဲ့ ဒေါက်တာဝင်းမြတ်အေးက မတ်လ ၂၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်တာပါ။

    ကမ္ဘာမှာ ပဋိပက္ခဒဏ်ခံစားနေရတဲ့နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်းပါဝင်နေပြီး လက်ရှိမှာ အာဏာသိမ်းထားတဲ့စစ်တပ်က လူထုအပေါ် တိုက်ခိုက်ဖိနှိပ်မှုတွေကြောင့် ကလေးသူငယ် ၆ သန်းအပါအဝင် မြန်မာ့လူဦးရေ ၁၉ သန်းကျော် စာနာမှု အကူအညီလိုအပ်နေတာ၊ ပြည်ပခြိမ်းခြောက်မှုမရှိဘဲ စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တာကြောင့် နေရပ်စွန့်ခွာမှု တိုးလာနိုင်ခြေတို့ကို သူက IPU မှာဆွေးနွေးပြီး မြန်မာပြည်ငြိမ်းချမ်း‌ရေး၊ ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာလွှတ်တော် တွေရဲ့ အကူအညီကို တောင်းခံတယ်လို့လည်း သူက ပြောသွားပါတယ်။

    CRPH ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း တီမော၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျာမနီနိုင်ငံတွေက လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း မြန်မာ့အရေး‌ဆွေး‌နွေးခဲ့တယ်လို့သိရပါတယ်။

  11. နဘူး၊ ပိုင်ကျုံနဲ့ သာမညကို ထိုင်းအစိုးရရဲ့လူသားချင်းစာနာထောက်ထားမှုအကူညီတွေရောက်ပြီ

    မတ်လ ၂၆ရက်နေ့က လူသားချင်းစာနာထောက်ထားမှုအကူညီပေးအပ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, MFA Thailand

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ရက်နေ့က လူသားချင်းစာနာထောက်ထားမှုအကူညီပေးအပ်ခဲ့

    ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကနေ ပို့လိုက်တဲ့ ထိုင်းအစိုးရရဲ့ လူသားချင်း စာနာထောက်ထားမှုအကူညီတွေ မြန်မာဘက်မှာ ဖြန့်ဝေပြီးပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

    မတ်လ ၂၆ ရက်နေ့မှာ ကော့ကရိတ်ခရိုင်ထဲက နဘူးမြို့၊ ဘားအံခရိုင်ထဲက ပိုင်ကျုံမြို့နဲ့ သာမညမြို့တို့မှာ စစ်ရှောင်နေသူတွေကို ဖြန့်ဝေပေးခဲ့တာပါ။

    လူ ၂၀,၀၀၀ စာအတွက် အကူညီတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)ကနေတဆင့် ကရင်ရပ်ရွာခေါင်းဆောင်တွေနဲ့ပူးပေါင်းဖြန့်ဝေပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

    ဒေသအစိုးရနဲ့ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရှေ့မှာဖြန့်ဝေပေးခဲ့တာလို့ဆိုပါတယ်။

    ဒီနယ်မြေ၃ခုမှာ လူသားချင်းစာနာထောက်ထားမှုအကူညီတွေဖြန့်ဝေနိုင်ဖို့ နဘူးမှာ ထိုင်းစစ်ဘက်အရာရှိတွေဆီကနေ လက်လွှဲယူခဲ့တယ်လို့ KNU က ဒီနေ့ မတ်လ ၂၆ ရက်နေ့လည်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    နဘူးကလွဲပြီး ပိုင်ကျုံနဲ့ သာမညတို့မှာ အကူညီတွေဖြန့်ဝေရာမှာ စစ်ကောင်စီနဲ့ MRCS က ပါဝင်လာပြီး စိန်ခေါ်မှုတွေကြားထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

    တစ်နိုင်ငံလုံးနီးပါးအကူညီတွေ အရေးပေါ်လိုအပ်နေချိန်မှာ သက်ဆိုင်သူတွေအကြား ဘက်ပေါင်းစုံက ညှိနှိုင်း တိုင်ပင်တာတွေလုပ်ပြီးမှသာ ရှေ့ဆက်ကူညီရေးကိုစဉ်းစားဖို့ KNU က အလှူရှင်နိုင်ငံတွေကို မေတ္တာရပ်ခံထားပါ တယ်။

    မြန်မာပြည်သူတွေအတွက် ထိုင်းအစိုးရရဲ့ ဒီနယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေး ရှေ့ပြေးစီမံချက် စတင်မယ်လို့ လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်မှာ စတင်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

  12. ရိုဟင်ဂျာ နိုင်ငံရေးအတိုင်ပင်ခံအင်အားစု ပေါ်ပေါက်ရေး ယာယီဦးဆောင်လှုပ်ရှားမှုအဖွဲ့ ပေါ်လာ

    ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ အုတ်ခဲနေပြနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ အုတ်ခဲနေပြနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ

    ရိုဟင်ဂျာတွေကို ကိုယ်စားပြုတဲ့ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ်ရှိလာဖို့ ရှေ့ပြေးအနေနဲ့ ယာယီ ဦးဆောင်လှုပ်ရှားမှုအဖွဲ့တစ်ရပ်‌ပေါ် ထွက်လာပါတယ်။

    ဒီအဖွဲ့ကို မတ်လ ၂၆ရက်နေ့မှ စတင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

    ဒီအဖွဲ့ကို ရိုဟင်ဂျာအ‌ရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်း ၈ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးတို့နဲ့ စတင်ဖွဲ့စည်းလိုက်တယ်လို့ အဲဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြိုင်က ဘီဘီစီကို ပြောပါတယ်။

    “နိုင်ငံ ဒေသအားလုံးက အလွှာအသီးသီးက ရိုဟင်ဂျာပြည်သူလူထုရဲ့ အသံအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အားကောင်းတဲ့ နိုင်ငံရေးအတိုင်ပင်ခံ အင်အားစုတစ်ရပ် ပေါ် ပေါက်လာအောင် လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

    ယာယီအဖွဲ့မှာလည်း နိုင်ငံရေးသမားတွေ၊ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေ၊အဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ရပ်ရွာခေါင်းဆောင်တွေနဲ့စုပေါင်းဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

    ကမ္ဘာမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ‌နေရပ်စွန့်ခွာကြရင်းဆုံးပါးကြသူတွေထဲမှာ မြန်မာက ရိုဟင်ဂျာတွေ ဒုတိယအများဆုံးလို့ IOM အဖွဲ့က ပြောထားပါတယ်။

    တဖက်မှာလည်း မြန်မာပြည်တွင်းက စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကြောင့် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရပါတယ်။

  13. စစ်တပ်လက်အောက် ပြည်သူတွေ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေ ရင်ဆိုင်ခံစားနေရ - ဗြိတိန်ဝန်ကြီး

    ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန်း မာရီ ထရီဗီယမ် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ယူကေနိုင်ငံ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန်း မရီး ထရီဗီယမ် (ပုံဟောင်း)

    မြန်မာစစ်တပ်လက်အောက်က ပြည်သူလူထုဟာ ‌ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေ ရင်ဆိုင်ခံစား‌နေ ရတယ်လို့ ဗြိတိန်ရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန် မရီး ထရီဗီယမ်က ကပြောလာပါတယ်။

    စစ်ကောင်စီရဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပမယ့် ဒီနေ့ မတ် ၂၇ ရက်မှာပဲ ဝန်ကြီးက အခုလို ပြောလာတာဖြစ်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လတစ်လတည်းမှာတင် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၂၀ သေဆုံးခဲ့တာကိုလည်း သူက ‌ထောက်ပြပြောဆိုပါတယ်။

    မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်သူ‌ပေါင်း ၁၈ သန်းကျော်က လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေလိုအပ်နေပြီး လူ ၃ ဦးမှာ ၁ ဦးနှုန်းအနေနဲ့ တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးဖို့ ဖိအားပေးခံနေရတယ်လို့ သူက ဆိုပါတယ်။

    စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာနဲ့ နှိပ်စက်ညှင်းပန်းသတ်ဖြတ်တာတွေအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာတွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် မြန်မာလူမျိုးစုတွေကြား စစ်ကောင်စီတပ်က နည်းဗျူဟာကျကျနဲ့ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ထည့်ပြောထားပါတယ်။

    ဒါအပြင် မြန်မာစစ်တပ်အင်အားပျက်ပြားစေဖို့နဲ့ ငွေကြေး၊ လက်နက်နဲ့ အထောက်အကူပစ္စည်းတွေ ရရှိနေတာကို လျှော့ချဖို့အတွက် ယူကေအစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ၁၈ ကြိမ် လုပ်ထားပြီးပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။

    ယူကေအစိုးရအနေနဲ့မြန်မာပြည်သူလုထုနဲ့ အတူရပ်တည်ပြီး စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ကမ္ဘာသိအောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတဆင့် အသိပေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သူကပြောပါတယ်။

    စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း တာဝန်ခံမှုရှိစေဖို့အတွက် ယူကေအစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်းအားထုတ်သွားမယ်လို့ ကြေညာထားပါတယ်။

  14. ရခိုင် ဘူးသီးတောင် စစ်တပ်စခန်းကို အေအေသိမ်း, နယ်ခြားစောင့်တပ်စခန်းတွေသိမ်းဖို့ အေအေ ထိုးစစ်အရှိန်မြှင့်နေ

    တမန်းသားစခန်းက လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ အေအေထုတ်ပြန်လာတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, တမန်းသားစခန်းက လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို့ အေအေထုတ်ပြန်လာတဲ့ပုံ

    ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၅) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၅၂) တပ်စခန်းကို တစ်လကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၅ ရက် နေ့လယ်ပိုင်းမှာ သိမ်းခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ဘက်က ထုတ်ပြန်လာပါတယ်။

    အဲဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    တစ်လကျော်ကြာတိုက်ယူခဲ့ရတဲ့ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ကူပေးခဲ့တာတွေကြောင့် နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ‌အေအေက ပြောပါတယ်။

    မတ် ၂၅ တစ်ရက်တည်းမှာပဲ မောင်တောမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ စစ်သားနဲ့ ရဲပူးပေါင်းထားတဲ့ တမန်းသား ရဲကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က အေအေဆီမှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ အေအေဘက်က ကြေညာထားပါတယ်။

    တမန်းသားရဲကင်းစခန်းကို သိမ်းနိုင်ဖို့ အေအေတပ်ဖွဲ့ဝင်တွေက စစ်တပ်စခန်းတဝိုက်ကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    တစ်ဖက်မှာလည်း အေအေက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ ကြိမ်‌ချောင်းရွာအခြေစိုက် နယ်ခြားစောင့် ဗျူဟာစစ်တပ်စခန်းကို တိုက်ခိုက်နေတာ ၁ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

    စခန်းရဲ့ တချို့တဝက်ကို ထိန်းချုပ်ထားနိုင်ပြီး ကြိမ်ချောင်းဗျူဟာစခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်တွေ အရှိန်မြှင့်တင်နေတယ်လို့ အေအေက ကြေညာထားပါတယ်။

    ကြိမ်ချောင်းရွာဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ထွက်ပေါက်တွေကို သွားဖို့အတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်လို့ မြေပြင်အခြေအနေသိတဲ့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကြိမ်ချောင်းဗျူဟာစခန်းဟာ မောင်တောမြို့၊ မြောက်ပိုင်းက ကျီးကန်းပြင် နယ်ခြားစောင့်တပ်ဌာနချုပ်ပြီးရင် ဒုတိယအကြီးဆုံး စစ်ကောင်စီတပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက ၁၀ မြို့နယ်ထဲမှာ မြို့တော်စစ်တွေအပါအဝင် ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်ပြီး မြောက်ပိုင်းမှာ ကျန်ရှိနေတဲ့ အဲဒီ ၃ မြို့စလုံးကို သိမ်းပိုက်နိုင်ဖို့ အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ရခိုင်ဘက်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  15. ဆယ်စုနှစ်တစ်ခုအတွင်း ‌နေရပ်စွန့်ခွာရွှေ့ပြောင်းရင်းသေဆုံးရသူထဲ မြန်မာကဒုတိယအများဆုံးဖြစ်နေ

    ၂၀၂၀ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံဘက်ကို ‌ရောက်သွားခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာလှေတစ်စီး

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံဘက်ကို ‌ရောက်သွားခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာလှေတစ်စီး

    ၂၀၁၄ခုနှစ်ကနေ ၂၀၂၃ခုနှစ်အတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းကြရင်း သေဆုံးသူ ၆၃,၀၀၀ ကျော်ရှိပြီး ဒီထဲမှာ မြန်မာနိုင်ငံကရွှေ့ပြောင်း ၂,၂၀၂ ယောက် ပါဝင်နေပါတယ်။

    ဒီအချက်လက်တွေကို မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအရေးဆောင်ရွက်တဲ့ IOM အဖွဲ့ရဲ့ ရွှေ့ပြောင်းနေထိုင်ရင်း ပျောက်ဆုံးရသူများဆိုင်ရာ အစီရင်ခံစာကနေ ရယူထားတာ ဖြစ်ပါတယ်။

    ဒီအရေအတွက်ဟာ ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယအများဆုံးဖြစ်နေတာပါ။

    မြန်မာနိုင်ငံက နေရပ်စွန့်ခွာရွှေ့ပြောင်းရင်း သေဆုံးရသူအများစုဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့လည်း IOM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    သေဆုံးရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံထဲက ထွက်ခွာဖို့ကြိုးစားစဉ် လမ်းခရီးမှာ ရေနစ်သေဆုံးကြရတာဖြစ်ပါတယ်။

    ဒီကိစ္စရပ်အပေါ်မှာ နိုင်ငံရေးအရသဘောတူညီမှုတွေ မီဒီယာအာရုံ‌စိုက်မှုတွေရခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းတာ နေရပ်စွန့်ခွာရင်ပျောက်ဆုံး/သေဆုံးရသူအများဆုံးနှစ် ဖြစ်ခဲ့ပြီး မြန်မာက ၄၄၃ ယောက် သေဆုံးခဲ့ပါတယ်။

  16. လေ့ကျင့်နေတဲ့စစ်တပ် ရဟတ်ယာဥ်ငယ် ပျက်ကျ

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ပွင့်ဖြူမြို့နယ်ထဲ ပျက်ကျခဲ့တဲ့စစ်ကောင်စီတပ် တိုက်လေယာဥ် အပျက်အစီးတွေ

    ဓာတ်ပုံ ရင်းမြစ်, မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ပွင့်ဖြူမြို့နယ်ထဲ ပျက်ကျခဲ့တဲ့စစ်ကောင်စီတပ် တိုက်လေယာဥ် အပျက်အစီးတွေ

    မန္တလေးတိုင်း၊ မိတ္တီလာမြို့မှာ မြန်မာစစ်တပ်က ရဟတ်ယာဥ်ငယ် တစ်စီး မနေ့က ပျက်ကျမှုဖြစ်ခဲ့ပါတယ်။

    အဲဒီရဟတ်ယာဥ် ပြည်သာယာရပ်ကွက်အနီးမှာ မနေ့ညနေပိုင်းတုန်းက စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ရဟတ်ယာဥ် ပျက်ကျတယ်လို့ မပြောဘဲ အရေးပေါ် ဆင်းသက်ခဲ့ရတာကြောင့် မတော်တဆ ပျက်စီးမှုရှိခဲ့တယ်ဆိုပြီး ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီရဟတ်ယာဥ်မှာပါလာတဲ့ ရဟတ်ယာဥ်မှူးနဲ့ သင်တန်းသားတစ်ဦးတို့တော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။

    စစ်ကောင်စီဟာ ၇၉ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဒီနေ့ ညနေပိုင်းမှာ နေပြည်တော်မှာ ကျင်းပဖို့ရှိပါတယ်။

    အဲဒီစစ်ရေးပြပွဲမှာ ခါတိုင်းနှစ်တွေလို ရဟတ်ယာဥ် လေယာဥ်တွေသုံး စစ်ရေးပြတာထက်ညဘက် စွမ်းရည်ပြ အလေးပြု ပျံသန်းမှုတွေပါဝင်လာမယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောထားပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ်တစ်စီးဟာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲမှာ ပျက်ကျမှုဖြစ်ခဲ့ပါတယ်။

  17. မတ်လ ၂၇ ရက် ဘီဘီစီမြန်မာပိုင်းရဲ့ နောက်ဆုံးရသတင်းတွေ တိုက်ရိုက်တင်ဆက်မှုကနေ ကြိုဆိုပါတယ်။